Breaking News

ဇော်အောင်(မုံရွာ) - ကိုဗစ်၁၉ ဒုတိယလှိုင်း (Second Wave - Covid19)


ဇော်အောင်(မုံရွာ) - ကိုဗစ်၁၉ ဒုတိယလှိုင်း (Second Wave - Covid19)

(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၀

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားဖြန့်ဖြူးသလို ဖြစ်လို့ တရားဟောဆရာ စောဒေးဗစ်လားနဲ့အဖွဲ့ကို ထောင်ဒဏ် ၃လ ချမှတ်လိုက်ပါတယ်။ မူလက ထောင်၃နှစ်အထိ ကျစေနိုင်တဲ့ ပုဒ်မကနေ ရှော့ပေါ့တဲ့ ပုဒ်မ(၃၀)က နဲ့ ထောင် ၃လ အမိန့်ချမှတ်လို့ ချုပ်ရက်များ နှုတ်ပြီး သြဂုတ်(၂၀) မှာ လွတ်ပါမယ်။

တောင်ကိုးရီးယား ပထမလှိုင်းတုန်းက လူ ၅၀၀၀ ကို ဘုရားကျောင်းကတဆင့် ကူးစက်စေသူ အသက်၈၈နှစ် အရွယ် သင်းအုပ်ဆရာတစ်ဦး နာမည်ကျော်ခဲ့ပါတယ်။ လူထုနဲ့ မီဒီယာမှာ ဒူးထောက်ပြီး သူအပြစ်ရှိကြောင်း၊ တောင်းပန်ပြောဆိုခဲ့ပြီး တရားစွဲမဲ့အဖွဲ့တွေက ဆိုင်းငံ့ ထားတာ ၄လ ကျော်ပါပြီ။ အခု ဒုတိယလှိုင်း ရောဂါပိုး ဖြစ်လာလို့ သင်းအုပ်ဆရာကို ဖမ်းဆီး တရားစွဲလိုက်ပါပြီ။

ပထမလှိုင်းတုန်းက လူတယောက်မှ မသေပဲ နာမည်ကောင်းရခဲ့တဲ့ ဗီယက်နမ်နိုင်ငံခမြာ ၁၀ဦးသေပြီး၊ ကူးစက်သူ ၇၄၇ဦး (6-8-2020) ဖြစ်သွားပါပြီ။ ဖွင့်ထားတဲ့ ကျောင်းတွေ အန္တရယ်ရှိ အလုပ်ရုံတွေ ပြန်ပိတ်ရတယ်။

မြန်မာနိုင်ငံလည်း ရောဂါပိုးတွေ့သူ မရှိသလောက် နည်းသွားတော့ ရန်ကုန်မြို့ပေါ်မှာ Mask နှာခေါင်းစည်းမပါ၊ လဘက်ရည်ဆိုင်များ၊ ဘတ်စကားများ ယခင်အတိုင်း သွားလာနေကြပါပြီ။ ဧရာဝတီတိုင်း ​ပုသိမ်မြို့မှာ စည်းကမ်းတကျ ဘုရား၊ ခရစ်ယာန်၊ မူစလင်ကျောင်း ၊ဗလီများဖွင့်ပေးထါးတာ တလ ကျော်ပါပြီ။ ရန်ကုန်မြို့ ဘုရားကျောင်းကန်များ ပြန်ဖွင့်ဖို့ စီစဥ်နေဆဲမှာ ဗဟိုမှ ပိတ်ပင်တဲ့စာ ထွက်လာပါတယ်။ ဧရာဝတီတိုင်း ဘုရားကျောင်းကန်များ ပြန်ပိတ်လိုက်ရပါတယ်။

ဒုတိယလှိုင်း ဝင်နေပါပြီ။

ပုသိမ်မြို့က အစိုရဝန်ထမ်း ဆရာဝန်တစ်ဦး ပြောပြချက် - 

ကိုဗစ်19 ကြောင့် ပုသိမ် မြို့ မှာ ရောဂါပိုးတွေ့ ဆေးရုံတင်၊ သေဆုံးမှု မရှိပေမဲ့လည်း လူတွေနဲ့ လုပ်ငန်းတွေ၊ ကွာရန်တင်းစင်တာများကို အရမ်းထိခိုက်စေပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ပျက်စီးမှုတွေက ပိုများပါတယ်။ ပြည်ပ (ထိုင်းနိုင်ငံ) အလုပ်သွားလုပ်ဖို့ ပေါင်နှံ၊ ကြွေးတင်ပြီး ထွက်သွားပေမဲ့ အခု ကိုဗစ်ဖြစ်လာတော့ အလုပ်တွေရပ်နား အကြွေးများလဲမကြေ၊ အတိုးတွေဆင့်ကဲ တောင်းခံရပြီး မြန်မာပြည်ပြန်ရောက်တော့ ကွာရန်တင်းစခန်းမှာ စိတ်ဖိစီးမှုတွေ အကြီးအကျယ် ခံနေရသူ တချို့ ရှိပါတယ်။

 ၂ယောက်က မိမိကိုယ်ကို အဆုံးစီရင်သွားတယ်။ ပထမတယောက်က ဒီဇယ်ဆီတွေ သောက်ပြီး အဆုံးစီရင်တယ်။ နောက်တယောက်က လူငယ်လေး ... မထင်မှတ်ပဲ အိမ်သာထဲမှာ ကြိုးဆွဲချ သေဆုံးနေတယ်။ သွားဖြုတ်မဲ့လူ မရှိတော့ ဒီအတိုင်းအကြာကြီး ကြည့်နေရတယ်။ ခရစ်ယာန်ဘုရားကျောင်းတခုက လူ၂ယောက် ရောက်လာပြီး ကူညီရတယ်။ တခြား လူမှုရေး ပြသနာတွေကတော့ အများကြီးပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုပ်အားပေးမိန်းကလေး ဆွေးနွေးချိန်တုန်းကတော့ အဆုံးစီရင်မှုများ မဖြစ်သေးသော်လည်း Q လူများသဖြင့် အလွန်ပြသနာများကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

လူစုလူဝေး အခု ၁၅ဦး လျော့ပေါ့တာ ထုတ်ပြန်ပေမဲ့ ကြေငြာချက်မထွက်ခင် ကာရာအိုကေတခုကို ဝင်ရောက်ဖမ်းဆီးချိန် လူငယ်အများပြား အဖမ်းခံရကြောင်း၊ မိမိက ကျန်းမာရေးဝန်ထမ်း ဆရာဝန်ဖြစ်လို့ တရားစွဲဖို့ တာဝန်ပေးတယ်။ မိမိက ကြောက်လို့တောင်းပန်တာနဲ့ တခြားတဦးက တရားစွဲ အမှုလုပ်ရတယ်။ အခု လူငယ်တွေ ထောင် ၂လ အမိန့်ချလိုက်တယ်။

ပြည်ပက ပြန်လာသူများ အခုထိ ပုသိမ် Q စခန်းတွေမှာ ရောက်လာမစဲ တသဲသဲပါ။ စည်းကမ်းလိုက်နာကြဖို့ ပြောပြသွားပါတယ်။

မြန်မာနိုင်ငံတနိုင်ငံလုံး ပြည်ပပြန်လာသူများကို အဓိက စစ်ဆေး၊ Q စခန်းပို့ နေပေမဲ့ ရောဂါပိုးရှိသူများ လက္ဏာ  မပြပဲ နိုင်ငံအနှံ သွားလာနေဆဲ ဖြစ်ပါတယ်။

ပြည်သူလူထု ကလေးမကျန် အလွတ်ရနေတဲ့ ကိုဗစ်နိုင်တင်း သီချင်းအတိုင်း မိမိတို့ ကျန်းမာရေးအသိ ရှိရပါမယ်။ ရုရှား၊ တရုတ်၊ အိန္နိယ နိုင်ငံ အစိုးရများက အမေရိကန်နဲ့ ဥရောပနိုင်ငံထုတ် ကာကွယ်ဆေးများအတိုင်း ထုတ်လုပ် ဆေးထိုးဖို့ ကြိုးစားနေကြပါပြီ။ ကာကွယ်ဆေးက စျေးကြီးလို့ မြန်မာအစိုးရ ငွေကြေးမတတ်နိုင်ပါ။ ကုသဆေးက အဆများစွာ ပိုစျေးကြီးတော့ Q နည်းနဲ့ နိုင်ငံခြားပြန်များကို ကွာရန်တင်းထားဖို့ နည်းလမ်းပဲ တင်းကြပ်စွာ ကျင့်သုံးနေဆဲပါ။