Breaking News

မောင်စွမ်းရည် - စာမတတ်သူ ဒို့ ဝိုင်းကူ ကဗျာများ


မောင်စွမ်းရည် - စာမတတ်သူ ဒို့ ဝိုင်းကူ ကဗျာများ

(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၀


စာမတတ်သူ ဒို့ဝိုင်းကူ (၁)

စာမတတ်သူ ဒို့ဝိုင်းကူဖို့
နေပူရေရှား၊ ကျေးလက်များကို
အောက်သား အကြေ၊ ကျောင်းသားတွေက
မြေပူပပ်ကြား၊ ထနောင်းနဲ့ရှား
ပြောင်းနဲ့ သခွား၊ ကျောင်းနားကန်နား
ကျောက်ကုန်းကြားကို
အားမာန်သွင်းလို့ ချဉ်းခဲ့သည်
မြို့ပြ ကျေးလက် ဆက်ခဲ့ပြီ။

အဘွား အဘိုး သွားကျိုးဆံဖြူ
နားအူ မျက်မှုန် လက်တုန် လူတွဲ
ကျောမွဲ ဒူးခွင်၊ ထိုးကွင်းမင်နဲ့
ရွာဝင်က ကြို၊ စာသင်ကြလို
ပျို အို အစုံ၊ အိုးစည် ဗုံနဲ့
ကခုန်ရွှင်ချို ကြိုကြပြီ
‘ဝ’ အလင်္ကာကို ဆိုကြမည်။

ခါးပဲကုန်းကုန်း၊ သွားပဲတုံးတုံး
ကြုံတုန်း ဆုံတုန်း၊ သင်ယူအုံးစို့
ဘကုန်း ဘမ်းပေါ် ဝလုံးကြမ်းပေါ်
ပျော်ပျော်ရွှင်ရွှင်၊ စာရေးသင်ကြ
ဝ ထ၊ က လ … သ ။

ဝါထာ၊ ကာလာ… သာ
ညကဝါဝါ၊ လက သာသာ
လာသာ လာပါ။

ကစား မလား၊ စား မလား။
ကာလသား ပါသလား
ဆရာ… လာသလား
ဟလဝါ စားမလား၊ တဟားဟား
အားရပါးရ၊ တဝါးဝါး။

မောင်စွမ်းရည်
၇ ဩဂုတ်၊ ၂၀၂၀။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာမတတ်သူ ဒို့ဝိုင်းကူ (၂)

စာမတတ်သူ လူဦးရေမှာ
တနှစ် တခါ တိုးပွားလာလည်း
စာသင်သူမှာ တနှစ် တခါ
မရောက်သာခဲ့၊ မလာခဲ့
တခေတ် တခါ၊ တခေါက်သာ
နှစ်နှစ် နှစ်ခါ၊ မရောက်လာ
မမြင်ဖူးလည်း၊ ခင်ဖူးသလို
ဝ ထ က နဲ့ သီချင်းဆို
ပြန်မယ်ဆိုတော့ ငိုချင်းချ
မေးကြ ပေးကြ၊ ကျွေးမဝ။

ဝ သင်သူကို၊ ဝက်ပေးလိုကြ
ဆ သင်သူကို၊ ဆီပေးလိုကြ
ဟ သင်သူကို ဟင်းပေးလိုကြ
မေးကြ ကျွေးကြ၊ ဖေးဖေးမမ ပေးမဝ။

သ သင်သူကို သားလို ခင်ကြ
ဝထ ကလ.. သ
ဝါထာ ကာလာ… သာ
စားပါ စားပါ တစာစာ
လာပါ လာပါ အခါခါ
မလာ ကြာလို့ တမှာမှာ။

ဪ တခေတ် တခေါက် တရွာရောက်
တခေါက် တခါ တရွာသာ
တရွာလုံး ပြုံးကြတခါသာ။

ဝ တလုံးက နှစ်လုံး ဖြစ်မလာ
ဝ မရှိ ဝိ မလုပ်သာပါ။


မောင်စွမ်းရည်
ဩဂုတ်၊ ၂၀၂၀။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာမတတ်သူ ဒို့ဝိုင်းကူ (၃)

စာမတတ်သူ ဒို့ဝိုင်းကူကြ
ကူတဲ့ရက်တာ၊ ခဏသာ
ခဏသင်အံ၊ တလသင် ပြန်
ပြန်မယ်ဆိုတော့၊ ငိုကြ ယိုကြ
နှုတ်ဆက်ကြ။

နောင်နှစ် လာပါ၊ တစာစာနဲ့
နှစ်တိုင်းလာပါ၊ အခါခါလို့
မှာကြ ကြားကြ၊ အားမရ
ခဏတွေ့လည်း တွေ့တဲ့ခဏ
မေ့မရ။

မေးကြ ရေးကြ တဖွဖွ
ကျွေးကြ ပေးကြ၊ တသသ။

ဪ… ဒီတနှစ်မှ ဒီတလ
ဒီတခေတ်မှ၊ ဒီဘဝ
ဒီဘဝမှ၊ ဒီခဏ။

ဦးကြီး၊ ဒေါ်ကြီး၊ ရွာသူကြီးက
နောင်နှစ် ကြွပါ၊ တစာစာနဲ့
လာပါ သင်ပါ၊ အခါခါလို့
မှာကြ ကြားကြ၊ စာရေးကြ
ဒို့က မသွား၊ ဘယ်တော့များမှ
မမ လာပါ လာသာသာလို့
စာစာညံညံ၊ စာအံကြရ။

ဝထကလ၊ တသသ
စာလည်း တတ်ကြ၊ စာဖတ်ကြ။

စာမတတ်သူ၊ ဒို့ဝိုင်းကူခဲ့
ကူသူလည်းပျော်၊ ယူသူပျော်
အဟောဝတ၊ ချမ်းသာစွ။


မောင်စွမ်းရည်
ဩဂုတ်၊ ၂၀၂၀။