Breaking News

မောင်လူရေး - လူမှုရေးပါရာဇိက ကျသူများဘေး

Cartoon Beruma (2019)

မောင်လူရေး - လူမှုရေးပါရာဇိက ကျသူများဘေး

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၀

ခရိုနီက နှစ်စု၊ ဦးထုတ်ခရိုနီနဲ့ ခေါင်းပေါင်းခရိုနီ။ သူတို့က တကယ်တော့ တအူတုံဆင်းတွေ။ ၂၀၁၅လေပြင်းမုန်တိုင်းကြီးကျတော့မှ ကွဲသွားတာ။ အဲသမှာ ကျေးညီနောင်ဇာတ်လမ်းသစ် စတာဘဲ။

 ခေါင်းပေါင်း‌ပေါ်ရောက်သွားသူတွေကိုတော့ ခေါင်းရှင်က တိုင်ကွန်းလို့ အမည်သစ်ပေးလိုက်တယ်၊ သူတို့လဲ ခေါင်းပေါင်းဆောင်းကြ၊ တိုက်ပုံဝတ်ကြ။ လှူပြကြ တန်းပြကြ။

အစိမ်းပင်ပေါ် ကုတ်ကပ် တွယ်ကျန်ရစ်သူတွေကတော့ ခရိုနီပဲပေါ့။ သူတို့က ဗိုလ်ချုပ်ပေါက် သားသမီး သမက်ချွေးမ ခယ်မ‌ယောက်ဖ ခရိုနီတွေဆိုတော့ ကုတ်ကပ်နေရစ် ရပေတာကိုး။ လမ်းပေါ်တက် ရမ်းချင်တိုင်း ရမ်းမရတော့ပေမယ့် ခုထိတော့ နက်ကတိုင်လေးနဲ့ မလိုင်အိုးပေါ် ဇိမ်ကျနေတုန်းပ။ သူတို့ကလဲ အာဏာပြန်ရရင် တခေတ်ပြန်ထောင်မယ်ပေါ့။ ဒို့မပါ ဘယ်ဟာမှ မပြီး ထင်နေရင်း ဘောင်းဘီကြပ်လာကြ‌မှ လုပ်ကြံတာတွေ လုပ်လို့ရတယ်နော်ဆိုပြီး ယုန်လေးကတဆင့် ထုတ်ပြလာကြတာကိုး။ ဘူမသိ ကိုးမသိတွေ တထွေးကြီးနဲ့။ 

ဖြိုးကိုကိုတင့်ဆန်းလိုကောင်ဆီမှာတောင် လက်နက်တွေ ဒီလောက်ရှိနေတာဘဲလေ၊ သူတို့ဆီမှာ ဘယ်လောက်ရှိမလဲ၊ တွက်သာကြည့်တော့။ သူတို့တွေဖေ့ဘွတ်မှာကို သေနတ်က အမျိုးမျိုး။ အမေရိကန်တွေ သေနတ်ပေါတယ်ဆိုတာ ပျင်းတောင်ပျင်းသေးတယ်။ ဘယ်ရဲကမှလဲ ဝင်ဖမ်းပေးမှာ မဟုတ်။ ထိလဲ ထိလို့မရ။ ရဲမင်းမှန်သမျှလဲ တပ်မင်းတွေချည်းဘဲလေ။ ဒါထဲက ထွေအုပ်လေး အရပ်သားအစိုးရအောက်လာအောင် မနည်းအော်ထားရတာကို စစ်ဗိုလ်ဟောင်းဝန်ကြီး ပြန်ခန့်ထားတော့ သွားရော။ 

 နောက်တပတ် ၅နှစ် ဆက်ရှုံးရင်တော့ ဘောင်းဘီက ကြပ်ရုံမက ဖင်ပါကွဲထွက်တော့မယ်ဆိုတာ သိနေကြပြီလေ၊ ပိုက်ထားတဲ့ပိုက်ဆံတွေနဲ့ ဧကစာကျင့်နေကြရတာလဲ ကြာပြီမဟုတ်လား။ ငွေရှိ လူတောမတိုး၊ ပြည်ပကလဲ ကိုဗစ်နဲ့ဆိုတော့ ထွက်မရ။ စီးပွားရေးလုပ်ငန်းခွင်ထဲလဲ ထဲထဲဝင်ဝင် လုပ်မရ၊ လူမှုရေးပါရာဇိက ကျနေသူတတွေ ဆိုတော့ကား။

ရှေ့အနာဂတ်လဲ နိုင်လမ်း မရှိသေးတော့ ကြံမိကြံရာ ကြံမှာဘဲ။ တိုင်းပြည်မှာလဲ ငတ်နေတဲ့လူတွေ များလာပြီး အရက်ချက်လုပ်ငန်းတွေ အရက်ဆိုင်တွေ တံစက်မြိတ်ချင်း ဆက်အောင်ဖွင့်၊ မူးယစ်ဆေးဝါးတွေ မထိမ်းချုပ်နိုင်တော့ လူသတ်ခိုင်းဖို့ လူရှာရတာလဲ ဘာမှ ခက်မှာမဟုတ်ဖူးလေ။ 

တချိန်က မြေနေနေ ရွှေနေနေ ကျောက်စိမ်းနေနေ ကျောက်နီနေနေ သစ်နေနေ တောနေနေ တောင်နေနေ လူနေနေ လက်ညှိုးထိုးတိုင်း ရခဲ့ကြသကိုး။