Breaking News

ဒေါက်တာသိန်းလွင် - ရွာသာအေးမှသည် ဧရာ၀တီနိုင်ငံတော်ဆီ

 teacher at a refugee school on the Thai-Burma border in 2000.

ဒေါက်တာသိန်းလွင် - ရွာသာအေးမှသည် ဧရာ၀တီနိုင်ငံတော်ဆီ

မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရေးသောစာ (၂)
(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၀

(ယခင်အပါတ်မှ အဆက်)

ရွာသာအေးက ကျောင်းဆရာ

“နယ်မှာ ကျောင်းဆရာသွားလုပ်ချင်တယ်“ လို့သူငယ်ချင်းတွေကို ကျနော်ပြောပါတယ်။ တစ်ရက်၊ နှစ်ရက်ကြာတော့ ကိုဝေမင်းက အင်းစိန်ကမ်းနားမှာနေတဲ့ ကရင်လူမျိုးစောလှမောင်ဆီ ခေါ်သွားပါတယ်။ စောလှမောင်က ဒဿနိက မဟာတန်းတက်နေပါတယ်။ သူ့မိဘတွေက အင်းစိန်ကမ်းနားမှာ ငါးဒိုင်ရှိပါတယ်။ ငါးစည်တွေကြားမှာ စောလှမောင်ကို တွေ့ပါတယ်။

“ညောင်တုန်းနားကရွာမှာတော့ တွဲဖက်ဆရာလိုနေတယ်။ မင်းသွားချင်ရင် ပို့ပေးမယ်။”
“ဟုတ်ကဲ့၊ ကျနော်သွားမယ်”
“ကျောင်းလခကတော့ တစ်လ ၂၀၀ ပဲ ရမယ်”
“ရတယ်၊ နေလို့စားလို့ရရင် ဖြစ်တယ်”

တစ်ရက်၊ နှစ်ရက်ကြာတော့ စောလှမောင်က ညောင်တုန်းကို ခေါ်သွားပါတယ်။ သူက ညောင်တုန်းဇာတိဖြစ်ပါတယ်။ ညောင်တုန်းအထက်တန်းကျောင်းက ဆရာဦးတင်ဦးနဲ့ တွေ့ပေးပါတယ်။ ဦးတင်ဦးက ဝမ်းသာအာရပဲ ရွာသာအေးရွာကိုလိုက်ပို့ပါတယ်။ ဧရာဝတီမြစ်ထဲမှာ ညောင်တုန်းကနေ ပန်းတနော်သွားတဲ့ စက်လှေနဲ့ တစ်နာရီလောက်စီးပြီး ရွာသာအေးကိုရောက်ပါတယ်။ ကျောင်းက ကမ်းနားမှာပဲ ရှိပါတယ်။ ဘုန်းကြီးကျောင်းနဲ့ကပ်လျက်မှာ ဆောက်ထားပါတယ်။ အစိုးရမူလတန်းကျောင်းလည်း မလှမ်းမကမ်းမှာပဲရှိပါတယ်။

ကျနော်ရောက်လာတာ ဆရာတော်က ဝမ်းသာနေပုံရပါတယ်။ သူ့ကျောင်းမှာပဲ ကျနော့်ကိုနေရာပေးပါတယ်။ ၁၉၇၈ အောက်တိုဘာကျောင်းပိတ်ပြီး ပြန်ဖွင့်တဲ့နေ့မှာရောက်လာတာပါ။ “ဒီမှာ ဆရာမတစ်ယောက်ပဲရှိတာ။ ဆရာလေးရောက်လာတာအတော်ပဲ”။

ဆရာမက ဒီရွာမှာ ဆရာမလုပ်ရင်း ရွာသားတစ်ယောက်နဲ့အိမ်ထောင်ကျပြီး ရွာသာအေးရွာသူဖြစ်နေသူပါ။ အတန်းတွေက ၅တန်းနဲ့ ၆တန်း မှာ ၂၀ လောက်စီ၊ ၇တန်းနဲ့ ၈တန်းမှာ ၁၅ယောက်လောက်စီပဲရှိပါတယ်။ ဆရာမနဲ့ကျနော်ညှိိပြီး သူက မြန်မာစာ၊ သမိုင်းနဲ့ ပထဝီသင်ပါတယ်။ ကျနော်က အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံသင်ပါတယ်။ ဘုန်းကြီးက တပည့်တွေကို နာနာရိုက်လို့မှာပေမယ့် ကျနော်က ဖော့ရိုးနဲ့ပဲ ရိုက်ပါတယ်။ မနာတော့ ကျောင်းသားတွေ သူ့ထက်ငါတောင် အရိုက်ခံချင်ကြပါတယ်။ ကျနော်နဲ့ စာသင်ရတာ သူတို့ပျော်ပါတယ်။ စာလည်းရကြပါတယ်။ ကျနော်လည်း ပျော်ပါတယ်။ ညောင်တုန်းအထက်တန်းကျောင်းက စာမေးပွဲလာစစ်တာ တန်းလုံးကျွတ်အောင်ပါတယ်။

ညနေကျောင်းဆင်းပြီး ဧရာဝတီမြစ်ထဲမှာ ရေကူးပါတယ်။ မြစ်ထဲမှာဖြတ်သွားတဲ့စက်လှေတွေဆီက ဖွင့်တဲ့သီချင်းသံတွေကြားရင် လွမ်းပါတယ်။ အဲဒီအချိန်က နာမည်ကျော်တဲ့ အဆိုတော် မင်းအောင်ရဲ့သီချင်းတွေ ခေတ်စားပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေးက အလွမ်းတေးသမား မင်းအောင်လို ကျနော်လည်းလွမ်းပါတယ်။ ဘဝခရီးဖော်အဖြစ်ရည်ရွယ်ခဲ့တဲ့ ကျနော့်ရဲ့ငယ်သူချင်းနဲ့ လွဲခဲ့ရပါတယ်။ မိဘတွေရဲ့ စီစဉ်ပေးမှုကြောင့် လက်ထပ်သွားပြီဆိုတဲ့ သတင်းက ရင်ကိုနင့်စေပါတယ်။ ”….သခင်မြင်လာ ကြင်ပါဦးတော့.... တမင်တကာမုန်းတဲ့ စိမ်းသူရေ....” သီချင်းစာပိုဒ်က ရင်ကိုထိခိုက်ပါတယ်။

ရေချိုးအဝတ်အစားလဲပြီး ရွာထဲက ထမင်းကျွေးမယ့်အိမ်ကို သွားပါတယ်။ နေ့လည်စာကို ဘုန်းကြီးကျောင်းမှာ စားရပါတယ်။ ဘုန်းကြီးကို ဒကာတွေ ပို့တဲ့ ဆွမ်းချိုင့်က ကျနော်ပါ စားရပါတယ်။ ညနေစာအတွက် ရွာထဲက ကျောင်းသားတွေအိမ်မှာကျွေးဖို့ ဆရာတော်က စီစဉ်ပေးပါတယ်။ ကျောင်းသား ၆၀ ကျော်၊ တချို့လည်း တစ်အိမ်ထဲ ကျောင်းသားနှစ်ယောက်သုံးယောက်ရှိပါတယ်။ ကျောင်းသားတွေအိမ်က တစ်လမှ တစ်ခါသာ ကျွေးရတာမို့ ဖွယ်ဖွယ်ရာရာ ချက်ကျွေးပါတယ်။ ကျောင်းသားတွေအိမ်မှာ တစ်လှည့်စီ ထမင်းကျွေးတဲ့စနစ်လေး အတော်ကောင်းပါတယ်။ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံခွင့်ရတော့ သူတို့သားသမီးတွေရဲ့ပညာရေးအကြောင်း၊ တိုးတက်မှု၊ လိုအပ်မှုတွေ ပြောလို့ရပါတယ်။ တစ်ရွာလုံးလည်း ကျနော့်ကို ချစ်ခင်ကြပါတယ်။ ထမင်းစားပြီး ကျောင်းကိုပြန်လာတဲ့အခါ ကျောင်းဝင်းနားက ယာတဲအိမ်ကို ဝင်လေ့ရှိပါတယ်။ အဲ့ဒီအိမ်မှာလည်း ကျနော့်တပည့် နှစ်ယောက်ရှိပါတယ်။ မိဘတွေနဲ့လည်း ခင်မင်ရင်းနှီးနေပါတယ်။ ကျနော်လာရင် ရေနွေးကြမ်းနဲ့ မြေပဲလှော်၊ ထန်းလျက်ခဲတွေ ကျွေးလေ့ရှိပါတယ်။

တစ်နေ့မှာ အဲဒီအိမ်က ထမင်းကျွေးဖို့အလှည့်ကျပါတယ်။ ဒါပေမယ့်သူတို့မေ့နေပြီး ဘာမှချက်မထားပါဘူး။ ကျနော်ရောက်တော့ ခါတိုင်းလာနေကျလိုလဲ ရေနွေးကြမ်း၊ မြေပဲနဲ့ ထန်းလျက် ချပေးပြီး၊ သူတို့အလုပ်သူတို့သွားလုပ်ကြပါတယ်။ ကျနော်လည်း ထမင်းကျွေးနိုး ကျွေနိုးနဲ့ စောင့်နေပြီး မိုးချုပ်တော့ ကျောင်းကိုပြန်ပါတယ်။ ဆရာတော်က နေ့စဉ်မေးနေကျအတိုင်း “ဆရာလေး ဟိုအိမ်က ဘာဟင်းနဲ့ကျွေးလိုက်လဲ”။ “မကျွေးဘူး ဘုရာ့” လို့ ရုတ်တရက်ဖြေလိုက်မိပါတယ်။

ဆရာတော်လည်း တုတ်ကောက်ဆွဲပြီး အဲဒီအိမ်ကိုသွားဆူပါတယ်။ “ငါ့ဆရာလေးကို နင်တို့ဘာလို့ ထမင်းမကျွေးတာလဲ”။ သူတို့က မေ့နေတာကိုး။ ဘုန်းကြီးကို တောင်းပန်ပြီး နောက်နေ့ ကျွေးပါရစေလို့လျှောက်ပါတယ်။

နောက်တစ်နေ့ညနေ မြစ်ထဲရေချိုးပြီး ထမင်းစားဖို့အဲဒီအိမ်ကို သွားပါတယ်။ ချက်ထားတာဖွယ်ဖွယ်ရာရာပဲ။ မနေ့က မကျွေးမိတော့ အားနာပြီး ဒီကနေ့မှာ အများကြီးချက်ထားပါတယ်။ မြစ်ထဲက ပိုက်ချလို့ရတဲ့ ငါးသလောက်၊ သူတို့တဲမှာ မွေးထားတဲ့ကြက်သားဟင်း၊ ငါးပိရည်၊ တို့စရာ၊ ခရမ်းချဉ်သီးသုတ်။ ကျနော်က ရွာသာအေးကထွက်တဲ့ခရမ်းချဉ်သီးကို အရမ်းကြိုက်ပါတယ်။ မြေနုကျွန်းမှာစိုက်တဲ့ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို ငရုပ်သီးစိမ်းနိုင်နိုင်နဲ့ သုတ်ထားပါတယ်။ ကလေးမိဘတွေက ထမင်းပွဲပြင်ပြီး “ဆရာလေး အဝစားနော်၊ အားမနာနဲ့” ပြောပြီး ကိုင်းထဲဆင်းသွားကြပါတယ်။ ကလေးတွေရဲ့အဖွား မျက်စေ့မှုန်ဝါးဝါးနဲ့ အဒေါ်ကြီးတစ်ယောက်သာ ကျန်ပါတယ်။

ပထမဆုံး ထမင်းလုပ်ကို ခရမ်းချဉ်သီးသုတ်နဲ့ ကြိတ်ထည့်လိုက်တာ ငရုပ်သီးစိမ်းဝါးမိပြီး နှာရည်တွေယိုလာတာနဲ့ ပြူတင်းပေါက်သွားပြီး နှပ်ညှစ်ပါတယ်။ ဟိုအဒေါ်ကြီးက “ဆရာလေးကလည်း အစားနည်းလိုက်တာ” ဆိုပြီး ဟင်းပန်းကန်တွေ ပြန်သိမ်းသွားပါတယ်။ ကျနော်လည်း မပြောဝံ့တာနဲ့ ဘုန်းကြီးကျောင်းကို အသာလေးပြန်လာရပါတော့တယ်။

ရွာသာအေးမှာ မြွေဆိုးတွေ အလွန်ပေါပါတယ်။ မြစ်နားချောင်းနား၊ ကိုင်းတောတွေ၊ ငါးတွေ၊ ဖားတွေရှိတာမို့ မြွေပေါပါတယ်။ ဆရာတော်က မြွေဆိပ်ဖြေဆေးဖော်ထားပါတယ်။ ရွာသားတွေ မြွေကိုက်ရင် ဘုန်းကြီးဆီပြေးလာကြပါတယ်။ အုန်းပင်တစ်ပင်လုံး အသီးရော၊ အပွင့်ရော၊ အရွက်၊ ပင်စည်၊ အမြစ်ပါမကျန် တပင်လုံးတောက်တောက်စင်း နေလှန်းပြီး မီးရှို့၊ ပြာချပါတယ်။ မြွေဆိပ်မိသူကို အဲဒီပြာအရည်ဖျော်ပြီးတိုက်ပါတယ်။ “အုန်းပင်က တနင်္ဂနွေနံ ဂဠုံ”။ “ဂဠုံက မြွေနဂါးကို နိုင်တယ် ဆရာလေးရ”။

၆ တန်းက ကျနော့်တပည့်လေးတစ်ယောက်မြွေကိုက်ခံရဖူးပါတယ်။ “မင်းကို မြွေကိုက်တာ ဘယ်လိုနေလဲ။” “ဟာ ဆရာ မီးစနဲ့ ထိုးလိုက်သလိုပဲ အရမ်းပူတယ်။”

ကျောင်းပိတ်တဲ့တစ်ရက် ဘုန်းကြီးကျောင်းမှာ အလှူလုပ်တဲ့နေ့မှာ ကျနော်လည်း မြွေကိုက်ခံရတဲ့အရသာကောင်းကောင်းခံလိုက်ရပါတယ်။

ကျောင်းသားမိဘတွေနဲ့ စကားပြောနေတုန်း ရွာသားတစ်ယောက်က “ဆရာလေး ထမင်းစားမယ်” လို့လာခေါ်ပါတယ်။ ထမင်းကျွေးရုံက ဘုန်းကြီးကျောင်းနဲ့ အတန်ငယ်လှမ်းပါတယ်။ မြက်တော၊ ချုံတောတွေဖြတ်သွားရပါတယ်။ ထမင်းစားရုံဘက်လှမ်းမျှော်ကြည့်ပြီး၊ ခြေလှမ်းအချမှာ၊ ခြေထောက်မှာ ပူကနဲ ဖြစ်သွားပါတယ်။ ကျနော့်မျက်လုံးတွေ ပြာလာပါတယ်။ ခွေလဲတော့မလိုဖြစ်သွားတယ်။ ကျနော်တပည့်တွေ ပြေးလာကြပြီး၊

“ဆရာလေး ဘာဖြစ်လဲ”
”ငါ့ကို ပိုးထိပြီ”

ကျနော်တို့ ပဲခူးဘက်မှာ မြွေကိုက်ရင် ”ပိုးထိတယ်” လို့ပြောရပါတယ်။ မြွေကိုက်တယ်လို့ပြောရင် အပ မှီတတ်ပါတယ်။

ကျနော့်တပည့်တွေလည်း ကျနော့်ခြေထောက်ကို ကြိုးစည်းပြီး မြွေဆိပ်ကို စုတ်ထုတ်ဖို့လုပ်ကြပါတယ်။ မြွေရှာတဲ့သူကလည်းရှာပါတယ်။

“ဆရာလေး မြွေကိုက်လိုက်တာ ဘယ်ခြေလား၊ ညာခြေလား၊ ဘယ်နေရာလဲ”
“ဒီနေရာ“ ပူကနဲဖြစ်သွားတဲ့ နေရာကို လက်နဲ့ ထိုးပြလိုက်ပါတယ်။
“ဆရာလေး မြွေစွယ်ရာ မတွေ့ဘူး”

စောစောက နင်းလိုက်တဲ့ ကိုင်းစပ်မှာ မီးခိုးငွေ့ငွေ့လေးထွက်နေပါတယ်။ ဆေးလိပ်တို။ လားလား ကျနော် ဆေးလိပ်မီး တက်နင်းမိတာကိုး။ ပူကနဲဖြစ်သွားတဲ့နေရာမှာ အဖောင်းလေးတောင် ထလာပါတယ်။

အရှေ့တောင်ဒေသဆီသို့

၁၉၇၉ မတ်လ အတန်းတင်စာမေးပွဲတွေစစ်ပြီးတဲ့အခါ ကျောင်းပိတ်တာမို့ ကျနော် ညောင်တုန်းကိုသွားပါတယ်။ ကျနော့်တပည့်တွေ မြစ်ကမ်းပါးလှေဆိပ်ကို လိုက်ပို့ကြပါတယ်။ သူတို့ယာတောကထွက်တဲ့ မြေပဲတွေ၊ ဖရဲသီးတွေနဲ့ ကန်တော့ကြပါတယ်။ မော်တော်ပေါ်တက်တော့ သူတို့ငိုနေကြပါတယ်။ ကျနော်လည်း မျက်ရည်ဝဲပါတယ်။

ညောင်တုန်းမှာ ဆရာဦးတင်ဦးအိမ်မှာတစ်လှည့် စောလှငွေတို့အိမ်မှာတလှည့် သွားနေပါတယ်။ စောလှငွေက ရန်ကုန်တက္ကသိုလ် စိတ်ပညာကျောင်းသား။ ဦးသန့်အရေးအခင်း ခေါင်းဆောင်သူတွေထဲမှာ သူလည်းပါတာမို့ အဖမ်းခံရပြီး ထောင်ကျပါတယ်။ မကြာခင်ကမှ ထောင်ကပြန်လွတ်လာပါတယ်။ သူတောမခိုခင် ကျနော်နဲ့ တွေ့တာပါ။ ခုတော့ သူက KNU တပ်မှူးကြီးတစ်ဦးဖြစ်ပြီး KNU ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သူပါ။

ဇွန်လကျောင်းတွေပြန်ဖွင့်တော့ ရွာသာအေးကို ကျနော်ပြန်သွားပါတယ်။ ကျနော့်တပည့်တွေ အားလုံးအောင်ကြပါတယ်။ ကျောင်းလုံးကျွတ်အောင်တဲ့အတွက် ဆရာတော်ရော၊ ကျောင်းသားမိဘတွေရာ၊ ကျောင်းသားတွေရော ပျော်ကြပါတယ်။ ကျောင်းဖွင့်ပြီး တစ်လအကြာ၊ ဇူလိုင်လထဲမှာ ဆရာဦးတင်ဦးနဲ့ စောလှငွေတို့ ရွာသာအေးကို ရောက်လာပါတယ်။ “KNU က ဗိုလ်ကြီးတစ်ယောက် ရောက်နေတယ်။ မာနယ်ပလောကို လိုက်သွားမလား” လို့ စောလှငွေက မေးပါတယ်။

“ကျနော်က ကရင်လူမျိုးမဟုတ်တော့ အဆင်ပြေပါ့မလား”။ ကျနော့်စိုးရိမ်စိတ်ကို ပြောပြပါတယ်။

“သူနဲ့လိုက်တွေ့ပြီး မေးကြည့်ပါလား” လို့ စောလှငွေက ပြောပါတယ်။

ဆရာတော်ကိုတော့ ကျနော့်အမေနေမကောင်းလို့လာခေါ်တာဖြစ်ကြောင်း စောလှငွေက လျှောက်ထားပေးပါတယ်။ ဆရာတော်က ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးပါတယ်။ မွန်းလွဲချိန်မှာ ကျနော်တို့ သုံးယောက် ညောင်တုန်းကို ကူးပါတယ်။ စောလှငွေတို့အိမ်မှာ ညနေစာ စားပြီး ညမှောင်ရီဖြိုးဖျမှာ လှိုင်မြစ်အတိုင်း စက်လှေတစ်စင်းနဲ့ ရန်ကုန်ဘက်ကို မောင်းပါတယ်။ စောလှငွေရယ်၊ ကျနော်ရယ်၊ လှေဆရာရယ် သုံးယောက်ထဲဖြစ်ပါတယ်။ အင်းစိန်ရောက်တော့ အတော်မိုးချုပ်နေပါပြီ။ အင်းစိန်မြို့တစ်နေရာမှာ KNU က ဗိုလ်ကြီးရောဘတ်နဲ့တွေ့ပါတယ်။ အသက် ၄၀ ခန့်ရှိပြီး အသားဖြူဖြူ၊ အရပ်သိပ်မမြင့်လှသော်လည်း ကိုယ်လုံးတုတ်တုတ်နဲ့ အတော်လေးကြံ့ခိုင်ပုံရပါတယ်။

“KNU ဗဟိုဋ္ဌာနချုပ်မှာ မြောက်ပိုင်းကလာတဲ့ တပ်ပေါင်းစုကိုယ်စားလှယ်တွေရှိတယ်။ သူတို့နဲ့အရှေ့မြောက်ကို လိုက်သွားလို့ရတယ်”။ “လိုက်မယ်ဆိုရင် ခေါ်သွားမယ်။”

ကျနော်လိုက်သွားဖို့ ဆုံးဖြတ်ပါတယ်။ ဗိုလ်ကြီးရောဘတ်နဲ့ အချိန်းအချက်လုပ်ပြီး လမ်းခွဲပါတယ်။ နောက်နေ့မှာ သူငယ်ချင်းလေးယောက်ကို တွေ့ပြီး အကျိုးအကြောင်းသူ့တို့ကို ပြောပြပါတယ်။ ဆေးကျောင်းသားတွေဖြစ်တဲ့ ကိုဝေမင်းနဲ့ ကိုသိန်းမြင့်တို့က ကျနော့်ကို ငှက်ဖျားကာကွယ်ဆေးတွေ ပေးလိုက်ကြပါတယ်။ နောက်တစ်ရက်ခြားမှာ မနက်ရထားနဲ့ ကျိုက်ထိုကိုသွားပါတယ်။ ဘူတာအနီးက ထမင်းဆိုင်မှာ ဗိုလ်ကြီးရောဘတ်နဲ့ ပြန်ဆုံပါတယ်။ ထမင်းစားပြီး ကျနော်တို့နှစ်ယောက် မြို့ပြင်ကို လမ်းလျှောက်ထွက်လာကြပါတယ်။ လယ်ကွင်းတွေဖြတ်၊ တောင်ကုန်းလေးတွေကျော်ပြီး တောစပ်ကိုရောက်ပါတယ်။ တောစပ်မှာခဏနား၊ မြို့ဘက်ကို အရိပ်အခြေကြည့်ပြီး၊ တောလမ်းအတိုင်း ခရီးဆက်ပါတယ်။ ကျိုက်ထီးရိုးတောင်ကို ပတ်ပြီတော့ သွားကြပါတယ်။ လမ်းတစ်လျှောက်မှာ ကရင်ရွာတွေ ဖြတ်ရပါတယ်။ မာလာဖူး၊ ပေတီး၊ ရေဝင် စတဲ့ရွာနာမည်တွေကို မှတ်မိနေပါသေးတယ်။

ညနေစောင်းရောက်တဲ့ရွာက အိမ်တစ်အိမ်မှာ တည်းခိုပါတယ်။ ဗိုလ်ကြီးရောဘတ်နဲ့ ခင်မင်ရင်းနှီးနေပုံရပါတယ်။ တာလပေါဟင်းနဲ့ ထမင်းကျွေးပါတယ်။ နောက်နေ့မနက် မနက်စာ စားပြီး ခရီးဆက်တော့ အိမ်ရှင်က ရွာသားတစ်ယောက်ကို လမ်းပြ ထည့်ပေးပါတယ်။ နောက်ရက်တွေမှာတော့ ရွာဆက်တွေ အတော်ဝေးသွားပါတယ်။ မနက်ကနေစထွက်တာ ညနေစောင်းမှ နောက်တစ်ရွာရောက်ပါတယ်။ တစ်ရွာရောက်ရင် ပထမလမ်းပြက ပြန်သွားပြီး နောက်ရွာက လမ်းပြကလိုက်ပို့ပါတယ်။ ကျနော်တို့လမ်းလျှောက်တဲ့နှုန်းက တစ်နာရီလေးမိုင်လောက်ပေါက်ပါတယ်။ တစ်နေကုန်လျှောက်ကြပါတယ်။ မနက်စောစောထ၊ အိပ်တဲ့ရွာမှာ ထမင်းစားခဲ့ပြီး ညနေရောက်တဲ့ရွာမှာ ညနေစာ စားပါတယ်။ များသောအားဖြင့်တော့ တာလပေါနဲ့ နှမ်းဖတ်ချဉ်တွေ စားရပါတယ်။ လမ်းတလျောက်မှာတော့ ရှောက်သီးတို့ သဖန်းသီးတို့ တွေ့ရင် ခူးစားပါတယ်။

တချို့ရွာတွေမှာတော့ ဗိုလ်ကြီးရောဘတ်က ပိုက်ဆံထုတ်ပေးပြီး ကြက်သားဟင်းချက်ခိုင်းပါတယ်။ ဟင်းဆိုပေမယ့် ဆီတို့ ငရုပ်၊ ကြက်သွန်တို့ မပါ ပါဘူး။ ကြက်သားကို အမွှေးနှုတ်၊ ခုတ်၊ အိုးထဲမှာ ရေလုံပြုတ်ပြီး နူးလောက်မှ ချဉ်ပေါင်ရွက်နဲ့ ဆားပစ်ထည့်ပါတယ်။ အရည်ကိုသောက်ပြီး၊ ကြက်သားဖတ်ကို ထမင်းနဲ့စားပါတယ်။ အတော်ကောင်းပါတယ်။

သုံးရက်လောက်လျှောက်ပြီးတော့ တောလည်းအတော်နက်လာပါပြီ။ ညနေတည်းခိုတဲ့ရွာရောက်တော့ ရန်သူစစ်ကြောင်းဝင်လာတယ်ဆိုတဲ့သတင်းကြားပါတယ်။ အဲဒီည စောစောအိပ်ယာဝင်ပြီး မနက်စောစောထကြပါတယ်။ အိမ်ရှင်က လမ်းပြကို သွားရမယ့်လမ်းကိုမှာပါတယ်။ စစ်ကြောင်းနဲ့ ဝေးတဲ့နေရာက ကွင်းသွားဖို့မှာတာပါ။

တောက အတော်နက်ပါတယ်။ လမ်းက ခရီးသွားနေကျလမ်းမျိုးမဟုတ်ဘဲ လမ်းကြောရာလေး မြင်ရပေမယ့် ချုံတွေနဲ့ ပိတ်နေပါတယ်။ ကုန်းတက်ကုန်းဆင်းတွေလည်း အတော်များပါတယ်။ လမ်းပြက ရှေ့ကနေ သွားပါတယ်။ နောက်က ဗိုလ်ကြီးရောဘတ်။ သူ့နောက်က ကျနော်လိုက်ပါတယ်။ တောင်ကုန်းတစ်ခု အဆင်းမှာ ဗိုလ်ကြီးရောဘတ်က ခြေမချော်အောင် ဝါးကိုင်းကို ဆွဲပြီးဆင်းပါတယ်။ အောက်ရောက်တော့ ဝါးကိုင်းကို လွှတ်လိုက်တာ အရှိန်နဲ့ပြန်လာပြီး ချုံထဲက ပျားအုံကိုရိုက်မိပါတယ်။ ပျားတွေတဝီဝီထွက်လာပြီး နောက်ကလိုက်လာတဲ့ ကျနော့်ကို ဝိုင်းတုပ်ကြပါတယ်။ ခေါင်းရော မျက်နှာရော လက်တွေမှာရော တုပ်ကြပါတယ်။ အတော်နာပါတယ်။ ကျနော်လည်း ရှေ့ကလူတွေနောက်ကို ပြေးလိုက်ခဲ့ပါတယ်။

ညနေစောင်းတော့ ဘယ်ရွာမှမရောက်ပါဘူး။ မုဆိုးတွေ အမဲလိုက်တဲ့အခါ အသုံးပြုတဲ့ လင့်စင်ကလေးမှာပဲ နားကြပါတယ်။ စားစရာဘာမှမရှိပါဘူး။ ချောင်းထဲက ဗူးနဲ့ထည့်လာတဲ့ရေကိုပဲ သောက်ကြပြီး လင့်စင်ပေါ်မှာ လှဲအိပ်ကြပါတယ်။ တဖြည်းဖြည်း တစ်တောလုံး မှောင်လာပါတယ်။ ပိုးစုန်းကြူးအရောင်လေးတွေပဲ ခပ်လှမ်းလှမ်းမှာ မှိတ်တုတ် မှိတ်တုတ် မြင်ရပါတယ်။ ကျနော်တို့ မီးမထွန်းပါဘူး။ ကျနော်တော်တော်နဲ့ အိပ်မပျော်ပါဘူး။ တစ်တောလုံး တိတ်ဆိတ်နေပါတယ်။ တိတ်ဆိတ်ပေမယ့် ကျနော့်နားထဲမှာ ကျယ်လောင်တဲ့အသံရှည်တစ်ခု အဆက်မပြတ်ကြားနေရသလို ထင်ရပါတယ်။ အတော်ထူးဆန်းပါတယ်။

မနက်အလင်းရောင်လာတော့ ကျနော်တို့ ထကြပါတယ်။ လမ်းပြက သူဆက်မလိုက်တော့ဘဲ ပြန်မယ့်အကြောင်းနဲ့ ကျနော်တို့ကို ဘယ်ဘက်ကိုသွား ဆိုတာ လမ်းညွှန်ပါတယ်။ ဗိုလ်ကြီးရောဘတ်နဲ့ ကျနော်နှစ်ယောက်တည်း ခရီးဆက်ရပါတယ်။ မနေ့ညကတည်းက ဘာမှ မစားရတဲ့အတွက် ဗိုက်လည်း ဆာပါတယ်။ ကတွတ်ပင်တွေ့တော့ အတော်ဝမ်းသာပါတယ်။ ကတွတ်သီးတွေလည်း ရဲနေအောင်မှည့်နေပါတယ်။ ခူးစားပါတယ်။ အတော်ချိုပါတယ်။ လမ်းတစ်လျှောက် ဗိုလ်ကြီးရောဘတ်က ရှေ့ကသွား၊ ကျနော်ကနောက်ကလိုက်၊ ဘာပင်တွေ ဘာသီးတွေ ရှိအုံးမလဲ ဟိုကြည့် ဒီကြည့်လိုက်လာပါတယ်။ ဗိုလ်ကြီးရောဘတ်ကတော့ ခြေလှမ်းမှန်မှန်နဲ့ဆက်သွားပါတယ်။

“ဟိတ်...ရပ်”

ကျနော့်ကို သေနတ်နဲ့ချိန်ပြီး အမိန့်ပေးပါတယ်။ ကျနော်ရပ်လိုက်ပါတယ်။ သူ့လက်ထဲမှာ မောင်းပြန်သေနတ် ကိုင်ထားပါတယ်။ စစ်ဝတ်စုံဟောင်းဟောင်းနွမ်းနွမ်း ဝတ်ထားပါတယ်။ အင်္ဂုလိမာလ လက်ညှိုးတွေ သိုင်းပြီး လွယ်ထားသလို၊ ကျည်ဆံတွေကို သိုင်းပြီးလွယ်ထားပါတယ်။

“မင်း ဘယ်သူလဲ။ ဘယ်ကလာလဲ။”
“ကျနော် ကျောင်းသားပါ။ ရန်ကုန်က လာပါတယ်”
”မင်းမလိမ်နဲ့၊ မင်းရန်သူ၊ မင်းတို့တပ်တွေ ဘယ်မှာလဲ”
“ကျနော် ကျောင်းသားပါ”

ဗိုလ်ကြီးရောဘတ်လည်း ရှေ့မှာ အစစ်ဆေးခံရပါတယ်။ ကျနော်တို့ကို စစ်ဆေးသူတွေက KNU တပ်က ကင်းပုန်းဝပ်နေတဲ့ ရဲဘော်တွေပါ။ ဗိုလ်ကြီးရောဘတ်က ကျနော်တို့ ခရီးစဉ်ကို ရှင်းပြပါတယ်။ ကရင်လိုပြောပါတယ်။ သူ့ဆီမှာအထောက်အထား စာရွက်တွေ ပါပါတယ်။ ခဏနေ ဗိုလ်ကြီးရောဘတ်နဲ့ သူ့ကို စစ်ဆေးတဲ့ ကရင်ရဲဘော် ရောက်လာပါတယ်။ ကျနော့်ကိုစစ်ဆေးတဲ့သူလည်း စစ်ဆေးတာရပ်ပြီး၊ သူ့သေနတ်ကို လွယ်လိုက်ပါတယ်။ ကျနော့်တို့နှစ်ယောက်ကို ခပ်လှမ်းလှမ်းတောင်ကုန်းပေါ်က သူတို့စခန်းကို ခေါ်သွားပါတယ်။ ကျနော့်ကို သူတို့ရန်သူမဟုတ်မှန်း စိတ်ချသွားပါပြီ။ စကားတွေပြောကြ၊ သတင်းတွေပြောကြနဲ့ မိတ်ဆွေတွေလိုဖြစ်လာပါတယ်။ KNU ရဲဘော်တစ်ယောက်က အရက်ငှဲ့ပြီး ကျနော့်ကို တစ်ခွက်ပေးပါတယ်။ အဲဒီအချိန်က ကျနော်အရက်မသောက်တတ်ပါဘူး။ ကျနော် မသောက်ဘူး ငြင်းပါတယ်။

“ကိုသိန်းလွင် သောက်၊ ဒါမှ မိတ်ဆွေဖြစ်မှာ” ဗိုလ်ကြီးရောဘတ်က သောက်ခိုင်းပါတယ်။

ကျနော်အရက်ခွက်လှမ်းယူပြီး မော့ချလိုက်ပါတယ်။ ပူကနဲ ဆင်းသွားပါတယ်။ အဲဒီည သူတို့စခန်းမှာပဲ အိပ်ကြပါတယ်။ စိတ်လက်ချမ်းသာပြီး လုံခြုံသမို့၊ အိပ်လို့ကောင်းပါတယ်။ အရက်သောက်လိုက်တော့ ကိုယ်လက်နာတာတွေရော ပျားတုတ်လို့နာတာတွေရော ပျောက်သွားပါတယ်။

နောက်နေ့မနက်ခရီးဆက်တော့ KNU တပ်စခန်းကနေ လမ်းပြတစ်ဦးထည့်ပေးပါတယ်။ တောင်အတက်အဆင်းပိုများလာပါတယ်။ တောနက်ထဲမှာ အတော်ကြီးပြီး လှတဲ့ရေတံခွန်တွေ တွေ့ပါတယ်။ အတော်သာယာပါတယ်။ ချောင်းရိုးတွေလည်း မကြာခဏဖြတ်ရပါတယ်။

နေ့လည်လောက်မှာ ပေ ၂၀၊ ပေ ၃၀ လောက်ကျယ်ပြီး အတော်ရေစီးသန်တဲ့ ချောင်းတစ်ခုကို ဖြတ်ရပါတယ်။ လမ်းပြက ကျနော့်အိတ်ကို ကူသယ်ပေးပြီး ရှေ့ဆုံးကသွားပါတယ်။ ချောင်းက ရင်ခေါင်းလောက်နက်ပါတယ်။ သူဟိုဘက်ကမ်းရောက်တော့ ဗိုလ်ကြီးရောဘတ် ချောင်းကို ကူးပါတယ်။ လွယ်လွယ်ကူကူပဲ ကူးသွားပါတယ်။ ကျနော်လည်း ချောင်းထဲဆင်းပြီး ဖြေးဖြေး ဖြေးဖြေးသွားပါတယ်။ ရေက လည်ပင်းနားအထိရောက်လာပါတယ်။ ရေစီးလည်းအတော်သန်ပါတယ်။ တောင်ကျချောင်းရေ၊ မိုးလည်းရွာထားတော့ ချောင်းရေများလာပါတယ်။

ချောင်းလယ်အရောက်မှာ အောက်ကခြေချော်ပြီး ကျနော် ရေစီးမှာ မျောသွားပါတယ်။ ရေစီးသန်တော့ မတ်တပ်ပြန်ရပ်လို့ မရတော့ဘူး။ ဝါးတရိုက် နှစ်ရိုက်မျောပြီး ချောင်းထဲ ကိုင်းကျနေတဲ့ သစ်ကိုင်းတစ်ခုကို ကျနော် အတင်းလှမ်းဆွဲထားပါတယ်။ ဗိုလ်ကြီးရောဘတ်နဲ့ လမ်းပြလည်းကျနော်ရေမျောတာ မြင်တော့ သူတို့လိုက်လာပြီး ကျနော့်ကိုဆယ်ကြပါတယ်။ အတော်လေး ကံကောင်းပါတယ်။ ရှေ့ကဝါးတရိုက်လောက်မှာ ချောင်းက ချောက်ထဲကို ထိုးဆင်းသွားပါတယ်။ ချောက်ထဲကျရင် မလွယ်လှဘူး။ ကျနော် တော်တော်လေးလှန့်သွားပါတယ်။

ရေတွေလည်းစိုပြီး ခရီးဆက်ရတော့ အတော်ပင်ပန်းလာပြီး စိတ်အားလည်းငယ်သလိုဖြစ်လာတယ်။ နောက်ထပ်ရွာနဲ့နီးတဲ့ ချောင်းတစ်ခုဖြတ်တော့ ထန်းလုံးကို တံတားထိုးထားပါတယ်။ ချောင်းကလည်း ထန်းပင်တဖျားလောက်ကျယ်ပါတယ်။ လမ်းပြက ရှေ့ဆုံးကနေ လျှောက်သွားပါတယ်။ ဆက်ကပ်ထဲမှာကြိုးတန်းလျှောက်သလို သွက်သွက်လေးလျှောက်သွားပါတယ်။ လျှောက်နေကျ ထင်ပါရဲ့။ သူ့နောက်က ဗိုလ်ကြီးရောဘတ်လည်း ခပ်မှန်မှန်လေး ကူးသွားနိုင်ပါတယ်။ ကျနော့်အလှည့်ရောက်တော့ ထန်းလုံးတံတားပေါ် မရဲတရဲလှမ်းတက်လိုက်ပါတယ်။ အောက်က ရေစီးနေတာမြင်ပြီး၊ ကျနော်ဟန်ချက်ပျက်ပြီး၊ လဲကျမလိုဖြစ်သွားပါတယ်။ ဒါနဲ့ ထန်းလုံးပေါ်ထိုင်ချပြီး လေးဘက်ထောက်ကူးသွားပါတယ်။ ဟိုဘက်ရောက်တော့ ဗိုလ်ကြီးရောဘတ်က ရယ်တယ်။

“ဘယ်လိုလဲကွ တော်လှန်ရေးလုပ်မယ့် ကောင်က ဒီလောက်ကြောက်ရသလား”။ သူဘာပြောပြော၊ ကျနော်ရေထဲမကျဘို့ အရေးကြီးတယ်။

KNU ဗဟိုဋ္ဌာနချုပ်မှ သင်ယူစရာများ

ဆယ်ရက်လောက် ခြေလျင်ဆက်တိုက်လျှောက်ပြီးတော့ ကမမောင်းရွာနားကို ရောက်ပါတယ်။ သံလွင်မြစ်ကနေ တဖက်ကမ်းကို စက်လှေနဲ့ ကူးပါတယ်။ ဟိုဖက်ကမ်းရောက်တော့ ကုန်ပစ္စည်းသယ်တဲ့ ကုန်ထမ်းသမားတွေ တွေ့ပါတယ်။ “ဒီလမ်းက ကုန်သည်တွေသွားတဲ့လမ်း၊ ထိုင်းနယ်စပ်ကိုရောက်တယ်။ လမ်းမှာ ထမင်းဆိုင်တွေရှိတယ်။ ဝက်သားဟင်းနဲ့ စားကြမယ်” လို့ ဗိုလ်ကြီးရောဘတ်က ပြောပါတယ်။ ဝက်သားအသံကြားတာနဲ့ ကျနော်ပျော်သွားပါတယ်။ ကျနော် ငယ်ငယ်ထဲက ဝက်သားဟင်းကြိုက်ကြောင်း အမေပြောလေ့ရှိပါတယ်။ အမေစျေးသွားရင် “သား ဘာစားမလဲ” မေးရင် “ဝက်သားဟင်း” လို့ပဲ အမြဲတမ်း ပြောလေ့ရှိသတဲ့။ ထမင်းဆိုင်တစ်ခုရောက်တော့ ကျနော်တို့အိတ်တွေချပြီး ဝက်သားဟင်းနဲ့ ထမင်းမှာပါတယ်။ မြေအိုးနဲ့ချက်ထားတဲ့ ထမင်းအိုးနဲ့ ဟင်းအိုးနှစ်ယောက်စာ လာချပါတယ်။ လမ်းပြကတော့ သံလွင်မြစ်ကမ်းကနေလှည့်ပြန်သွားပါပြီ။ ဝက်သားနဲ့ စားမယ်လို့ အားခဲထားပေမယ့် တကယ်စားတော့ မစားနိုင်တော့ပါဘူး။ ဆယ်ရက်လောက်ပင်ပင်ပန်းပန်း လမ်းလျှောက်လာကြတာမို့ထင်ပါတယ်။ ထိုင်းဘက်ကလာတဲ့ မုန့်အချို တွေကို ဝယ်စားကြပါတယ်။

ထမင်းစားပြီး ခရီးဆက်ထွက်ပါတယ်။ ထိုင်းဘက်ကလာတဲ့ အထမ်းသမားတွေ တစ်သုတ်ပြီး တစ်သုတ်တွေ့ပါတယ်။ ဝါးခြင်းတောင်း အရှည်ကြီးတွေထဲမှာ ပစ္စည်းတွေထည့်၊ ခြင်းတောင်းရဲ့အလယ်လောက်မှာ ကြိုးတပ်ပြီး နဖူးမှာ ချိတ်ပြီး ကျောပေါ်တင် ထမ်းသွားကြပါတယ်။ ခြင်းတွေက လူတစ်ရပ်လောက်မြင့်ပါတယ်။ ခြင်းက ခါးလည်ကနေ ခေါင်းပေါ်မှာ တစ်ထောင်လောက်အထိ ထွက်နေပါတယ်။ လမ်းမှာ ခဏနားကြတုန်း အထမ်းသမားတွေ ချထားတဲ့ ခြင်းတောင်းကို ကျနော် ထမ်းကြည့်ပါတယ်။ ပြန်တောင် မထနိုင်ပါဘူး။ အတော်ပင်ပန်းကြရှာမှာပါ။

ညနေစောင်းတော့ လမ်းက ထမင်းဆိုင်တစ်ခုမှာပဲ တစ်ညတာ နားကြပါတယ်။ ကုန်သည်တချို့လည်း ညအိပ်နားကြပါတယ်။ မနက်လင်းတော့ ခရီးဆက်ပြီး မွန်းလွဲပိုင်းလောက်မှာ သောင်ရင်းမြစ်ကမ်းကို ရောက်ပါတယ်။ တစ်ဖက်ကမ်းက ထိုင်းနိုင်ငံပါ။ သောင်ရင်းမြစ်ကမ်း မယ်သဝေါစခန်းမှာ စျေးဆိုင်တွေရှိပါတယ်။ ဆယ်ဆိုင်လောက်ရှိပါတယ်။ ကုန်သည်အထမ်းသမားတွေက သောင်ရင်းမြစ်ကမ်းကနေ သံလွင်မြစ်ကမ်းအထိ ပစ္စည်းတွေသယ်ပေးကြတာဖြစ်ပါတယ်။ ဒေါက်တာ မန်းမြင့်ဆိုင်ရဲ့ စျေးဆိုင်လည်း အဲဒီမှာ ရှိပါတယ်။ ဗိုလ်ကြီး ရောဘတ်က မန်းမြင့်ဆိုင်ရဲ့စျေးဆိုင်ကို ခဏဝင်နှုတ်ဆက်ပါတယ်။

သောင်ရင်းမြစ်ကို ဝါးဖောင်နဲ့ ဖြတ်ကူးပြီး တစ်ဖက်ကမ်း ထိုင်းဖက်ခြမ်းကို ရောက်ပါတယ်။ ပထမဦးဆုံး နိုင်ငံခြားမြေကို ခြေချဖူးခြင်းဖြစ်ပါတယ်။ သောင်ရင်းမြစ်ကမ်းအတက် တောင်ကုန်းလေးပေါ်က ဗိုလ်ချုပ်မောင်မောင်ရဲ့ အိမ်မှာ သွားတည်းကြပါတယ်။ ဗိုလ်ချုပ်မောင်မောင်က KNU ဗဟိုကော်မတီရဲ့ ယခင် အတွင်းရေးမှူးဟောင်းဖြစ်ပါတယ်။ ရန်ကုန်က သတင်းတွေ၊ ကျောင်းသားအရေးအခင်းအကြောင်းတွေ မေးပါတယ်။ သူ့ရဲ့တိုက်ပွဲအတွေ့အကြုံတွေလည်း ပြောပြပါတယ်။

နောက်တနေ့မနက်မှာ စက်လှေတစ်စီးနဲ့ ဆန်တက်ပြီး KNU ဌာနချုပ်ရှိရာ မာနယ်ပလောစခန်းကို သွားပါတယ်။ စက်လှေမှာ တခြားခရီးသည်တွေလည်း ပါပါတယ်။ တစ်နာရီကျော်ကျော်ဆန်တက်ပြီး စက်လှေရပ်ပါတယ်။ မြန်မာပြည်ဘက်ခြမ်းမှာ ရပ်ပါတယ်။ ကျနော်တို့ ပဒိုစောသန်းအောင်ရဲ့ အတွင်းရေးမှူးရုံးရှိရာ တောင်ကုန်းပေါ်တက်ကြပါတယ်။ ဗိုလ်ကြီးရောဘတ်က အတွင်းရေးမှူးကို သတင်းပို့ပြီး ကျနော့်ကို မိတ်ဆက်ပေးပါတယ်။ အတွင်းရေးမှူးက ကျနော်တို့ နှစ်ယောက်စလုံးကို သူ့ရုံးခန်းမှာပဲနေဖို့ ပြောပါတယ်။ အတွင်းရေးမှုး ပဒိုစောသန်းအောင်က အသားဖြူဖြူ၊ အရပ်ပုပု၊ မျက်နှာ လေးဒေါင့် ခပ်ပြားပြားဖြစ်ပြီး တည်ကြည်တဲ့မျက်နှာထားနဲ့ လေးနက်တဲ့ မျက်လုံးတွေ ရှိပါတယ်။

အတွင်းရေးမှူးရုံးမှာ ခဏနားပြီး ဗိုလ်ချုပ်မြကို သွားနှုတ်ဆက်ကြပါတယ်။ ဗိုလ်ချုပ်မြက အတွင်းရေးမှူးကို လိုတာပြောလို့ ကျနော့်ကို ပြောပါတယ်။ အသားညိုညို၊ ဝဝ။ ဗိုလ်ချုပ်မြရဲ့ မျက်လုံးတွေက အတော်တောက်ပပါတယ်။

ဗိုလ်ချုပ်စောမြမောင်၏ တပ်ပေါင်းစုသဘောထား

ပဒိုစောသန်းအောင်ရဲ့ အတွင်းရေးမှူးရုံးကို လူကြီးတွေလာကြပါတယ်။ ပဒိုစံလင်း၊ ဗိုလ်မှူးကြီးတာအယ်၊ ဖူးစကောလယ်တော်၊ ဗိုလ်ချုပ်စောမြမောင်၊ ဦးစိုးအောင် (ရခိုင်လူမျိုး၊ KNU ဗဟိုကော်မတီဝင်) တို့နဲ့တွေ့ဆုံစကားပြောဖြစ်ပါတယ်။

“ဧရာဝတီနိုင်ငံတော်” ဆိုတဲ့စကားလုံးကို ဗိုလ်မှူးကြီးတာအယ်ဆီက ကြားရပါတယ်။ ဖယ်ဒရယ်နိုင်ငံထူထောင်ဖို့လိုကြောင်း၊ လူမျိုးတိုင်း တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံနာမည်ကိုလည်း လူမျိုးတစ်မျိုးရဲ့နာမည်နဲ့ မဖြစ်သင့်ကြောင်း၊ အားလုံးနဲ့ကိုက်ညီမယ့် နာမည်မျိုးပေးသင့်ကြောင်း၊ ”မြန်မာနိုင်ငံတော်” ဆိုတဲ့စကားလုံးအစား “ဧရာဝတီ နိုင်ငံတော်” လို့ ခေါ်ရင် သင့်လျော်မည့်အကြောင်း ရှင်းပြပါတယ်။

ဖူးစကောလယ်တော်က အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ မျက်နှာထားချိုသာပြီး တခြားသူများနဲ့ ယှဉ်ရင် အသက်အရွယ်လည်း အတော်အတန်ရပါပြီ။ သူ့ကို လူငယ်တွေက ဖူး (အဖိုး) လို့ခေါ်ကြပါတယ်။ သူ့ဆီက တော်လှန်ရေးအတွေ့အကြုံနဲ့ အထူးသဖြင့် တရုတ်ပြည်ခရီးစဉ်အကြောင်း စိတ်ဝင်စားဖွယ်ကြားရပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ချူအင်လိုင်းနဲ့ တွေ့ဆုံခဲ့ပြီး ပစ္စတိုသေနတ်တစ်လက် လက်ဆောင်ပေးလိုက်ကြောင်း ဝမ်းသာအားရပြောပြပါတယ်။ ဖူးစကောက ကျနော့်ကို သူ့တောင်ကုန်းလေးက တဲကိုခေါ်သွားပြီး ထမင်းလည်းကျွေးပါတယ်။

ဦးစိုးအောင်က ဧရာဝတီတိုင်းသား ရခိုင်လူမျိုးဖြစ်ပါတယ်။ ကရင့်တော်လှန်ရေး စကတည်းက ပါဝင်ခဲ့ပြီး ဗဟိုကော်မတီဝင် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ အထူးသဖြင့် တပ်ပေါင်းစုကိစ္စတွေကို တာဝန်ယူရပါတယ်။ KNU နဲ့ အခြားတော်လှန်ရေးအဖွဲ့များ စုပေါင်းထားတဲ့တပ်ပေါင်းစုပါ။ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) လို့ခေါ်ပါတယ်။ ကျနော့်ရဲ့ မာနယ်ပလောကို လာရင်းကိစ္စ ဦးစိုးအောင်ကို ပြောပြပါတယ်။ မြောက်ပိုင်းဘက်ကလာတဲ့ တပ်ပေါင်းစုကိုယ်စားလှယ်တွေနဲ့ အရှေ့မြောက်ဒေသကို လိုက်သွားလိုကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီကို သွားလိုကြောင်း ပြောပြပါတယ်။ “တပ်ပေါင်းစုအစည်းအဝေးပြီးကတည်းက ကိုယ်စားလှယ်တွေ ပြန်ကုန်ကြပြီ။ အခုဒီမှာ မရှိကြတော့ဘူး” လို့ ရှင်းပြပါတယ်။ ကျနော် မျှော်လင့်ထားသလို မဖြစ်တဲ့အတွက် အနည်းငယ် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ဒီလိုအတွေ့အကြုံများတဲ့တော်လှန်ရေးသမားကြီးတွေဆီက စကားတွေကြားရတာ အင်မတန်ဗဟုသုတ ရပါတယ်။ ကျနော့်အနေနဲ့ မာနယ်ပလောကိုလာရတာ နိုင်ငံရေးသင်တန်းတစ်ခု တက်နေရသလိုပါပဲ။

ဗိုလ်ချုပ်စောမြမောင်ဆီက “တပ်ပေါင်းစု သဘောထား” ကို စိတ်ဝင်စားဖွယ် နားထောင်ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးတည်ပြောတာဖြစ်လို့ ပိုပြီးတော့ စိတ်ဝင်စားပါတယ်။ ဗိုလ်ချုပ်စောမြမောင်တို့က အရင်က ပဲခူးရိုးမမှာ KNUP အနေနဲ့ ရပ်တည်ခဲ့ကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီက သခင်ဇင်၊ သခင်ချစ်တို့နဲ့ အတူလက်တွဲခဲ့ကြကြောင်း၊ ဦးနေဝင်းအစိုးရက ပဲခူးရိုးမကို “ဖြတ်လေးဖြတ်”စနစ်နဲ့ ချေမှုန်းခဲ့တဲ့အတွက် သခင်ဇင်၊ သခင်ချစ်တို့ကျဆုံးပြီး ကွန်မြူနစ်ပါတီလည်း အရှေ့မြောက်၊ တရုတ်နယ်စပ်ကို ရွှေ့သွားကြကြောင်း၊ သူတို့လည်း ဒေါနတောင်တန်းဖက် ဆုတ်ခွာလာပြီး ဗိုလ်ချုပ်မြခေါင်းဆောင်တဲ့ KNU ဒေသကို ရောက်ခဲ့ကြကြောင်း ပြောပြပါတယ်။

အခုလက်ရှိ တပ်ပေါင်းစုအခြေအနေကို ကျနော်မေးကြည့်တဲ့အခါ “ဗမာပြည်ကွန်မြူနစ်ပါတီကလည်း KNU နဲ့တပ်ပေါင်းစုဖွဲ့ဖို့ ကမ်းလှမ်းတယ်”။ ဗမာပြည်ကွန်မြူနစ်ပါတီက ပြောတာက “ဗမာပြည်တော်လှန်ရေးဟာ ပစ္စည်းမဲ့လူတန်းစားတော်လှန်ရေးဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပစ္စည်းမဲ့လူတန်းစားပါတီဖြစ်တယ်။ ဒါကြောင့် တပ်ပေါင်းစုကို ကွန်မြူနစ်ပါတီဦးဆောင်မှုအောက်မှာ ဖွဲ့ရမယ်” လို့ပြောတယ်။

“ဒို့ကရင်တွေက သဘောတရားရေးတွေ ဘာတွေ မသိဘူး။ သူတို့လည်း လက်နက်ကိုင်တပ်၊ ငါတို့လည်း လက်နက်ကိုင်တပ်၊ တန်းတူ ရည်တူ ဖွဲ့တဲ့ တပ်ပေါင်းစုမျိုးပဲ လိုချင်ကြတယ်”

ဗိုလ်ချုပ်စောမြမောင်က စစ်သားဆိုတာထက် ပညာရှင်နဲ့ ပိုတူပါတယ်။ အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး၊ မျက်မှန်နဲ့ဖြစ်ပါတယ်။ အသက်အရွယ်က ဖူးစကောလယ်တော် နီးပါးရှိပြီထင်ပါတယ်။ ကျနော့်ကိုလည်း သူ့ရဲ့တဲကို ခေါ်ပြီး ထမင်းကျွေးပါတယ်။ “ကွန်မြူနစ်ပါတီကို ရောက်ရင် ပြောပြပါ။ တပ်ပေါင်းစုကို တန်းတူ ရည်တူ ဖွဲ့ပါ။ ဘယ်သူတွေ တော်တယ်ဆိုတာ ကျနော်သိပါတယ်။ တော်တဲ့လူ ခေါင်းဆောင်နေရာ ရမှာပါ”။

KNU ဗဟိုစခန်းမှာနေရင်း သနူးထူးစာစောင်ထုတ်ရာမှာ ကျနော်ဝိုင်းကူပါတယ်။ သနူးထူးက ကရင်စာနဲ့ဗမာစာ ဘာသာနှစ်မျိုးနဲ့ ထုတ်ပါတယ်။ ဖူးစကောလယ်တော်က စာစောင်တာဝန်ခံဖြစ်ပါတယ်။ စာမူစုဆောင်းဖို့၊ လက်နှိပ်စက်ရိုက်ဖို့၊ စာစောင်ထုတ်ဖို့အလုပ်တွေကို ဗိုလ်မှုးမင်းသိန်းက တာဝန်ယူဆောင်ရွက်ပါတယ်။ (ဗိုလ်မှုးမင်းသိန်းက ယခင် KNU ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ နော်စီဖိုးရာစိန်နဲ့ လက်ထပ်ဖို့ရည်ရွယ်ထားသူဖြစ်ပါတယ်။ ၁၉၈၂ လောက်မှာ KNU တပ်ဖွဲ့တစ်ခုကို ဦးဆောင်ပြီး ပဲခူးရိုးမပေါ်အတက်မှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ရာမှာ ကျဆုံးသွားတယ်လို့သိရပါတယ်။) သနူးထူးစာစောင်မှာ ကျနော့်ရဲ့ဆောင်းပါးနှစ်ပုဒ်ထည့်ပါတယ်။ မြန်မာနိုင်ငံပညာရေးစနစ်အကြောင်းနဲ့ ကျောင်းသားလှုပ်ရှားမှုများအကြောင်းဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးမှ ပညာရေးသို့

၁၉ရ၉ သြဂုတ်လထဲမှာ မာနယ်ပလောကနေ ဝမ်းခစခန်းကို သွားကြမယ်လို့ အတွင်းရေးမှုး ပဒိုစောသန်းအောင်က ပြောပါတယ်။ ဗိုလ်ကြီးရောဘတ်ရော ကျနော်ပါ ဝမ်းခခရီးကို လိုက်လာခဲ့ပါတယ်။ မာနယ်ပလောကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ကူးပါတယ်။ ပြီးတော့ ထရပ်ကား ၂စီးနဲ့ ခရီးဆက်ပါတယ်။ ယခု မယ်စရီးယန်းနဲ့ မဲဆောက်လမ်းလို့ထင်ပါတယ်။ ယခုလို ကတ္တရာလမ်းချောချော မဟုတ်ပါဘူး။ ကျောက်ခင်းလမ်းပါ။ တောလည်း အတော်ထူပါတယ်။ ကားပေါ် ပါတဲ့ KNU ရဲဘော် လေး၊ ငါးယောက်က စက်သေနတ်ကို အသင့်အနေအထား ကိုင်ထားပါတယ်။ ကျနော်လည်း မရောက်ဖူးတဲ့ဒေသမို့ တစ်လမ်းလုံးငေးမော ကြည့်ရှုလာပါတယ်။ သုံးနာရီခရီးလောက်မောင်းပြီး မဲဆောက်ကို ရောက်ပါတယ်။ KNU ထောက်လှမ်းရေးမှုး ဗိုလ်မှုးစိုးစိုးအိမ်ကို ဝင်ပါတယ်။ ဗိုလ်မှုးစိုးစိုးအိမ်မှာ ခဏနားကြပြီး သောင်ရင်းမြစ်ကို ပြန်ကူး၊ မြန်မာပြည်ဖက်ကို ပြန်ဝင်ပြီး ဝမ်းခစခန်းက ဗိုလ်မှုးကြီးတောလားအိမ်ကို သွားကြပါတယ်။ ကျနော်တို့ ဗိုလ်မှုးကြီးတောလားရဲ့အိမ်မှာပဲ တည်းခိုကြပါတယ်။

၁၉ရ၉ သြဂုတ်လ (၁၂) ရက်နေ့မှာ ကရင့်အာဇာနည်နေ့ကို ဝမ်ခစခန်းမှာ ကျင်းပပါတယ်။ ကျနော်ပါဝင်တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ KNU ဗိုလ်မှုးကြီး ကျော်သောင်းနဲ့ ရခိုင်တော်လှန်ရေးအဖွဲ့က (ဦး) ခိုင်စိုးနိုင်အောင်တို့နဲ့ တွေ့ပါတယ်။ ဦးခိုင်က အတော်ငယ်သေးတယ်။ ဝမ်းခစျေးတန်းဖက်လည်း ရောက်ပါတယ်။ ဆိုင်တော်တော်များပါတယ်။ မယ်သဝေါစခန်းထက်များပါတယ်။ ဝမ်းခစျေးမှာ မန်းမြင့်ဆိုင်ရဲ့ညီ၊ မန်းဥာဏ်ထွန်းရဲ့ ဆိုင် ရှိပါတယ်။ သူ့ဆိုင်မှာထိုင်ပြီး စျေးသွားစျေးလာတွေကို ငေးပါတယ်။ လက်ဖက်ရည်ဆိုင်တွေလည်း ရှိပါတယ်။ ဝမ်းခစျေးမှာ ဘတ်ငွေပဲသုံးပါတယ်။ ငွေစျေးက တစ်ဘတ်နဲ့ တစ်ကျပ်ညီတူပါပဲ။ တရားဝင်ငွေလဲနှုန်းကတော့ ဗမာငွေတစ်ကျပ်ကို ထိုင်ငွေ လေးဘတ်လောက်ရှိပါတယ်။ မှောင်ခိုစျေးက လေးဆ ကွာပါတယ်။

ဝမ်းခစခန်းမှာ လျှောက်လည်ပြီး သုံး၊ လေးရက်အကြာမှာ အတွင်းရေးမှုး ပဒိုစောသန်းအောင်က ကျနော့်ကိုခေါ်တွေ့ပါတယ်။ သူမာနယ်ပလောကို ပြန်တော့မယ့်အကြောင်းနဲ့ ကျနော့်ရဲ့အစီအစဉ်ကိုမေးပါတယ်။ KNU နယ်မြေမှာ နေချင်သလား။ ပြည်တွင်းကို ပြန်ချင်သလား မေးပါတယ်။

ပြည်တွင်းကို ပြန်လိုကြောင်း ကျနော်ပြောပါတယ်။ ကျနော်တွေ့ဆုံလိုတဲ့ မြောက်ပိုင်းက တပ်ပေါင်းစုကိုယ်စားလှယ်များနဲ့ တွေ့ဆုံခွင့်မရတာကြောင့် ပြည်တွင်းပြန်ပြီး ကျောင်းဆရာပြန်လုပ်ဖို့ပဲ စိတ်ကူးထားပါတယ်။ ပဒိုစောသန်းအောင်က ကုန်သည်တစ်ဦးကိုခေါ်ခိုင်းပြီး ကျနော်နဲ့ တွေ့ပေးပါတယ်။ လက်ပတ်နာရီတစ်လုံးလက်ဆောင်ပေးပြီး အပြန်လမ်းစရိတ်လည်းပေးပါတယ်။ အကြောင်းကိစ္စရှိရင် စောလှမောင်နဲ့ စောလှငွေတို့ကို ဆက်သွယ်ဖို့ မှာကြားလိုက်ပါတယ်။

နောက်နေ့မနက်မှာ ကုန်သည်နဲ့အတူ ဝမ်းခစခန်းကနေ ခြေလျင်ခရီးထွက်ခွာခဲ့ပါတယ်။ ဗိုလ်ကြီးရောဘတ်ကတော့ ဝမ်းခစခန်းမှာ နေရစ်ပါတယ်။ ဝမ်းခကနေ ကျုံဒိုးအထိ တစ်ညအိပ်ခရီးသွားရပါတယ်။ လမ်းမှာ ကုန်သည်အထမ်းသမားတွေ အသွားရော အပြန်ရောတွေ့ပါတယ်။ ကျုံဒိုးကနေ မော်လမြိုင်အထိ ရေကြောင်းခရီးကို ခရီးသည်တင်မော်​တော်နဲ့ လိုက်လာကြပါတယ်။ မော်လမြိုင်ကမ်းမှာ မော်တော်ဆိုက်ပြီးတော့ ကုန်သည်က ကျနော့်ကို မုတ္တမ ဘူတာရုံအထိ လိုက်ပို့ပါတယ်။ ရန်ကုန်ကို ထွက်တဲ့ရထားနဲ့ ကျနော်လိုက်ပါခဲ့ပါတယ်။ ရွာသာအေးကို သွားပါမယ်။ ကျနော့်တပည့်လေးတွေ မျှော်နေကြမယ် ထင်ပါတယ်။

ဒေါက်တာ သိန်းလွင်
၂၀၂၀ သြဂုတ်လ ၁၃ ရက်။