Breaking News

လှကျော်ဇော - ဖေဖေနဲ့ဟိုင်နန်ကျွန်း


လှကျော်ဇော - ဖေဖေနဲ့ဟိုင်နန်ကျွန်း

(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၀

အခုတလော တရုတ် သတင်းတွေမှာ ဟိုင်နန်ကျွန်းအကြောင်းတွေချည်း လာနေလို့ ဖေဖေ့ကို သတိရနေမိတယ်။
ဟိုင်နန်ကျွန်းဆိုတာက တရုတ်ပြည်တောင်ဘက်စွန်းက ကျွန်းတကျွန်း။ အပူပိုင်းဒေသ ရာသီဥတု ရှိတာကြောင့်
အစောပိုင်း (တံခါးဖွင့် ပေါ်လစီ စခါစ) ၁၉၈၀ ပြည့်နှစ်များကတည်းက ရာသီအပန်းဖြေဒေသအဖြစ် နာမည်ကြီးခဲ့တာပါ။ ဆောင်းရာသီ တရုတ်ပြည်မြောက်ပိုင်း (အအေးပိုင်းဒေသ)က ချမ်းသာလာသူများရဲ့ ဆောင်းခိုအရပ်အဖြစ်လည်း ကျော်ကြားလာပြီး ဟိုင်နန်မှာ အိမ်ခန်းတွေ ဝယ်ကြ၊ ငှားကြနဲ့။ ဟိုင်နန်မှာ ဆောက်လုပ်သမျှ အဆောက်အဦဟူသမျှလည်း ဆောက်မလောက်ဖြစ်ပြီး ဈေးလည်း အရမ်းတက်လာတာကြောင့် အစိုးရက ဝင်ကိုင် ကြီးကြပ်နေတာတွေလည်း ကြားရပါတယ်။ 

တရုတ်ပြည်ရဲ့ ဟာဝိုင်ရီလို့ တင်စားခေါ်လာပါတယ်။ လွတ်လပ်တဲ့ ကုန်သွယ်ခွင့်ရ အထူးဒေသအဖြစ်လည်း သတ်မှတ်ထားတော့ တခြားလုပ်ငန်းအမျိုးမျိုးလည်း ပေါ်ထွန်းလာပါတယ်။ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေ အထူးသဖြင့် တရုတ်တိုင်းရင်းဆေးနဲ့ ကုသပေးတဲ့ ဆေးရုံ ဆေးခန်းတွေလည်း ပေါ်ထွက်လာပါတယ်။ ပင်လယ်သွား အပျော်စီးသင်္ဘောခရီးလမ်းကြောင်းတွေလည်း အများအပြား ပေါ်လာပါတယ်။ အေစီယမ်နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံများကတောင် အပျော်စီးသင်္ဘောတွေနဲ့ ခရီးသွားလည်ပတ်လာသူတွေကို တွေ့ရပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားအဆင့်မြင့်ကုန်ပစ္စည်းတွေကို အခွန်လွတ်ရောင်းချတဲ့ ဆိုင်တွေလည်း ဖွင့်ထားတာကြောင့် တရုတ်ပြည်က အခုနောက်ဆုံးပေါ် လူတန်းစားအလွှာများရဲ့ ဈေးဝယ်ထွက်ရာ နိဗွာန်ဘုံလည်း ဖြစ်နေပါတော့တယ်။

အခု ဇွန်လ ၁ ရက်နေ့မှာတော့ တရုတ်အစိုးရက ဟိုင်နန်ကို လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဆိပ်ကမ်းအဖြစ် အဆင့်မြှင့်ဖို့ အချိန်ဇယားနဲ့တကွ ကြေညာလိုက်ပါပြီ။

တရုတ်က သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုအရှိန်မြှင့်လုပ်ရေးအတွက် ခြေလှမ်းစလိုက်တာပါ။ ခုနှစ် ပစ်ကွင်း အတိအကျနဲ့ စီမံကိန်း (master plan) ကို ထုတ်ပြန်လိုက်တာပါ။

ဒါကြောင့် ဒီသတင်းတွေကို ပြည်တွင်းမှာ ပိုမိုနားလည်လာအောင် ရှင်းပြတဲ့ အစိုးရအရာရှိများရဲ့ ပြောဆိုချက်တွေ၊ တခြားနိုင်ငံတကာ ပြောဆိုမှုများ (ဥပမာ- ဟောင်ကောင်ဆိပ်ကမ်း အစားထိုးဖို့ စတာတွေ)ကို ချေပချက်တွေ၊ နောက်ထပ် ထုတ်ပြန်မယ့်စည်းကမ်းတွေ စတာတွေ နေ့စဉ်မပြတ် ကြားနေရတာပါ။

တရုတ်အစိုးရက ဟိုင်နန်ဆိပ်ကမ်းကို ၂၀၃၅ မှာ နိုင်ငံတကာအဆင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဆိပ်ကမ်းအဖြစ် အရောက်လှမ်းဖို့အတွက် ချလိုက်တဲ့ စီမံကိန်းကြီးပါ။ ဟိုင်နန်ဆိပ်ကမ်းကို အခုခေတ်သစ် ရေကြောင်း ပိုးလမ်းမကြီးရဲ့ ရှေးဦးတာထွက်နေရာအဖြစ် သတ်မှတ်ဖို့လည်း ပြင်ဆင်လိုက်ဟန် ရှိပါတယ်။

ဟိုင်နန်ဟာ ပထဝီအနေအထားအရလည်း အရှေ့တောင်အာရှနဲ့ အနီးဆုံးနေရာဖြစ်ရုံမက လူဦးရေ ၉ သန်းကျော်၊ ဧရိယာ ၃၅၀ဝ စတုရန်းကီလိုမီတာ ရှိပါတယ်။ စင်ကာပူတို့၊ ဟောင်ကောင်တို့ထက် အဆပေါင်းများစွာ ကျယ်ဝန်းတာပါ။ ဒါတွေကို အခွင့်ကောင်းအဖြစ် အသုံးချပြီး တရုတ်အနေနဲ့ ဟိုင်နန်ကို နိုင်ငံခြားကုန်သွယ်ရေး ဗဟိုချက်မ (hub) အဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ပုံရပါတယ်။

ဪ… ဖေဖေများ ဒါတွေကြားရ၊ သိရရင် ဘာတွေပြောဦးမလဲ မသိဘူး။

*

ဖေဖေတို့ ရဲဘော်သုံးကျိပ် ဒုတိယအသုတ်က ၁၉၄၁ မေလ ၁၀ ရက်နေ့မှာ ဟိုင်နန်ကျွန်းကို ရောက်ရှိလာတာပါ။ အဲဒီကာလက ဟိုင်နန်ကျွန်းကို ဂျပန်က သိမ်းထားတာပါ။ ဖေဖေတို့က ဟိုင်နန်ကျွန်းတောင်ဘက်အစွန်းမှာရှိတဲ့ ‘စန်းယ’ ဆိုတဲ့ ရွာလေးနားက ဂျပန်ရေတပ်စခန်းမှာ စခန်းချနေရပြီး စစ်ပညာကို သင်ရပါတယ်။
ဟိုင်နန်ကျွန်းပေါ်က အဖြစ်အပျက် အကြောင်းအရာ တော်တော်များများကို ဖေဖေက သူ့စာအုပ်မှာ အပြည့်အစုံ ရေးထားပြီးပါပြီ။

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ကိုယ်တိုင်ရေး အတ္ထုပွတ္တိ၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့၊ ယဉ်မျိုးစာပေထုတ်၊ နှာ-၃၀-၆၁) ဒီစာအုပ်ကို ညွှန်းလို့သာ ညွှန်းရတာ။ တကယ်တော့ ဖေဖေရဲ့ ဂျပန်သွားမှတ်တမ်းအပြည့်အစုံ (ဒိုင်ယာရီ) က တပ်မတော်မော်ကွန်းတိုက်မှာ သိမ်းဆည်းထားတာဖြစ်လို့ ကျွန်မတို့နဲ့ လက်လှမ်းမမီပါဘူး။ အဲဒီမှတ်တမ်းမှာတော့ ပိုပြည့်စုံနိုင်ပါတယ်။

ဒါ့ကြောင့် အဲဒီမှတ်တမ်းပေါ် အခြေခံပြီး ဖေဖေ ရေးခဲ့ဖူးတဲ့ ဆောင်းပါး (၁၉၅၇၊ မတ် ၁၄ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်)မှာတော့ အဖြစ်အပျက်တွေကို နေ့စွဲနဲ့တကွ ရေးသားထားတာ တွေ့ရပါတယ်။ 

(မှတ်ချက်။ ဖေဖေ အရင်က ရေးဖူးတဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေကို နောက်ပိုင်းမှာ စာအုပ်ထုတ်ခွင့်ရလာချိန်မှာ နေရီရီစာအုပ်တိုက်က စုပေါင်းထုတ်ပေးခဲ့ပါတယ်။ ဥပမာ- ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော။ ဖက်ဆစ်တော်လှန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး သဘောထားနှင့် လက်ရွေးစင် မိန့်ခွန်းများ။ ဒုတိယအကြိမ်ထုတ်။ နေရီရီ။ ၂၀၁၂ အောက်တိုဘာ)

ဖေဖေက ဟိုင်နန်ကျွန်းပေါ်က စစ်သင်တန်းတွေအကြောင်း ရေးထားရုံမက အဲဒီကာလအတွင်းက သူနဲ့ အင်မတန် ရင်းနှီးခဲ့တဲ့ သူ့ရဲဘော်ကြီးများအကြောင်းလည်း လွမ်းဆွတ်စွာ ရေးထားတာတွေ တွေ့နိုင်ပါတယ်။

အထူးသဖြင့် သူနဲ့အတူတူ ထမင်းချက် တာဝန်ယူခဲ့ရတဲ့ ဗိုလ်မြင့်အောင်ကြီးကို အတော်ခင်မင်ခဲ့ပုံရပြီး သတိတရ ရှိတာ တွေ့ရပါတယ်။ ဖေဖေက ထမင်း၊ ဟင်း မချက်တတ်ပါဘူး။ ဒီတော့ ဗိုလ်မြင့်အောင်ကို ဆရာတင်ပြီး သူခိုင်းတဲ့အတိုင်း လိုက်လုပ်ရသတဲ့။ သူတို့က အလှည့်ကျ ထမင်းချက် တာဝန်ယူရတာ။ တာဝန်ကျတဲ့နေ့ မနက်မှာ စတိုခန်းထဲက တနေ့စာ ရိက္ခာထုတ်ရတာ၊ ဂျပန်တွေ မျက်စိအောက်ကနေ တနေ့ ဝေပုံကျရိက္ခာ ထုတ်တဲ့အခါ ဗိုလ်မြင့်အောင်ကြီး လျင်ပုံက သူ့အတွက် ဘီယာ ၂ ပုလင်းနဲ့ ဖေဖေ့အတွက် ချောကလက် ၂ ထုပ် ရအောင် ထုတ်ယူလာတတ်တာပါပဲ။ ဖေဖေက ထမင်းကျက်၊ မကျက် မသိလို့ ထမင်းတွေကို ယောင်းမနဲ့ ကော်ယူသွားပြီး ဗိုလ်မြင့်အောင်ကို သွားမေးရသတဲ့။ သူက ထမင်းအိုးကို ချလို့ရပြီလို့ ပြောမှ ဖေဖေက ထမင်းအိုး ချရတာတဲ့။ အုန်းထမင်းချက်လည်း သိပ်ကောင်းလို့ ရိက္ခာအတွက် အမဲသားရတဲ့နေ့ ဆိုရင် အမဲသားနှပ်နဲ့ အုန်းထမင်း ချက်တတ်သတဲ့။ ဂျပန်တွေပါ လျှာလည်ကုန်ပြီး မကြာခဏ ဗိုလ်မြင့်အောင်ကြီးကို အုန်းထမင်း ချက်ခိုင်းသတဲ့။
အဲဒီတုန်းက ဟိုင်နန်ကျွန်းမှာ အနှီး (နောင် လွတ်မြောက်ပြီးနောက် လီလူမျိုးစုလို့ ခေါ်) ဆိုတဲ့ လူမျိုးစုတွေ နေကြပြီး သိပ်ဆင်းရဲကြတာတဲ့။ သူတို့ရွာသားတွေက အုန်းသီးတွေ လှည်းနဲ့ တိုက်ယူလာပြီး ဖေဖေတို့စခန်းက အဝတ်ဟောင်းတွေ၊ စီးကရက်၊ ဆေးလိပ် စတာတွေနဲ့ လဲကြသတဲ့။

ဗိုလ်ရန်အောင်အကြောင်းလည်း ရှိပါသေးတယ်။ ဖေဖေက အသန့်အပြန့်လည်း ကြိုက်၊ ဘာသာတရားလည်း သိပ်ကိုင်းရှိုင်းတာကို ဗိုလ်ရန်အောင်က တော်လှန်ရေးသမား အတွေးအခေါ်တွေနဲ့ မကိုက်လှလို့ ထင်မြင်ယူဆပုံရပါတယ်။ ဒါ့ကြောင့် ဖေဖေကို မကြာခဏ ဒီကိစ္စများနဲ့ပတ်သက်ပြီး နောက်ပြောင်လေ့ရှိတတ်တာကိုလည်း ရေးထားတာ တွေ့ရပါတယ်။

ဒီသဘောထားကို သိနိုင်တာကတော့ သူတို့တတွေ လူချင်းခွဲခါနီးမှာ ဖေဖေ့ကို ဗိုလ်ရန်အောင်က ဗမာပြည် ပြန်ရောက်လို့ ကိုဗဟိန်းနဲ့တွေ့ရင် နိုင်ငံရေးသင်တန်းပေးခိုင်းဗျာလို့ မှာသတဲ့။

(၁၉၄၄ ခုနှစ် ဖေဖေက သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတက်ရတော့မှ ဗိုလ်ရန်အောင်က သူ့ကို ဘာကြောင့် နိုင်ငံရေးသင်တန်းတက်ဖို့ လိုအပ်တယ်လို့ ပြောတာကို သဘောပေါက်မိတယ်တဲ့။ ဟုတ်ပါတယ်။ အဲဒီ နိုင်ငံရေးသင်တန်းက ဖေဖေ့ကို သာမန်မျိုးချစ်စစ်သားလေးဘဝကနေ ရာသက်ပန် လူတန်းစား လွတ်မြောက်ရေး တိုက်ပွဲဝင် တော်လှန်ရေးသမား ကွန်မြူနစ်တယောက်အဖြစ် ပြောင်းလဲပေးလိုက်တာပါ။)

သူတို့ရဲဘော်သုံးကျိပ်တွေ တယောက်နဲ့တယောက် သံယောဇဉ်ကြီးရတာကလည်း သိပ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ အဲဒီဟိုင်နန်ကျွန်းပေါ်မှာ စစ်သင်တန်းတွေ တက်ရစဉ်က အလွန်ပင်ပန်းဆင်းရဲရုံမက (ဂျပန်တွေက ပြန်မှလွှတ်ပါ့မလားလို့) ရင်တထိတ်ထိတ် နေခဲ့ရတဲ့ကာလများ ရှိခဲ့ကြလို့ ဖြစ်ဟန်ရှိပါတယ်။ (နောက်ပိုင်း အတွေးအခေါ် အယူအဆတွေ ကွဲပြားလာတာ တပိုင်းပါ။)

တကယ်တော့ ရဲဘော်သုံးကျိပ်အတွင်း အစကတည်းက တို့ဗမာအစည်းအရုံးဂိုဏ်း နှစ်ဂိုဏ်းက ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည် လွတ်လပ်ရေးအတွက် တစိတ်တည်း တဝမ်းတည်း ကြိုးစားကြမယ် ဆိုတဲ့ ရည်မှန်းချက် အောက်မှာ စည်းလုံးညီညွတ်စွာ စစ်ပညာများကို လောဘတကြီး စိတ်အားထက်သန်စွာ သင်ယူခဲ့ကြတာ …. လို့ ဖေဖေ ရေးထားတာ တွေ့ရပါတယ်။

နှစ်နဲ့ချီသင်ရမယ့် သင်တန်းတွေကို ၃ လအတွင်း အပြီးသင်ရတာ ဖြစ်လေတော့ မိုးလင်းက မိုးချုပ် ထမင်းစားချိန်လေးမှအပ တောက်လျှောက်သင်တန်းဆင်းရတာပါ။

အစားအသောက်ကလည်း အတော်ဆင်းရဲပါတယ်။ ဒီကြားထဲ ညတိုက်ပွဲသင်တန်းကလည်း တပတ် ၃ ကြိမ် လေ့ကျင့်ရသတဲ့။

အဲဒီညတိုက်ပွဲလေ့ကျင့်ခန်းတခုအတွင်း ဖေဖေက သူ မမေ့နိုင်တဲ့ အဖြစ်အပျက်တရပ်ကိုလည်း ရေးထားတာ တွေ့ရပါတယ်။

ဖေဖေတို့ရဲ့ ရည်ရွယ်ချက်ကိုက ဂျပန်တွေ သင်ပေးတဲ့ စစ်ပညာနဲ့ ကိုယ့်တိုင်းကိုယ် ပြည်ပြန် ပြောက်ကျားတပ်ဖွဲ့တွေဖွဲ့ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို တိုက်ယူ ဆိုတာပါပဲ။ ဒီတော့ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ချေမှုန်းရေးလက်နက်ကြီးတွေ မသုံးနိုင်ဘဲ ရန်သူကို အလစ်အငိုက်မိနိုင်တဲ့ (လူ့သဘာဝ လူသားများရဲ့ အားအနည်းဆုံးကာလ) ညအခါ ညတိုက်ပွဲများကို အဓိက အားထားရပါတယ်။

ဒါကြောင့် ဖေဖေတို့ကို ဂျပန်တွေက ညတိုက်ပွဲလေ့ကျင့်ခန်းတွေကို ဖိဖိစီးစီး သင်ကြားပေးတာပါ။ ဖေဖေတို့ကလည်း ဒါကို သဘောပေါက်လို့ ဘယ်လောက်ပင်ပန်းပင်ပန်း ကြိုးစားပမ်းစား လေ့ကျင့်ကြတယ်တဲ့။
တခါတော့ ညတိုက်ပွဲ ထုံးစံအတိုင်း မိမိတိုက်ရမယ့် ရန်သူစခန်းရဲ့ နောက်ဆုံးအခြေအနေ ကင်းထောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် နှစ်ယောက်ကို လွှတ်လိုက်ပြီး ဖေဖေတို့ (ညတိုက်ပွဲဝင်မယ့် တပ်ဖွဲ့)က တောင်ကုန်းစောင်းတနေရာမှာ ဝပ်နေကြသတဲ့။ အတော်လေးကြာတော့ ဖေဖေတို့ ဝပ်နေတဲ့ တောင်စောင်း နေရာကို လူနှစ်ယောက် လျှို့ဝှက်ချဉ်းကပ်လာလို့၊ စောင့်ဖမ်းလိုက်တာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကင်းထောက်အဖွဲ့ ဖြစ်နေရောတဲ့။ သူတို့က မျက်စိလည် လမ်းမှားပြီး ကိုယ့်စခန်းကိုယ် ပြန်ကင်းထောက်မိရက်သား ဖြစ်နေတာတဲ့။ အဲဒီညက ကင်းထောက်အဖွဲ့ နောက်တဖွဲ့ ထပ်လွှတ်ရလို့ ညတိုက်ပွဲ အတော်နောက်ကျမှ မိုးလင်းခါနီးမှ ပြီးသတဲ့။ (ဂျပန်ဆရာတွေက ကျိတ်ရယ်ကြသတဲ့။)

၂၀-၄-၄၁ နေ့စွဲနဲ ့ရေးထားတဲ့ ဖေဖေ့ဒိုင်ယာရီမှာ ဒီလို ရေးထားတာလည်း တွေ့ရပါတယ်။
(၁၅ ကီလို လမ်းလျှောက်ချီတက်ပြီး ၅ မိုင်ရှည်တဲ့ တိုက်ပွဲလေ့ကျင့်ခန်း (မနက် ၉ နာရီမှာစပြီး ည ၇ နာရီမှ ပြီးတဲ့) တခုနဲ့ ပတ်သက်ပြီး နိဂုံးအဖြစ် ရေးထားတာပါ။)

‘ဤတိုက်ပွဲသည် ကျုပ်တို့ အလွန်ကျေနပ်သည်။ ဤမျှ ရှည်လျားစွာ မရပ်မနားဘဲ တိုက်ခဲ့ရသည်။ကမ္ဘာတွင် ဘယ်စစ်သားမှ မကြောက်တော့ပေ။ ဂျပန်စစ်သားအကောင်းဆုံး မစ္စတာဟထရီပင် နောက်ဆုံးနေရာကို အားခဲပြီး လာခဲ့ရသည်။ ဗမာပြည်အတွက် ဝမ်းမြောက်သည်။ ကျုပ်တို့ ပင်ပန်းသဖြင့် ကျရသော ‌ချွေးပေါက်သည် ဗမာပြည်အတွတ် အေးချမ်းဖို့ အရိပ်အရောင် မိုးရေမိုးပေါက် ဖြစ်ရချေမည်။ ကျုပ်တို့ ထိုလေ့ကျင့်ခန်းကို အကျေနပ်ကြီး ကျေနပ်သည်။ ဗမာအားလုံး ၅ မိုင် စစ်တလင်းအဆုံးကို အတူတူရောက်ကြသည်။ အထူးသဖြင့် သခင်အောင်ဆန်း၏ ဇွဲသတ္တိကို လူတိုင်း ဝမ်းထဲက ကျေနပ်ကြသည်။ စစ်တန်းလျားသို့ ရောက်သောအခါ ၇ နာရီထိုးနေပီ။’

လွန်ခဲ့တဲ့အနှစ် ၈၀ နီးပါးက ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မယ့် မျိုးချစ်ကျောင်းသားလေးတယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ တွေ့ကြုံလာရသမျှ ဆင်းရဲဒုက္ခတွေကို နောင် တိုင်းပြည်ကောင်းစားရေးအတွက် ဆိုတဲ့ ရည်မှန်းချက် ဇွဲလုံ့လနဲ့ ကျော်ဖြတ်ခဲ့ပုံတွေကို တွေ့နိုင်ပါတယ်။ သူတို့ရဲ့ကျခဲ့ရတဲ့ ချွေးတွေ၊ သွေးတွေဟာ ဗမာပြည်ကြီးအတွက် အခုအထိ အေးချမ်းစေမယ့် မိုးရေမိုးပေါက် မဖြစ်သေးပါဘူး။

သူတို့ ရည်မှန်းခဲ့တဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတဲ့ ဗမာပြည်သစ်ကြီးလည်း ပေါ်ပေါက်မလာသေးပါဘူး။ ဒါပေမဲ့ ဖေဖေကတော့ လူတန်းစားတိုက်ပွဲဝင် နိုင်ငံရေးသမားကြီးဖြစ်လို့ ထင်ပါရဲ့။ တိုက်ပွဲတွေဟာ ရေရှည်မယ်ဆိုတာကို သဘောပေါက်ပြီး သူ့ရဲ့အသက် (၉၀) ပြည့်မွေးနေ့ (၂၀ဝ၉၊ ဒီဇင်ဘာ ၃ ရက်နေ့ န.အ.ဖ ခေတ်)မှာ ပြည်သူလူထုကို နှုတ်ဆက်စကားဆိုရာမှာ ဒီလို အားပေးခဲ့ပါတယ်။

‘ကျွန်တော်တို့ ပြည်သူတွေ မတရားမှု ဖိနှိပ်မှုမျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျ တဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက် ဆက်လက်တိုက်ပွဲဝင်နေကြတာကို မပြတ် ကြားသိနေရတဲ့အတွက် အဲသလို ပြည်သူမျိုး အတွက်တော့ ကျွန်တော် အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်း ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း မလျော့စတမ်း ဇွဲနဲ့ ကြိုးစားအားထုတ်ကြပါလို့ အားပေးမှာကြားချင်ပါတယ်။’ (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော - တရားခံအစစ် ဘယ်သူလဲ။ သတင်းဌာနများနှင့် အင်တာဗျူး။ (၁၉၉၇-၂၀၁၁)။ နေရီရီစာအုပ်တိုက်ထုတ်။ နှာ-၁၉၅)။

ဖေဖေက ဒီလို ဗမာပြည်တော်လှန်ရေး (စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး)အပေါ် အားမလျှော့စတမ်း စိတ်ဓာတ် ရှိနေရတာဟာ အကြောင်းရှိပါတယ်။

ဖေဖေတို့ တွေ့ခဲ့ရတဲ့ အလွန်ဆင်းရဲတဲ့ တရုတ်ပြည်က ဟိုင်နန်ကျွန်းကြီး (မှတ်ချက်။ ၁၉၄၅ ဂျပန်တွေ စစ်ရှုံးအပြီး တရုတ်က ပြန်ရခဲ့။ ၁၉၅၀ ပြည့်နှစ် ချန်ကေရှိတ် လက်အောက်က တရုတ်ကွန်မြူနစ်များ ပြန်တိုက်ယူခဲ့တယ်) ဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အလွန်ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့ရှိသွားရလို့ပါ။ ဖေဖေက ဟိုင်နန်ကျွန်းကို ခရီးသွားလည်ပတ်တဲ့စခန်းကြီးအဖြစ် ကြေညာတဲ့ သတင်းကား ကြည့်လိုက်ရလို့ပါ။
ဖေဖေရဲ့(၂၀ဝ၃ ခုနှစ်က စရေးခဲ့တဲ့) အတ္ထုပွတ္တိစာအုပ်မှာ ဒီအမြင်တွေကို ရေးထားတာတွေ့ရပါတယ် (နှာ-၅၀)။

ဖေဖေတို့ စစ်သင်တန်းဆင်းခဲ့တဲ့ အဲဒီနေရာနားက စန်းယ ဆိုတဲ့ရွာဟာ အလွန်ဆင်းရဲတဲ့ ဇနပုဒ်ရွာကြီးပဲ ဖြစ်ပြီး တဲအိမ်တွေပဲ ရှိခဲ့တာတဲ့။ အခု တရုတ်ကွန်မြူနစ်ပါတီရဲ့ အနှစ် ၅၀ အုပ်ချုပ်မှုအတွင်း အဲဒီရွာကြီးဟာ တိုက်တာ အိုးအိမ်အပြည့်၊ လူတွေကလည်း ကောင်းကောင်းမွန်မွန် သားသားနားနား ဝတ်စားထားပြီး ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပျားပန်းခပ် သွားလာစည်ကားနေတာ တွေ့လိုက်ရတော့—

‘ကျွန်တော်တို့နှင့် လွန်ခဲ့သောအနှစ် (၆၀) ကျော်က ရင်းနှီးခဲ့တဲ့ ဆင်းရဲလှတဲ့ရွာကြီး ယခုလို ချမ်းသာဝပြောနေတာ တွေ့ရလို့ များစွာ ဝမ်းသာမိသည်။ ဆိုရှယ်လစ် တရုတ်ပြည်ကြီး တိုးတက်နေပုံကိုလည်း ထင်ဟပ်ပြသနေသလို တွေ့မြင်ရပါသည်။ ကျွန်တော်တို့ ဗမာပြည်ကတော့ ယခုထိ ဆင်းရဲနေတုန်းပဲ၊ တွေးခေါ်သိမြင်ပြီး တော်လှန်ရေးစိတ်ပွားမိသည်’ တဲ့။

ဟုတ်ပါတယ်။ တရုတ်ပြည်ကြီးကတော့ ဆင်းရဲလှတဲ့ သူ့နိုင်ငံကြီးကို ချမ်းသာဝပြောရေးအတွက် လမ်းရှာဖွေ တွေ့ရှိသွားပါပြီ။ ဗမာပြည်ကြီးအတွက်ကတော့ တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မချေဖျက်နိုင်သေးသရွေ့၊ (တနည်း) ၂၀ဝ၈ ဖွဲ့စည်းပုံကို မဖျက်သိမ်းနိုင်သရွေ့ ချမ်းသာဝပြောလာနိုင်တဲ့ လမ်း မရှိနိုင်ပါဘူး။ 

ဒါကြောင့် ဒီစစ်အာဏာရှင်စနစ် မလိုလားသူမှန်သမျှ စုရုံးစည်းလုံးစွာနဲ့ ဖေဖေ ပြောခဲ့သလို တဗိုလ်ကျ တဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက် အားမလျှော့စတမ်းနဲ့ နည်းလမ်းပေါင်းစုံသုံး တိုက်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။
ဒီစစ်အာဏာရှင်စနစ် ပြိုပျက်သွားမှသာ (ဗမာပြည် လွတ်မြောက်ရေးလှုပ်ရှားမှု အဆက်ဆက်အတွင်းက ရဲဘော်ကြီးတွေ မျှော်မှန်းခဲ့တဲ့) ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာ နေထိုင်တဲ့ ဗမာပြည်သစ်ကြီး ပေါ်ထွန်းလာနိုင်မှာပါ။ ဒီအတွက် ဗမာပြည်သူတရပ်လုံး မဆုတ်မနစ် ဇွဲခပ်ပြီး ဆက်ကြိုးစားကြပါစို့။


လှကျော်ဇော
၈-၈-၂၀၂၀။