Breaking News

မိုးမခစကားဝိုင်း - ကိုဗစ်အားကိုးနဲ့ ရွေးကောက်ပွဲ ဝင်ခြင်း

Saw Ngo


မိုးမခစကားဝိုင်း - ကိုဗစ်အားကိုးနဲ့ ရွေးကောက်ပွဲ ဝင်ခြင်း

(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၀

မိုးမခက ဝိုင်းတော်သားတွေက အရင်တုန်းကလို အထောက်တော်တွေ (သတင်းထောက်) မဟုတ်ကြတော့ဘူး။ သတင်းကို အချက်အလက် သက်သေသက်ကာယ သတင်းပုံစံကျ ရေးသားတင်ပြခဲ့တဲ့ အချိန်ကို လွန်ခဲ့ပြီး လုပ်ချင်ရာလုပ် ဖြစ်ရာဖြစ်ဆိုတဲ့ အဆင့်တွေ ရောက်ကုန်ကြပြီ။ သည်တော့ အခု ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာ သူတို့နဲ့ သတင်းလုပ်ရတာ အလွန်ခက်ပါတယ်။ သူတို့မြင်တာ ကြားတာကို ပြောပေမယ့် သက်သေထုတ်မပြချင်ဘူး။ ကိုးကားစရာကိုလည်း ပေးချင်မှ ပေးတာ။ သည်တော့ သတင်းလည်း ရေးလို့မရ အတင်းလည်း ပြောလို့မရ အတော် ကန့်လန့်ဖြစ်တယ်။ သို့သော်လည်း သူတို့နဲ့ စကားပြောဖြစ်တာလေး စကားဝိုင်းပုံစံနဲ့ပဲ ချရေးလိုက်ပါတယ်။

မိုးမခဝိုင်းတော်သား ၁
- ကဲ မြန်မာပြည်ရွေးကောက်ပွဲအကြိုက လှုပ်လှချေလား။

မိုင်းမခဝိုင်းတော်သား ၂ - ကိုဗစ်အကန့်အသတ်အောက်မှာ မလှုပ်နိုင်ပါဘူးဗျ။ ခင်ဗျားက အာဏာရပါတီက အစိုးရခရီး လွှတ်တော်ခရီးတွေ သတင်းစိတ်စိတ်ကြည့်နေရတော့ ရွေးကောက်ပွဲအကြို မဲဆွယ်ခရီးတွေထင်ပြီး လျောက်ပြောနေတာပါ။ အခု ကိုဗစ်အောက် အကန့်အသတ်တွေ ချုပ်ချယ်ထားတော့ ရွေးကောက်ပွဲဝင်မယ့် အခြားပါတီတွေ ဘယ်လိုလုပ်ပြီး လှုပ်ရှားရမယ်တောင် မသိဘူး။

ဝိုင်းတော်သား ၁ - မဲဆွယ်ပွဲ ရွေးကောက်ပွဲအကြို ၂ လ လောက်အတွင်း ကန့်သတ်မှုတွေ ရုတ်သိမ်းပေးမယ် ထင်သလား။

ဝိုင်း တော်သား ၂
- မထင်ပါဘူး။ ခင်ဗျားတို့ အမေရိကားကော ကိုဗစ်နဲ့အတူ ရွေးကောက်ပွဲ ဝင်ကြမှာဆိုတော့ ဘာတွေ လုပ်နေကြပြီလဲ။

ဝိုင်းတော်သား ၁ - အာဏာရသမတ ထရန့်ကတော့ အွန်လိုင်းကနေ အစွမ်းကုန် မဲဆွယ်နေတာပဲ။ သူ့သတင်းစာရှှုင်းလင်းပွဲတွေကလည်း ကိုဗစ်အကြောင်းထက် သူ့အကြောင်းနဲ့ ရွေးကောက်ပွဲမဲဆွယ်တာတွေက ပိုများနေတယ်။ ပြိုင်ဘက် ဘိုင်ဒင်ဆိုတဲ့ ဒီမိုကရက်ကတော့ အသံမထွက်လို့ ပရိသတ်က ဝိုင်းပြောနေကြတယ်။ ထရန့်ကြီးကို မုန်းတာသက်သက်နဲ့ ဘိုင်ဒင်က ထိုင်နေရင်း သမတ ဖြစ်မှာ မဟုတ်ဘူး တဲ့။ သူလည်း အခုကတည်းက မဲဆွယ် စည်းရုံး လှုံ့ဆော်သင့်တယ်တဲ့။

ဝိုင်းတော်သား ၂ - သည် မြန်မာပြည်မှာကတော့ အာဏာရပါတီက လှုပ်နိုင်ရှားနိုင်သော်လည်း ပြိုင်ဘက်ပါတီတွေက ဘယ်လိုလုပ်ပြီး လူထုနဲ့ ထိတွေ့ စည်းရုံးရမယ် မသိဘူး ဖြစ်နေတယ်။ ကိုဗစ်က သူတို့ဘက်မှာ မရှိဘူး ဆိုရမလိုပဲ။

ဝိုင်းတော်သား ၁ - ပြိုင်ဘက်ပါတီတွေလည်း ရပ်ကွက်ထဲ ဆင်းပြီး - ဖွင့်ပွဲတွေ မင်္ဂလာဆောင်တွေ အသုဘတွေ ဘုန်းကြီးကျောင်းအလှူတွေ သွားကြပေါ့ဗျာ။ လူထုနဲ့ ဖြစ်တဲ့နည်းနဲ့ ထိတွေ့ရမှာပေါ့။ နောက်ပြီး မြန်မာပြည်မှာ ဖေ့စ်ဘွတ်ကြီးကနေ မဲဆွယ် လိုက်ဗ်လွှင့် အွန်လိုင်းပွဲတွေ လုပ်ပေါ့ဗျ။]

ဝိုင်းတော်သား ၂  - ဖေ့စ်ဘွတ်ကလည်း အစိုးရဘက် ခပ်ပါပါ ဗျ။ ခင်ဗျား ဘာသိလဲ။ ဖေ့စ်ဘွတ်ပရိသတ် ၂၂ သန်းသာ ရှိတာ နိုင်ငံရေးလိုမျိုးကို စိတ်ဝင်စားပြီး လိုက်ခ်လုပ်နေတဲ့ ပရိသတ်မျိုး မဟုတ်ဘူး။ မြန်မာပြည်က ဖေ့စ်ဘွတ်သူငယ်ချင်းတွေဆိုတာက ခင်ဗျားတို့ ကျုပ်တို့ မဟုတ်ဘူး။ ဖျော်ဖြေရေးတွေ မင်းသား မင်းသမီး အွန်လိုင်းစျေးဝယ် စတာတွေ။ အဲသည်ကနေ နိုင်ငံရေးမဲဆွယ်လို့ ရမယ် ထင်လို့လား။

ဝိုင်းတော်သား ၁ - အင်း ဒါဆိုလည်း ဖေ့စ်ဘွတ်ကနေ ကြော်ငြာထိုးတာ ဘုစ်လုပ်တာ ပရိသတ်စည်းရုံးတာတွေ လုပ်ကြပေါ့။

ဝိုင်းတော်သား ၂ - ခင်ဗျား နားမကြားဘူးလား။ ဖေ့စ်ဘွတ်ကလည်း အစိုးရဘက် ခပ်ပါပါ လို့ ကျုပ်ပြောနေတာ။ အခုတလောမှာ အသံကျယ်ကျယ် ဝေဖန်သူတွေ ရွေးကောက်ပွဲကို ပြောဆိုတဲ့သူတွေကို ဖေ့စ်ဘွတ်မှာ ရီပို့ ထုခံရတယ် ထုခံရတယ်ဆိုတာ - ရွေးကော်ကနေ ကိုယ်တိုင် ထုတာ ဖြစ်ချင် ဖြစ်နေမှာ။ ဖေ့စ်ဘွတ်က ကန့်သတ်ထားလို့ ပရိသတ်ဆီ မရောက်နိုင်တာမျိုးလည်း ရှိချင်ရှိနိုင်တယ်။

ဝိုင်းတော်သား ၁ - ခင်ဗျား ပြောတာက ကိုင်းအကြီးကြီးပဲ။ ခင်ဗျားမှာ သက်သေရှိသလား။ ကိုးကားစရာ ရင်းမြစ်ရှိသလား။

ဝိုင်းတော်သား ၂ - မရှိဘူး။ ခင်ဗျားကို သိထားရအောင် ပြောပြတာ။ သတင်းရေးလည်း သက်သေခံမယ်သူကလည်း အမိုက်ခံပြီး ပြောမှာ မဟုတ်ဘူး။ ဒါ မြန်မာပြည် ။ ခင်ဗျားတို့ အမေရိကားမဟုတ်ဘူးလေ။

ဝိုင်းတော်သား ၁ - သည်မှာကတော့ ဆိုရှယ်မီဒီယာမှာ ပါတီကိစ္စ ရွေးကောက်ပွဲကိစ္စလုပ်မယ်ဆိုရင် အဖွဲအစည်းတွေက ဖေ့စ်ဘွတ်က ဆိုင်ရာအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာ လုပ်လို့ရပါတယ်။ အခုလေးတင် ထရန့် ပေါက်ကရလေးဆယ် တင်လို့ ဖေ့စ်ဘွတ်က ဖြုတ်ချလိုက်တယ်။ ဒါကို သတင်းထုတ်ပြန်တယ်။ မီဒီယာတွေက သတင်းလုပ်တယ်။

ဝိုင်းတော်သား ၂ - ခင်ဗျားတို့ဆီမှာ မဲမပေးခင် တရက်ကို မဲမဆွယ်ဘဲ ငြိမ်ပေးရတယ် မဟုတ်လား။ ဆိုရှယ်မီဒီယာတွေမှာကော အသံတိတ်ပေးရလား။

ဝိုင်းတော်သား ၁ - ပါတီတွေက အသံတိတ်ပေးတာပဲ ရှိတယ်။ ဆိုရှယ်မီဒီယာကတော့ အသံတိတ်မယ် မထင်ဘူး။ တင်ချင်သူတွေက တင်နေကြမှာပဲလေ။

ဝိုင်းတော်သား ၂ - အင်း မြန်မာပြည်မှာ မဲမပေးခင် ၁ ရက် ၂ ရက်အလို ဖေ့စ်ဘွတ်တွေ ဘာတွေများ ပိတ်တောင် ပစ်မလား မသိပါဘူးဗျာ။

ဝိုင်းတော်သား ၁ - သက်သေမရှိပဲ ခင်ဗျား ထင်ရာ မြင်ရာ ပြောနေတာကို ကျနော်က သတင်းမလုပ်နိုင်ပါဘူး။

ဝိုင်းတော်သား ၂ - မလုပ်ခိုင်းပါဘူး။ ဖေ့စ်ဘွတ် ပရိသတ် ၂၂ သန်းက လည်း တကယ်သတင်းတွေ အချက်အလက်တွေကို ဖေ့စ်ဘွတ်အားကိုးပြီး သုံးနေတာမှ မဟုတ်တာ။ သူတို့စိတ်အားသန်ရာတွေ လိုက်ခ်လုပ်ပြီး သုံးနေကြတော့ ဖေ့စ်ဘွတ်ကနေ ရွေးကောက်ပွဲမဲဆွယ်ဖို့ အကျိုးရှိအောင်လုပ်ဖို့လည်း ခက်ပါတယ်။

ဝိုင်းတော်သား ၁ - တကမ္ဘာလုံး ဖေ့စ်ဘွတ်နဲ့ ဆိုရှယ်မီဒီယာသုံးပြီး မဲဆွယ်နေကြ စျေးရောင်းနေကြ ပုတ်ခတ် တိုက်ခိုက်လုပ်ကြံနေကြတဲ့ဟာကို ခင်ဗျားပြောပုံက လွဲနေသလိုပဲ။

ဝိုင်းတော်သား ၂ - အပြုသဘော တည်ဆောက်ဖို့အတွက် ဖေ့စ်ဘွတ်ကို မြန်မာပြည်မှာ မသုံးနိုင်ဘူး ပြောတာ။ အဖျက်သဘော လုပ်ချင်ရင်တော့ facebook က အဆင်သင့်ပဲ။ အခုလည်း ခင်ဗျား ယုံလေးအမ်တီဗီ အတင်းအဖျင်းတွေ ကြည့်ပြီး အလုပ်များနေတယ် မဟုတ်လား။

ဝိုင်းတော်သား ၁ - ထားပါတော့လေ။ ခင်ဗျားပြောနေသလိုဆိုရင် အင်န်အယ်ဒီက မဟာမိတ်တွေ တိုင်းရင်းသားတွေနဲ့ လက်မတွဲဘူးပေါ့။ သူချည်းသာလော … ဆားလည်း မပါဘူး ဆိုတဲ့သဘောလား။ အခု ရွေးကောက်ပွဲကို ဝင်မယ့် စတိုင်က။

ဝိုင်းတော်သား ၂ - ၂၀၁၅ တုန်းကလည်း သည်လိုပါပဲ။ အခုမှ မဟုတ်ပါဘူး။ တပါတီထဲ နေရာကုန်နိုင်ပြီး တပါတီထဲနဲ့ အစိုးရဖွဲ့နိုင်အောင် အခု ၂၀၂၀ မှာလည်း အစွမ်းကုန် လုပ်နေတယ်လို့ ဆိုရမယ်။ မိမိ၏ သဘောထားသာ ဖြစ်ပါကြောင်း။ မိမိစကားကို တာဝန်ယူချင်မှ ယူမည် ဖြစ်ကြောင်း ကွင်းစကွင်းပိတ်ထည့်နော်။

ဝိုင်းတော်သား ၁ - အင်း တနေ့က ကိုကိုးကျွန်း သွားတယ်။ ရေတွေမီးတွေ အဆင့်မြှင့်တတ်ဆင်ပေးမယ်လို့ မှာကြားသွားတယ်။ လူထုဘ၀အတွက် လုပ်ပေးနေတာဗျာ။ ခင်ဗျားကျတော့မှ ဒါမဲဆွယ်တယ်လို့ စွပ်စွဲရက်တယ်။

ဝိုင်းတော်သား ၂ - ခင်ဗျားစဉ်းစားလေ။ ကြံ့ဖွတ်ပါတီတောင် သူတို့နိုင်ဖို့ နဲနဲနဲ့ ကြဲကြဲဝိုင်းပြီး နိုင်နိုင်တဲ့ မဲဆန္ဒနယ်တွေကို အသေအချာရွေးချယ်ပြီး ဝင်ပြိုင်တာ။ နယ်တွေ ပြည်နယ်တွေ လူဦးရေ ကြဲတဲ့ ဒေသတွေ အများကြီး။ အခု သည်တခါ တပါတီတည်း နိုင်ချင်ရင် အကုန်အသေးစိတ်ကို စီမံမှ ဖြစ်မယ်။ ကယားမှာ ဦးစိုးသိန်း နိုင်တာ လူဦးရေနည်းတဲ့နယ်။ နောက်ပြီး ကြားဖြတ်တုန်းက ဆိပိကမ်းမှာ ကြံ့ဖွတ်နိုင်တာကို ကြည့်။ နောက်မှ အင်န်အယ်ဒီက တရားလိုက်စွဲပြီး ပြန်အနိုင်ရသွားတယ်။ အခု အဲသည် ဆိပ်ကမ်းမြို့နယ် မရှိတော့ဘူး။ လှိုင်သာယာ ၁ နဲ့ ၂ ဆိုပြိး ခွဲထုတ်လိုက်ပြီ။ ကြားဖြတ်တုန်းကလို ကြံ့ဖွတ်က အပိုင်တွက်လုပ်မရတော့ဘူးပေါ့။

ဝိုင်းတော်သား ၁ - အော် ဒါကတော့ အနိုင်ရပါတီတိုင်းက ကိုယ့်အတွက်အသာရမယ့် မဲပေးမယ့်သူတွေ အားကောင်းအောင် နယ်မြေတွေ ပြုပြင်ပိုင်းခြားယူတာ အမေရိကားမှာလည်း ရှိပါတယ်။ gerry mandering လို့ခေါ်တယ်။ သန်းကောင်စာရင်းပေါ် မူတည်ပြီး နယ်မြေတွေ ပြန်ဆွဲခွင့် ရှိတယ်လေ။ ရုံးရောက် ဂတ်ရောက်ပဲ။ ပါတီတွေ အပြန်အလှန် တရားစွဲနေကြတာ တခြိမ်းခြိမိးပဲ။ ခင်ဗျားတို့ မြန်မာပြည်လည်း အမေရိကားလိုပဲ ဒီမိုကရေစီဆန်လာပြီပေါ့။

ဝိုင်းတော်သား ၂ - မပြောတတ်ပါဘူးဗျာ။ ကျုပ်တို့ဆီမှာက အခြေခံဥပဒေအရ ၂၅% ဆိုတာ ရှိသေးတယ်။ အဲသည် ၂၅% ကြောင့် ဒီမိုတပါတီတည်းက သောင်ပြိုကမ်းပြို နိုင်ပြီး အစိုးရဆက်ဖွဲ့နိုင်ဖို့ အရေးကြီးတယ်လို့ လော်နေကြတာလည်း ရှိတယ်။ သည် ၂၅% လုပ်နေတာက အခြားပြိုင်ဘက်ပါတီတွေ အခွင့်အလမ်းနည်းအောင် လည်ပင်းညှစ်ထားသလို ဖြစိနေသလားပဲ။

ဝိုင်းတော်သား ၁ - ခင်ဗျားတို့ဆီမှာ ပြိုင်ဘက်ပါတီတွေထဲမှာ ဒီမိုပါတီတွေကော ရှိလို့လားဗျာ။ ကြံ့ဖွတ်နဲ့ စစ်အုပ်စု မဟာမိတ်တွေချည်း မဟုတ်လား။

ဝိုင်းတော်သား ၂ -
အခု အစဉ်အတိုင်းကြည့်ရင်ကတော့ တစ်က NLD နောက်က အမတ်ဦးရေ အများဆုံး ဝင်ပြိုင်မှာက USDP ပြီးတော့ ဦးရွှေမန်းပါတီ၊ သူတို့နဲ့ ကပ်ရက်က NDF တို့ နောက် ခင်ဗျားတို့ ၈၈ မျိုးဆက် - ပြည်သူ့ပါတီရှိမယ်ဗျာ။ ၈၈ တွေထဲက လူ့ဘောင်သစ်တွေ ရှိမယ်။

ဝိုင်းတော်သား ၁ - အခုတလောက သူများပါတီတွေလည်းကို မဲပေးကြဖို့ ဆော်ဩသူတွေက ဆော်ဩနေကြတယ်။ ပြီးတော့ ဘယ်သူမှ မဲမပေးဘူးလို့ ဆော်ဩသူကလည်း ဆော်ဩကြတယ်။ ဘာသဘောတွေလဲဗျ။

ဝိုင်းတော်သား ၂ - မီဒီယာတွေမှာကလည်း ဒါကို ပွင့်ပွင့်မရေးကြဘူးဗျ။ အစိုးရပါတီကို မဲမပေးနိုင်ဘူး ဆိုတာနဲ့ ရန်သူလို ဝိုင်းဆော်ကြတာပဲ။ သူများပါတီတွေထဲက ကိုယ်ကြိုက်တဲ့သူကို မဲပေးမယ် ဆိုရင်လည်း အဝေဖန်ခံထိတာပဲ။ ကံဆိုးရင် ဖေ့စ်ဘွတ်က အကောင့်ကို ဖြုတ်ချလို့ လိုက်တောင်းပန်ရ ဘာရနဲ့။ အလုပ်ရှုပ်သေး။ ဘယ်မှ မဲမပေးဘူးဆိုတော့လည်း သစ္စာဖောက်တွေ ဖြစ်ကုန်တာ ယုန်လေးတောင် အဲသည်လောက် လူမုန်းမများဘူး။ ဒီအချိန် လူမုန်းများချင်ရင် သီချင်းတွေ အမ်တီဗီတွေ မရိုက်နဲ့ဗျ။ နိုးဘုတ်ကိုသာ ဖိအော်။ လူမုန်းများနည်းပဲ။

ဝိုင်းတော်သား ၁ - ခင်ဗျားတို့က ဒေါ်အောင်ဆန်းစုကြည်ပါတီကို မထောက်ခံချင်ရအောင် ဘာသဘောလဲဗျ။

ဝိုင်းတော်သား ၂ - ခင်ဗျားတို့က ခင်ဗျားတို့က ဆိုပြီး တရားခံဆွဲချ မလုပ်ပါနဲ့။ ကျနော်တို့ကတော့ လွတ်လွတ်လပ်လပ် ပြောချင်တာ ပြောပါရစေ။ အခု ၅ နှစ် သက်တမ်းမှာ အခက်အခဲတွေ ရှိတာ လွဲချော်တာ၊ ကတိအတိုင်း မဆောင်ရွက်နိုင်တာ ၊ အချို့ ဝန်ကြီးချုပ်တွေ အစိုးရခေါင်းဆောင်တွေ ညံဖျင်းတာ၊ သုံးမရတဲ့ အမတ်တွေ ပါနေသေးတာတွေ ပြည်သူတွေလည်း သိပါတယ်။ ပါတီခေါင်းဆောင်တွေလည်း သိပါတယ်။ ဒီတော့ နောက် ၅ နှစ် သက်တမ်း ဆက်ပြိုင်ဦးမယ်ဆိုတဲ့ ဒီမိုကရေစီဦးဆောင်ပါတီက ဒါကို လူတွေကြားမှာ ပွင့်ပွင့်လင်းလင်း ချပြပြီး သင်ခန်းစာယူတာ၊ ဝန်ခံတာ၊ သုံးသပ်ပြင်ဆင်တာမျိုး မလုပ်ပဲ ခပ်တည်တည်နဲ့ ဆက်ထောက်ခံကြ၊ ဆက်ပြီး ဝန်းရံကြဆိုပြီး ခြေလှမ်းတွေ လှမ်းပြတာကိုတော့ ကျနော်တို့အနေနဲ့ကတော့ စိတ်မသက်မသာ ဖြစ်ရတယ် ပေါ့ဗျာ။

ဝိုင်းတော်သား ၁ - ဒါနဲံများ မထောက်ခံချင်ရအောင် ဖြစ်စရာလားဗျ။

ဝိုင်းတော်သား ၂ - သူတို့ပါတီကိုယ်တိုင်က ရုပ်တည်ကြီးနဲ့ ဘာမှ ထုတ်ဝန်မခံဘဲ ထောက်ခံကြပါ ဆက်ပြီး ထောက်ခံကြပါဆိုနေမှတော့ ကျုပ်တို့ မဲဆန္ဒရှင်တွေဘက်ကလည်း ကိုယ်တတ်နိုင်သလောက်လေး ဆူဆူဆောင့်ဆောင့် ပွစိပွစိ ကွန်ပလိမ်း လုပ်ကြည့်ကြတာပါဗျာ။ သူတို့တွေ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာတတ်အောင်လေးပါ။ ဒါကို သူတို့က "ငါတို့ကဒီမိုကရေစီဘခင်ကြီးတွေ၊ မိခင်ကြီးတွေကွ ! … ငါတို့ကြောင့် မင်းတို့ လွတ်လပ်ခွင့်ကလေးဘာလေး ရဖူးတာ။ ငါတို့ကို မစော်ကားကြနဲံ့ ဒေဝဒတ်မြေမြိုသလို မြေမြိုခံရမယ်" ဆိုပြီး အသံပြုလွန်းကြတော့ အမြင်လည်း ကပ်ချင် ကပ်မိမှာပေါ့။

ဝိုင်းတော်သား ၁ -
ခင်ဗျားက စကားကို ထိန်းပြောမှပေါ့။ ကျေးဇူးရှင်စော်ကားလို့ မြေမြိုခံရမယ်အထိတော့ အစိုးရပါတီက အလွန်အကျွံ မပြောလောက်ပါဘူး။ မသကာ လက်၂လုံးအလို ကယ်တင်လိုက်တာလို့ ပြောတာမျိုး ပြောချင်ပြောမှာပေါ့။

ဝိုင်းတော်သား ၂ - မပြောရဲပေါင်ဗျာ။ မြန်မာပြည်မှာ နေရတာ တပ်ကြောက်ရ၊ အစိုးရကြောက်ရ၊ ပါတီကြောက်ရ၊ လော်ဘီတွေ ကြောက်ရ၊ ဖေ့စ်ဘွတ်ကြောက်ရနဲ့ မအားရပါဘူး။ မီဒီယာတွေကိုလည်း ကြောက်ရပါတယ်။ သူတို့ ရေးချင်တာ ရေးလွှတ်လိုက်တာ။ အခု ခင်ဗျားလည်း ဘာတွေ ရေးထည့်လိုက်မယ် မသိဘူး။

ဝိုင်းတော်သား ၁ - ဒါနဲ့ ကိုယ်ကြိုက်တဲ့ အခြား ဒီမိုပါတီ ကိုယ်စားလှယ်နဲ့ တိုက်ဆိုင်ရင် မဲထည့်ကြပေါ့ဗျ။ ဥပမာ - ၈၈ က ကေကျု (ဦးကိုကိုကြီး ၊ ပြည်သူ့ပါတီ) တောင်ဥက္ကလာ က ဝင်ပြိုင်ရင် သူ့ကို မဲထည့်ပေးချင် ပေးရမှာပေါ့။

ဝိုင်းတော်သား ၂ - အဲဒါလည်း မဲကွဲမယ် ဘာကွဲမယ် ဆိုပြီး လော်ကြ အော်ကြနဲ့ အသာလေး ပါးစပ်ပိတ်နေရပြန်သဗျ။ တဖက်က ၂၅% ဆိုတဲ့ဟာကြီးက ကျန်တဲ့ပါတီတွေကို ဖြဲဖြဲခြောက်နေတော့ မျက်စိမှိတ်ပြီး အစိုးရပါတီကိုပဲ မဲပေးရမလို ဖြစ်နေတယ်လေ။ ခင်ဗျားကို ရှင်းပြရတာ အာပေါက်တယ်ဗျာ။ သည်တော့ အခု ကလေးတွေက ဘယ်သူမှ မဲမပေးဘူးဆိုပြီး ထကြွလှုံ့ဆော်နေကြတာပေါ့။

ဝိုင်းတော်သား ၁ - အိုးအို ဒါကြောင့်ကိုး။ မဲပေးတော့လည်း တပါတီတည်း။ အခြားပါတီတွေကိုလည်း မဲပေးလို့ မဖြစ်ပြန်ဘူး။ သည်တော့ လက်ရှိအစိုးရပါတီက နောက် ၅ နှစ်အတွက် ထင်ရှားသိသာတဲ့ ကတိကဝတ် မထားသေးဘဲ မဲပေးရမယ့်အတူတူ ဘယ်မဲမှ မပေးဘဲနေမယ့် အကြပ်အတည်းတခု ထုတ်ဖော်ကြတဲ့ နိုးဗုတ်လှုပ်ရားမှုကလည်း နောက်ဆက်တွဲ ဖြစ်ပွားလာတယ် ဆိုရမှာပေါ့။

ဝိုင်းတော်သား ၂ - အင်း သည်လိုပဲ ဖြေသာသလို တွေးကြည့်ရတာပေါ့ဗျာ။ ဒါတောင် တိုင်းရင်းသားနယ်မြေတွေ ပြည်နယ်က လူနည်းစု ကိုယ်စားပြုသူတွေအကြောင်း ထည့်မပြောလိုက်ရဘူး။ အခုဟာက ပြည်မကြီး ကိစ္စပဲ ပြောနေရတာ ရှိသေး။

ဝိုင်းတော်သား ၁ - တော်ပါပြီဗျာ အခုလောက်ဆို စကားဝိုင်းတခုစာ ရေးလို့ရပြီ။ ခင်ဗျားကိုတော့ အမည်မဖော်နိုင်တော့ သည်ဆောင်းပါးက ရင်းမြစ်မဲ့ အလကားပဲတင်း ဖြစ်သွားတာပေါ့။ အေးလေ စဉ်းစားစရာ ရတယ်ဆို ပြီးတာပဲ။ ကျုပ်တို့ကိုလည်း ရီပို့ထုစရာ မလိုတော့ဘူးပေါ့။

ဝိုင်းတော်သား ၂ -
အေးပေါ့။ ဖေ့စ်ဘွတ်ကိုလည်း ကျေးဇူးတင်ပါဗျာ။ အခုလို ဖေ့စ်ဘွတ်မတ်စင်ဂျာကနေ ဖုံးခေါ်ပြီး စကားပြောနိုင်တာ ပိုက်ဆံကုန်လည်း သက်သာ အဆင်လည်း ပြေပါတယ်။ အရင်တုန်းကဆို ဒေါ်လာငွေတွေ ရေလိုသုံးပြီး ခင်ဗျားတို့ ဆက်ပြီး သတင်းလုပ်ခဲ့ရတာတွေ ကုန်လွန်ခဲ့ပြီလေ။ နိုင်ငံတော်ကြီးကိုလည်း ကျေးဇူးတင်ကြောင်း ထည့်ရေးဦး။