Breaking News

သားကြီးမောင်ဇေယျ - မှူးများအတွက် ဂုဏ်ပြုဆောင်းပါး



သားကြီးမောင်ဇေယျ - မှူးများအတွက် ဂုဏ်ပြုဆောင်းပါး

(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၀
(ဒီလှိုင်းစာစောင်မှာ ဖော်ပြပြီး)

ကျွန်တော် စာသင်နေတဲ့ သင်တန်းရှိရာ အိမ်ပေါ်ထပ်ကို လူတွေတက်လာကြတယ်။ အယောက်သုံးဆယ်နီးပါးလောက်ရှိမယ်ထင်ပါတယ်။ သနပ်ခါးဘဲကျား လိမ်းထားတဲ့ မိန်းမ ငါးယောက် ခြောက်ယောက်လောက်ပါတယ်။ အသက် က သုံးဆယ်ဝန်းကျင်တွေဖြစ်မယ်ထင်ပါတယ်။ နေလောင်ထားတဲ့ အသားရောင်ကြောင့် သူတို့ဟာ အရွယ်ရှိတာထက်ထက် ပိုပြီး အိုမင်းနေပုံရပါတယ်။ တချို့က ခမောက်နွမ်းနွမ်းတွေဆောင်းထားကြတယ်။ ကလေးတွဲလောင်းနဲ့ မိန်းမ နှစ်ယောက်လည်းပါတယ်။ အင်္ကျီတွေကလည်း အရောင်မှိန်လို့။ ယောက်ကျားတွေကလည်း သေးသေးညှက်ညှက်ကလေးတွေပါ။ အရပ်က ငါးပေ သာသာလောက်ပဲရှိမှာပါ။ သူတို့အသားရောင်က မွဲခြောက်ခြောက် မဲမဲသဲသဲတွေပါ။

ဒါပေမယ့် သူတို့မျက်လုံးတွေက စိုးရိမ်ကြောက်ရွံမှု နဲ့ ဒေါသတွေကြောင့် ပြူးကျယ်ပြီး အရောင်တောက်နေပါတယ်။

သင်တန်းတာဝန်ခံ အမျိုးသမီးက မိတ်ဆက်ပေးမှ သူတို့ဟာ ပဲခူမြစ်ကမ်းဘေးက ပျံကျ အလုပ်သမားတွေဆိုတာသိရပါတယ်။ သူတို့ဒီကိုလာရတဲ့ အကြောင်းရင်းက နိုင်ငံတော်က ဆင်းရဲနွမ်းပါးသူတွေကို ပေးတဲ့ ထောက်ပံ့ကြေးငွေနှစ်သောင်း မရလို့ ဒီ မီဒီယာကို လာတိုင်တာလို့ သိရပါတယ်။ တကယ်တော့ ကျွန်တော်အခု သတင်းရိုက်ကူးတည်းဖြတ် သင်တန်းပေးနေတဲ့ မီဒီယာဟာ မနေ့တနေ့ကမှ အစိုးရဆီက ခွင့်ပြုချက် ရတာဖြစ်ပါတယ်။ အခုမှ သတင်းထောက် လေးငါးယောက်ကိုသင်တန်းပေးနေတုန်းရှိပါသေးတယ်။ ငွေကြေးရင်းနှီးမှုကလည်း မရှိပါဘူး။ ကင်မရာ မဝယ်နိုင်လို့ လက်ကိုင်ဖုန်းနဲ့ သတင်းရိုက်ကူးတည်းဖြတ် လုပ်နိုင်အောင် လေ့ကျင့်နေရသူတွေဖြစ်ပါတယ်။ ဒါကို သူတို့သိဟန်မတူပါ။ သူတို့ပြောတာက သူတို့မတရား အနိုင်ကျင့်ခံရတာကို မီဒီယာက တဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးသိစေချင်တာပါတဲ့။ တတ်နိုင်သလောက်ကူညီစေချင်ပါတယ်တဲ့။ ကျွန်တော် ဘာများတတ်နိုင်ပါမည်နည်း ။

ကဲ သူတို့ပြောချင်တာတွေ ၊ ရင်ဖွင့်ချင်တာတွေ ၊ မတရားခံရတာကို မေးပြီး ရိုက်ကူးတည်းဖြတ်လိုက်ကြတာပေါ့လို့ သင်တန်းသားတွေကို ပြောလိုက်ပါတယ်။

သင်တန်းသားတွေကလည်း လက်တွေ့ဆင်းခွင့်ရလို့ မေးကြ၊မြန်းကြ၊ ရိုက်ကူးကြ၊ တည်းဖြတ်ကြနဲ့ နေ့တပိုင်းကုန်သွားပါတယ်။ နောက်ဆုံး အသုံးပြုလို့ရမယ့် ရင်ဖွင့်သံ လေးငါးခုလောက်ရပါတယ်။

သူတို့ အဓိကပြောချင်တာက သူတို့ကို ထောက်ပံ့ကြေးရမယ်ဆိုပြီး စာရင်းလာကောက်တယ်။ လက်မှတ်ထိုးပေးခဲ့ရတယ်။ တကယ်တန်းပေးတော့ သူတို့မရဘူး။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး တွေကိုမေးတော့လည်း သူတို့ စာရင်းတင်လိုက်တယ်။ အပေါ်က ငွေမပေးတာ မတတ်နိုင်ဘူး၊ တိုင်ချင်ရာတိုင်လို့ပြောတယ်။ သူတို့က ယာယီသန်းခေါင်စာရင်းလုပ်တုန်းကလည်း ပိုက်ဆံပေးရမယ်ဆိုလို့ ငွေနှစ်သောင်းပေးခဲ့ရတယ်။ ဟိုကြေး ဒီကြေးဆိုလည်း သူတို့ပေးကြတယ်။ အစိုးရကပေးတဲ့ဆင်းရဲနွမ်းပါးထောက်ပံံ့ကြေးကြတော့ သူတို့မရလို့မကြေနပ်ဘူးလို့ပြောပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်မှာ ငွေ ရတာ မရ တာထက် အုပ်ချုပ်သူတွေက သူတို့ကို လူလည်လုပ်လွန်းလို့ မခံမရပ်နိုင်ဖြစ်နေတယ် ဆိုတာ ပေါ်လွင်ပါတယ်။

ကျွန်တော်ကတော့ မတရားခံနေရတဲ့ လူတွေရဲ့ အသံကို နိုင်ငံတော်က ရှင်းရှင်းလင်းလင်း ပီပီသသ ကြားအောင် ဘယ်လိုတင်ဆက်ရမယ်ဆိုတဲ့ အကြောင်းနဲ့ မီဒီယာသမားတစ်ယောက်ရဲ့ကျင့်ဝတ်တွေကို ပြောပြပါတယ်။

ညနေ သင်တန်းပြီးခါနီးမှာ တာဝန်ခံဆီ ကို ဆယ်အိမ်မှူး ရာအိမ်မှူးဆိုသူတွေဆီက ဖုန်းဝင်လာပါတယ်။ မနက်က သတင်းဌာနကိုရောက်လာတဲ့ သူတွေဟာ သန်းခေါင်းစာရင်းမရှိလို့ ထောက်ပံ့ကြေးမရတာဖြစ်တယ်လို့ပြောပါတယ်။ သင်တန်းတာဝန်ခံကလည်း သူတို့က ယာယီသန်းခေါင်စာရင်းတွေ ထုတ်ပြကြတယ်လို့ပြန်ပြောနေသံကြားပါတယ်။

နောက်နာရီဝက်လောက်နေတော့ သတင်းဌာနကို ရောက်လာသူတွေရဲ့ စာရင်းကို အထက်ကို မတင်ဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မြို့နယ်က ဆင်းရဲနွမ်းပါးသူတွေ စာရင်းက များလွန်းနေလို့ ချန်ထားခဲ့တာပါ။ နောက်တခါဆို စာရင်းကိုသေသေချာချာတင်ပေးလိုက်ပါမယ်၊ နောက်ထပ်ထောက်ပံ့ကြေးပေးတဲ့ အခါ ရ ရာပါစေမယ်လို့ သင်တန်းတာဝန်ခံဆီဖုန်းဆက်ပြန်တယ်။ တာဝန်ခံက ဆင်းရဲနွမ်းပါးစာရင်း ဘယ်နှစ်ယောက်ကိုပဲ ပေးရမယ်လို့ ညွှန်ကြားထားလားလို့မေးပြန်ပါတယ်။ တဖက်က ဘာမှ ဖြေသံမကြားတော့ပါဘူး။

သင်တန်းတာဝန်ခံနဲ့ တဖက်က တာဝန်ရှိသူရဲ့ အပြန်အလှန်ပြောသံတွေကို အနားမှာ ရှိတဲ့ ကျွန်တော်တို့အားလုံးစိတ်ဝင်တစားနားထောင်ကြပါတယ်။

ကျွန်တော်က ကျွန်တော်တို့လက်ထဲရှိတဲ့ အင်တာဗျူးတွေနဲ့ ပဲ သတင်းမလုပ်ဖို့၊ ရာအိမ်မှူး ဆယ်အိမ်မှူး၊ အုပ်ချုပ်ရေးမှူးတွေရဲ့ တရားဝင် အသံဖိုင် ရ မှသာ နှစ်ဖက် အသံနဲ့ သတင်းလုပ်ရမယ်။ သူတို့ ဘယ်လိုအခက်အခဲတွေရှိလို့ ခုလိုဖြစ်နေရတာလည်း ဆိုတာပေါ်လွင်အောင်ရေးဖို့ လိုတယ်လို့ပြောပြီး သင်တန်းကို နားလိုက်ပါတယ်။

နောက်နေ့မနက် သင်တန်းစ ခါနီးမှာ မနေ့က အင်တာဗျူးသွားတဲ့သူတွေ ရောက်လာပါတယ်။ သူတို့ကို အုပ်ချုပ်ရေးမှူးရုံးကခေါ်လို့ ဒီမနက် ဆင်းရဲနွမ်းပါးထောက်ပံ့ကြေးမရတဲ့သူ အားလုံး ရုံးကိုသွားတယ်။ ရုံးရောက်တော့ လက်မှတ်ထိုးခိုင်းပြီး ငွေ နှစ်သောင်းစီချက်ချင်း ထုတ်ပေးလိုက်တယ် ။ ဒါကြောင့် ဒီသတင်းဌာနကို ကျေးဇူးတင်တဲ့ အနေနဲ့ ဘဲ အရှင်တကောင် လက်ဆောင်လာပေးတာတဲ့။

ဒီတခါတော့ သူတို့မျက်လုံးတွေမှာ ဒေါသရိပ်တွေ၊ မရှိတော့ပါဘူး။ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်အပြည့်ရှိနေတာကိုတွေ့ရပါတယ်။ သူတို့အတွက်ဝမ်းသာပါတယ်။ ဒါပေမယ့် သူတို့ လက်ဆောင်ယူလာတဲ့ ဘဲ တစ်ကောင်အတွက်တော့ စိတ်မကောင်းပါဘူး။ သင်တန်းသားတွေက ဘဲ အရှင်ကြီးကိုကြည့်ပြီး ပတ်ပြေးနေကြတယ်။

အဲဒီမနက် သင်တန်း စ တော့ သင်တန်းတာဝန်ခံကို ကျွန်တော့ စိတ်ထဲ မရှင်းသလိုဖြစ်နေလို့ မေးမိပါတယ်။

ဆင်းရဲနွမ်းပါးထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်တွေဟာ အတော်မြန်တာပဲ။ မနေ့က နောက်တစ်ခေါက်မှ ရမယ်ပြောပြီး ဒီမနက်တော့ ထောက်ပံ့ကြေးမရသူတွေကို ချက်ချင်းထုတ်ပေးလိုက်တယ်နော်။ ဒီလိုအုပ်ချုပ်ရေးမှူးကို ဂုဏ်ပြုတဲ့ အနေနဲ့ ငါတို့သတင်းဆောင်းပါးရေးသင့်တယ် ဘယ်လိုသဘောရလဲ လို့။

သင်တန်းသားတွေက ကျွန်တော့်ကိုဝိုင်းရယ်ကြတယ်။ ဘာကြောင့်မှန်းတော့ မသိပါဘူး။

သင်တန်းပြီးလို့ အိမ်ပြန်လာတော့ လမ်းထိပ်က ဘီယာဆိုင်မှာ သူငယ်ချင်း သတင်း အယ်ဒီတာတွေနဲ့ ‘ ဝိုင်း ’ ဖြစ်ကြတယ်။ သူတို့ ဘီယာဆိုင်ဒီမိုကရေစီ ကို အပြည့်အ၀ ခံစားရင်း ဒီနေ့သူတို့ တည်းဖြတ်ခဲ့တဲ့ ကာချုပ်ရဲ့ မိန့်ခွန်း အကြောင်းပြောနေကြတယ်။ ကျွန်တော်က တော့ ဒီနေ့ကျွန်တော်သိခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ စွမ်းဆောင်ရည်ကို ပြောပြပါတယ်။

အသားဖြူဖြူ ဆံပင်ဘုတ်သိုက်နဲ့ စကားအေးအေးဆေးဆေးပြောတတ်တဲ့ အယ်ဒီတာက သူလည်း ဒီနေ့ အုပ်ချုပ်ရေးမှူးတစ်ယောက်အကြောင်း သတင်းတည်းဖြတ်ခဲ့ရတဲ့အကြောင်းပြောပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးဟာ ဆင်းရဲနွမ်းပါးထောက်ပံ့ကြေးပေးသင့်တဲ့ စာရင်းထဲမှာ သူ့အိမ်က ခွေးမလေး နာမည် ကိုထည့်ထားတဲ့အကြောင်းပါ။

ဒီလိုနဲ့ ဘီယာတဝိုင်းလုံးဟာ အုပ်ချုပ်ရေးမှူးတွေရောက်သွားပါတော့တယ်။ စကားဝိုင်းက နှစ်နာရီလောက်ကြာပါတယ်။

အိမ်အပြန်လမ်းမှာလည်း အုပ်ချုပ်ရေးမှူးတွေကို ဂုဏ်ပြုသတင်းရေးဖို့ပဲ စဉ်းစားနေမိပါတယ်။

မြန်မာနိုင်ငံက ဆယ်အိမ်မှူး၊ ရာအိမ်မှူး နဲ့ အုပ်ချုပ်ရေးမှူး တွေဟာ ဆင်းရဲနွမ်းပါးသူဆိုရင် လူ တွေကိုသာမက တိရိစ္ဆာန် တွေကို တောင် ထောက်ပံ့ကြေးပေးဖို့ကြိုးစားနေကြတဲ့ အကြောင်း သတင်းဆောင်းပါးရေးဖို့ပါ။

ကံကောင်းရင်တော့ ကမ္ဘာကျော် သတင်းဆောင်းပါး ဖြစ်သွားမှာပါ။ သူငယ်ချင်းတို့ စောင့်ဖတ်ကြနော်။

သတင်းထောက်တွေ လက်ဆောင်ရတဲ့ ကံဆိုးသူ ဘဲ ကလေးအကြောင်း လည်းပါကောင်းပါနိုင်ပါတယ်။

သားကြီးမောင်ဇေယျ

(၂၀-၈-၂၀၂၀)