Breaking News

ဌေးဝင်း (ဂျာမနီ) - လောကကို အလှဆင်လိုသူများ



ဌေးဝင်း (ဂျာမနီ) - လောကကို အလှဆင်လိုသူများ

(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၀


ယနေ့ ဇူလိုင် ၃၁ ရက်နေ့ဟာ ၁၉၆၉ ခုနှစ်မှာ မဆလ စစ်အာဏာရှင်တွေရဲ့ ကိုကိုးကျွန်းကိုပို့ဆောင်ခြင်း ခံခဲ့ ကြရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ၁၉၇၁ ခုနှစ်မှာ ဆင်နွှဲခဲ့တဲ့ နောက်ဆုံးကျွန်းသိမ်းတိုက်ပွဲ (ကျွန်းမြေလှန် ဖျက်သိမ်းရေးတိုက်ပွဲ) ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲ အောင်ပွဲရခဲ့တဲ့ ၄၉ နှစ်မြောက် နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ တဖက်မှာလဲ ရဲဘော်သိန်းကြည်၊ ရဲဘော်အုန်းမော်၊ ရဲဘော်ချစ်ဆွေ၊ ရဲဘော်စိန်ချင်း၊ ရဲဘော် ထွန်းမြင့်၊ ရဲဘော်မောင်မောင်စိုး၊ ရဲဘော်လေးမောင် နဲ့ ရဲဘော်ထွန်းဝင်းစတဲ့ အာဇာနည် ရဲဘော် ၈ ဦးတို့ရဲ့ အသက်ကိုစတေးပြီး အောင်ပွဲခံခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ သမိုင်းမှာ ဂုဏ်ရောင်ပြောင်လှတဲ့ နေ့တနေ့ ပါ။ ဒီနေ့ထူးနေ့မြတ်ကို ပြန်ပြောင်းအောင်းမေ့သတိရ၊ သူရဲကောင်း ၈ ဦးကို ဂုဏ်ပြုတသကြတဲ့ ပုံတွေ၊ စာတွေကို တွေ့မြင်ရ၊ ဖတ်ရှုရပြီး ယုံကြည်ချက်အတွက် အသက်ကိုစတေး၊ ဘဝကိုစွန့်လွှတ်စွန့်စားသွားသူ သူရဲကောင်းတွေကို တွေးနေမိပါတယ်။

ကျွန်တော့်အနေနဲ့ ဒီ သူရဲကောင်းတွေကို လူပုဂ္ဂိုလ်ချင်း သိသူတယောက်လဲမဟုတ်ပါ။ သူတို့နဲ့ ဆွေမျိုးရင်း ချာ၊ ဆွေမျိုးနီးစပ်လဲ မတော်စပ်ပါ။ စာတွေ့အရသာ သူတို့ရဲ့ စွန့်လွှတ်မှု၊ စွန့်စားမှုတွေကို လေ့လာသိရှိသူ တယောက်ဖြစ်ပါတယ်။ သူတို့ရဲ့ ဆွေမျိုးရင်းချာ အိမ်ထောင်ဖက်၊ ညီအကိုမောင်နှစ်မ၊ သားသမီး၊ မြေးမြစ် တွေဆို ဘယ်လိုခံစားမှုမျိုးများ ရှိနေကြမလဲ။ သူတို့ရင်ထဲ ကျွန်တော် ဝင်စမ်းချင်မိပါရဲ့။ သူတို့ရဲ့ လင်သား၊ မောင်ဘွား၊ မိဘ၊ ဖိုးဖွါးတွေအတွက် သူတို့ဘယ်လောက် ဂုဏ်ယူနေကြမလဲ။ တဖက်မှာလဲ လူသားပီသစွာ သူတို့ဘယ်လို ပူဆွေးတမ်းတနေကြမလဲ။ သိချင်မိ၊ ကိုယ်ချင်းစာမိပါရဲ့။ ဒီဖြစ်စဥ်တွေဟာ နိုင်ငံရေး သမိုင်း ကြောင်းတွေပါ။ ဒီသမိုင်းကြောင်းတွေကို နောင်လာနောင်သားတွေလဲ လေ့လာသင့်၊ သိသင့်သိအပ်တယ်လို့ မြင်မိပါတယ်။

၁၉၇၅ ခု မတ်လ ၁၅ ရက်၊ ပဲခူးရိုးမမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဌ သခင်ဇင် နဲ့ အတွင်းရေးမှူး သခင် ချစ်တို့ဟာ နောက်ဆုံးထွက်သက်အထိ ယုံကြည်ချက်အတွက် အသက်ပေး တိုက်ပွဲဝင်သွားခဲ့ကြပါတယ်။ သူ တို့ကျဆုံးတော့ သူတို့ရုပ်ကလပ်တွေကို ခွဲကြည့်လိုက်တဲ့အခါ ဗိုက်ထဲမှာ မြက်တွေနဲ့ သစ်ခေါက်တွေကို တွေ့ ရတယ်လို့ လေ့လာဖတ်ရှုရပါတယ်။ ဘယ်လောက် စိတ်ထိခိုက်စရာ၊ ဘယ်လောက် ဂုဏ်ယူဖွယ်ရာ ကောင်း လိုက်ပါသလဲ။ သူတို့တတွေဟာ သူတို့ရဲ့ ယုံကြည်ချက်အတွက်တင် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြတာ မဟုတ် ပါဘူး။ အမိမြေ ဗမာပြည်ကြီး စစ်အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်ဖို့၊ ဗမာပြည်သူတရပ်လုံး အတွက် တိုက်ပွဲဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော့်မိဘအရွယ် ဒီ သူရဲကောင်းတွေကိုလဲ ကျွန်တော် လူပုဂ္ဂိုလ်ချင်းမသိပါ။ ဆွေမျိုးနီးစပ်လဲ မတော်စပ် ပါ။ ဒါပေမဲ့ သခင်ဇင်၊ သခင်ချစ်တို့ရဲ့ သားတွေ၊ သမီးတွေ အသက်ထင်ရှား ရှိလျက်ပါ။ သူတို့တတွေ သူတို့ရဲ့ ဖခင်တွေအတွက် ဂုဏ်ယူသလို၊ ကျွန်တော်လဲ သူတို့ရဲ့ ဖခင်တွေရဲ့ သူရဲကောင်းစိတ်ဓါတ်ကို ဂုဏ်ယူလို့မဆုံး ပါ။ သူတို့တတွေ သူတို့ရဲ့ ဖခင်တွေအတွက် ဝမ်းနည်းပူဆွေးတသ သလို ကျွန်တော်လဲ လူသားပီသစွာ၊ ကိုယ် ချင်းစာတရားနဲ့ ဝမ်းနည်းတသမိပါတယ်။ ဝမ်းနည်းတသနေရုံနဲ့ မပြီးပဲ ဒီ သမိုင်းဖြစ်စဥ်တွေကို ကောင်းစွာ လေ့လာမှတ်သားပြီး၊ ဒီ သူရဲကောင်းစိတ်ဓါတ်တွေကို လက်ဆင့်ကမ်းသယ်ဆောင်သွားရမယ်လို့ ယုံကြည် မိပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အရှေ့မြောက်ဒေသမှာ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ တနေ့ နေ့လယ်စာစား ပြီး နောက်ပိုင်းမှာ မမျှော်လင့်ပဲ အစာအိမ်ပေါက်ပြီး သွေးတွေအများကြီးအန်လာတယ်လို့ ဖတ်ရှုဘူးပါတယ်။ ဒီအတွက် သူဟာ တရုပ်ပြည်က လန့်ချန်းစစ်ဆေးရုံ၊ ခွန်မင်း ဆေးရုံကြီးတို့မှာ ဆေးကုသမှုခံယူခဲ့ရပြီး တဖြည်းဖြည်း နလံပြန်ထူနိုင်ခဲ့ပြီး ပန်ဆန်းကိုပြန်လာကာ အလုပ်တွေပုံမှန် ပြန်လည်လုပ်ကိုင်နိုင်ခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ သူ ဆေးရုံကဆင်းလာတော့ သူ့ကို တနေ့ကြက်ဥတလုံးစားဖို့ ဆရာဝန်က မှာလိုက်တာကို သူ့ဇနီးကို ပြန်ပြောဖို့ အတော် ချီတုံချတုံ ဖြစ်ခဲ့တယ်တဲ့။ သူတို့ကြက်ခြံလေးက တနေ့ကြက်ဥ ၃ လုံးလောက် သာရလို့ သူ ၁ လုံးစားလိုက်ရင် ဇနီးဖြစ်သူ ဟင်းဖိုးအဖြစ်ရောင်းဖို့ ကြက်ဥနည်းသွားမှာစိုးပြီး အပြောရ ခက် နေခဲ့တယ်တဲ့။ နောက်ဆုံးမှ ဆရာဝန်မှာတာကို ပြောပြလိုက်တော့ ဇနီးသည်ဒေါ်သန်းစိန် အတော် စိတ်ထိခိုက် သွားခဲ့ရတယ်လို့ ဖတ်မှတ်ခဲ့ဘူးပါတယ်။

အတူနေထိုင်ခဲ့သူတွေရဲ့ ရေးသားချက်အရ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ အလွန်ရိုးသားနှိမ့်ချသူတဦး ဖြစ်ပြီး တဖက်သားအပေါ် စာနာပြီး အလွန်လည်း အားနာတတ်သူ၊ သူ့ဇနီး၊ သူ့သားသမီးတွေ အပေါ်မှာ တောင် အားနာတတ်သူ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်စဥ်မျိုးက အလွန်မှတ်သား အတုယူဖွယ်ရာ ဖြစ်စဥ်တရပ်ပါ။ ဒီဖြစ်စဥ်က သူ့ရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ကျင့်တရားတွေကို ရည်ညွှန်းဖေါ်ဆောင်နေပါ တယ်။ ကျွန်တော်တို့ လူငယ်တွေ၊ ကျွန်တော်တို့ရဲ့ နောင်လာနောင်သားတွေ ဒီလို လူပုဂ္ဂိုလ်၊ ဒီလို အရည် အချင်းတွေကို စံပြု၊ အတုယူဖို့ ကောင်းလှပါတယ်။

နောက်တချက်က ဒီသူတွေဟာ လူသားတွေရဲ့ အခြေခံနေ့စဥ်ဘဝ၊ စားဝတ်နေရေး ၃ မျိုးအတွက်တောင် လုံလောက်တဲ့ အခြေအနေ မရှိခဲ့ကြပါဘူး။ ဒီဘဝ အခက်အခဲတွေကို ရင်ဆိုင်ရုန်းကန်၊ ချိုးခြံချွေတာ နေထိုင် ခဲ့ကြပြီး မိမိ ယုံကြည်ချက်၊ မိမိ ပြည်သူတွေအတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ယခု လက်ရှိ အခြေအနေမှာဆို ကျွန်တော် ကြက်ဥဘယ်နှစ်လုံး စားမလဲ။ စားလို့မနိုင်တဲ့ထိအောင် ကြက်ဥအလုံး ရေတွေ စားလို့ရပါတယ်။ ကျွန်တော် နေထိုင်တဲ့ အနီးအနားက စူပါမတ်ကက်တွေဆီက ကြက်ဥတွေ ကတ်လိုက် ဘယ်နှစ်ကတ် ဝယ်မလဲ။ ကျွန်တော့်ကို ဒီကြက်ဥတွေနဲ့ ဖို့သတ်ရင် ကျွန်တော် သေသွားနိုင်ပါ တယ်။

ယနေ့မျက်မှောက်ကာလ အမိမြေ ဗမာပြည်မှာ၊ ကမ္ဘာတဝှမ်းက အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြက်ဥ ဝယ်မစားနိုင်သူတွေ ဒုနဲ့ဒေး ရှိနေမြဲပါ။ ကြက်ဥစားဖို့ မပြောနဲ့၊ ထမင်းနပ်မှန်အောင်တောင် မစားနိုင်သူတွေ ရှိနေကြပါတယ်။ စားစရာ အကြွင်းအကျန်လေးတွေ စားလို့ ရလိုရငြား အမှိုက်ပုံတွေမှာ ရှာဖွေနေကြရတဲ့ လူမမယ် ကလေးငယ်တွေ၊ တချို့ အမယ်အို အဘိုးအိုတွေကို တွေ့မြင်နေရဆဲပါ။ ဒီလို မလှမပ၊ အကျည်း တန်တဲ့ မြင်ကွင်းမျိုးတွေ မမြင်မတွေ့ရအောင်၊ ပပျောက်သွားအောင်၊ မညီမျှတဲ့ လူနေမှုစနစ်ဆိုးကြီးကို ဖယ်ရှားတော်လှန်ပစ်ဖို့၊ အဖိနှိပ်ခံ လူတန်းစားတွေအတွက် တိုက်ပွဲဝင်ဖို့ အထက်ဖေါ်ပြပါ သူရဲကောင်းများ က ကြိုးပမ်းခဲ့ကြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီသူရဲကောင်းတွေကို စံနမူနာ ယူကြရမှာ ဖြစ်ပါတယ်။

ကွန်မြူနစ်တွေဟာ အလှအပကို အမြတ်နိုးဆုံးသူတွေ ဖြစ်ကြတယ်လို့ ဖတ်ရှုမှတ်သားဘူးပါတယ်။ ဒါ ကြောင့်လဲ သူတို့ဟာ လောကရဲ့ အလှအပ၊ ပြည်သူတွေရဲ့ လှပတဲ့ ဘဝ၊ လှပတဲ့ အမိမြေ ဗမာပြည်ရဲ့ သာယာ ဝပြောမှုကိုသာလျှင် မြင်တွေ့လိုသူတွေ ဖြစ်ကြပါတယ်။ သူတို့တတွေဟာ လောကကို အလှဆင်လိုသူများ သာ ဖြစ်ကြပါတယ်။ ။

ဌေးဝင်း (ဂျာမနီ)
၃၁.၀၇.၂၀၂၀