Breaking News

ဒေါက်တာသိန်းလွင် - ပြည်ခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင် ဗိုလ်စိုးနောင်

ဒေါက်တာသိန်းလွင် - ပြည်ခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင် ဗိုလ်စိုးနောင်

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၀
(စာရေးသူ၏ ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)

မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရေးသောစာ

ကျောင်းသားအရေးအခင်းတွေကြောင့် ကျနော်ဝရမ်းပြေးခဲ့ရစဉ်က ကျနော့်ကို ကူညီ စောင့်ရှောက်ခဲ့တဲ့ စိတ်ဝင်စားဖွယ် ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ရေးထားပါတယ်။ လူတစ်ဦးရဲ့ ကိုယ်ပိုင် ခံယူချက်နဲ့ သူပါဝင်တဲ့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက် ကွဲပြားမှုကြောင့် ရရှိတဲ့ အကျိုးဆက်ကို ပြရုပ်အဖြစ် ဖေါ်ပြထားပါတယ်။

ဝရမ်းပြေးစဉ်က ကျနော့်ကို ကူညီစောင့်ရှောက်ခဲ့ကြသူများကိုလည်း ကျေးဇူးတင်ကြောင်း ဖေါ်ပြအပ်ပါတယ်။

၈၈၈၈ - ရှစ်လေးလုံး အရေးတော်ပုံနှင့် တကွ ကျောင်းသားလှုပ်ရှားမှု အားလုံးကိုလည်း ဂုဏ်ပြုပါတယ်။

ဒေါက်တာသိန်းလွင်
၂၀၂၀ ဩဂုတ်လ ၈ ရက်။


ပြည်ခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင် ဗိုလ်စိုးနောင်
(ကိုယ်ပိုင်ခံယူချက်နှင့် အဖွဲ့အစည်း၏ရပ်တည်ချက်ကွဲပြားမှု ပြရုပ်)

ကျနော်ဝရမ်းပြေးစဉ်က အတွေ့အကြုံတွေကို သူငယ်ချင်းတွေ သိပ်မသိကြပါဘူး။ ကျနော်ဘက်ကလည်းအဆက်အသွယ် ဖြတ်ထားတာမို့ သူတို့ မသိနိုင်ပါဘူး။ နောက်ပိုင်းလည်း တွေ့ဆုံဘို့ အခွင့်အလမ်းနည်းတာကြောင့်မပြောဖြစ်ခဲ့ပါဘူး။ ကျနော်ဘယ်သွားတယ် ဘယ်မှာနေတယ်ဆိုတာ ကျနော့်အမေလည်း မသိပါဘူး။ “သားဘယ်ရောက်နေလဲ၊ အသက်ရှင်လျှက် ရှိသေးရဲ့လား” လို့ စိုးးရိမ်ပြီး ရွာဦးကျောင်း ဆရာတော်ဆီ ဗေဒင်သွားမေးပါတယ်။ “ဒကာမကြီးသား အသက်ရှင်လျှက်ရှိတယ်၊ အရှေ့အရပ်ကို ခရီးသွားနေတယ်” လို့ ဟောပါတယ်။ ဒါနဲ့ အမေက ကျိုက်ထီးရိုးဘုရားကို သွားပြီး သားကိုတွေ့လိုတွေ့ငြား ရှာပါတယ်။ ဆရာတော်ရဲ့ ဗေဒင်က အတော်လေးတိုက်ဆိုင်ပါတယ်။ အဲ့ဒီအချိန်က ကျနော် ကရင်ပြည်နယ်တောကိုဖြတ်ပြီး KNU မာနယ်ပလောစခန်းကို ခြေလျင်ခရီး နှင်နေတဲ့အချိန်ပါ။ ၁၉၇၈ ခုနှစ်ကပါ။

ဒီစာမှာ အဓိက ရေးချင်တာကတော့ ကျနော် ဝရမ်းပြေးစဉ်က ကူညီစောင့်ရှောက်ခဲ့သူများကို ကျေးဇူးတင်ကြောင်းနဲ့ ကူညီစောင့်ရှောက်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်စိုးနောင် အကြောင်းပါ။ ဗိုလ်စိုးနောင်ဟာ ၁၉၄၉-၅၀ ကာလက ပြည်ခရိုင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ခရိုင်ကော်မတီဝင် တစ်ဦး ဖြစ်ခဲ့ပြီး၊ ကျနော်နဲ့ တွေ့ဆုံစဉ်မှာတော့ တောင်ယာစိုက်ပြီး ဘဝကို မြှုပ်နှံထားသူပါ။ သူ့ရဲ့နိုင်ငံရေး ဖြတ်သန်းမှုမှာ ကိုယ်ပိုင်ခံယူချက်နဲ့ သူပါဝင်တဲ့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက် ကွဲပြားမှုဟာ သူ့ဘဝကိုဘယ်လို ရိုက်ခတ်ခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းပြီး၊ ဆင်ခြင်စရာလည်း ဖြစ်ပါတယ်။

ဝရမ်းပြေးဘိုးသိန်း

စက်မှုတက္ကသိုလ်ကျောင်းသားဘဝကနေ ကျနော် ဝရမ်းပြေးဖြစ်ခဲ့တာပါ။ ကျနော် တက္ကသိုလ်တက်တဲ့ နှစ်ကာလတွေမှာ ကျောင်းသားအရေးအခင်းတွေနဲ့ ကြုံရပါတယ်။ ၁၉၇၄ အလုပ်သမားအရေးအခင်းနဲ့ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဇွန်လ ကျောင်းသားအရေးအခင်း၊ ၁၉၇၆ သခင်ကိုယ်တော်မှိုင်းရာပြည့် အရေးအခင်း တွေဖြစ်ပါတယ်။ ဒီအရေးအခင်းတွေက အထောက်အထားလည်းရှိ၊ ရေးထားတဲ့ စာတွေလည်း ရှိတာမို့ ဒီအကြောင်းတွေ မရေးတော့ပါဘူး။ ကျောင်းသားတွေ သိပ်မသိကြတဲ့ ၁၉၇၇-၁၉၇၈ က အဖြစ်အပျက် တချို့ကို ပြောချင်ပါတယ်။

မှိုင်းရာပြည့် အရေးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်ပါတယ်။ ကျောင်းပြန်မဖွင့်ခင် ပဲခူးမြို့နယ်ကောင်စီက ကျနော့်ကိုခေါ်ပြီး၊ စက်မှုတက္ကသိုလ်က ထုတ်ပယ်လိုက်ကြောင်း စာကိုပေးပါတယ်။ အမေက “ငါ့သားမိုက်တယ်” လို့ တစ်ခွန်းသာပြောပြီး စိတ်မကောင်း ဖြစ်ရှာပါတယ်။ ကျောင်းတွေပြန်ဖွင့်လို့ သူငယ်ချင်းတွေ ကျောင်းတက်ဖို့ သွားကြတဲ့အခါ ကျနော့်ရင်မှာ ဟာပြီး ကျန်ရစ်ပါတယ်။ တစ်ပါတ် နှစ်ပါတ် ကြာတော့ “ကျနော် ရန်ကုန်သွားမယ် အမေ” လို့ ပြောတဲ့အခါ မတားရှာပါဘူး။

သူငယ်ချင်းတချို့က ကျောင်းတက်ခွင့်ရပြီး အဆောင်နေခွင့် မရကြလို့ သူတို့နဲ့စုပြီး အိမ်လေးတစ်လုံး ငှါးပြီးနေကြပါတယ်။ ဝင်ငွေလည်းမရှိတော့ အမေပေးလိုက်တဲ့ ငွေဒင်္ဂါးတွေ တစ်ပြားပြီး တစ်ပြားရောင်း၊ အင်္ကျီတွေ အဟောင်းဆိုင်မှာရောင်း၊ စာအုပ်တွေပြန်ရောင်း၊ အစ်မဆင်ပေးထားတဲ့ လက်စွပ်ပါရောင်းနဲ့ ခက်ခက်ခဲခဲ ရပ်တည်ရပါတယ်။ သူငယ်ချင်းတွေကလည်း ကျွေးပါတယ်။ အဲ့ဒီအချိန်က ပိုက်ဆံခြွေတာပြီး၊ ကျနော် တစ်နေ့ ထမင်းတစ်နပ်သာ စားလေ့ရှိပါတယ်။ ကိစ္စတစ်ခုခု အတွက် ကျနော် အကြံဥာဏ် ပေးတဲ့အခါ၊ သူငယ်ချင်းတွေက ကျနော့်ကို “တနပ်စားဥာဏ်” လို့ စပါတယ်။

၁၉၆၂ ဆဲဗင်းဇူလိုင် အရေးအခင်း ပြီးကတည်းက ဇူလိုင်လ ဆိုရင် ကျောင်းပိတ်ရက်ကာလ ဖြစ်လေ့ရှိပါတယ်။ ၁၉၇၄-၇၅-၇၆ နှစ်တွေမှာ မကြာခဏ ကျောင်းပိတ်ရတာမို့ စာမေးပွဲ စစ်ချိန် ကျောင်းပိတ်ချိန်တွေ မမှန်တော့ဘဲ၊ ၁၉၇၇ ဇူလိုင်လ က ကျောင်းဖွင့်ရက် ဖြစ်နေပါတယ်။

ကျွန်တော်တို့သူငယ်ချင်းတစ်စု (၇-၇-၇၇) ဆဲဗင်းဇူလိုင်အရေးအခင်းကို အထိမ်းအမှတ်ပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ လှုံ့ဆော်စာရွက်တွေ ဇူလိုင်လဆန်းမှာ လှို့ဝှက်ဖြန့်ပါတယ်။ ဇူလိုင် (၇) ရက်မနက်မှာ ကျနော်နဲ့အတူကျောင်းသား (၃) ဦးက သမဂ္ဂရင်ပြင်မှာ အခမ်းအနားလုပ်ဖို့သွားပါတယ်။ ကျနော့်လွယ်အိပ်ထဲမှာ ခွပ်ဒေါင်းအလံနဲ့ကြွေးကြော်သံစာရွက်တွေ ပါပါတယ်။ ဖြစ်ချင်တော့ အဲဒီမနက်က မိုးရွာပြီး အဓိပတိလမ်းပေါ်မှာ ကျောင်းသားမရှိသလောက်ဖြစ်နေပါတယ်။ ကျောင်းသားလား၊ ထောက်လှမ်းရေးလား၊ မသေချာတဲ့ တစ်ယောက်စ နှစ်ယောက်စသာ အနီးအနားမှာတွေ့ပါတယ်။ ဒါနဲ့ကျနော်တို့လေးယောက် (ရခိုင်ကျောင်းသား ကိုစိုးရွှေ၊ လျှပ်စစ်အင်ဂျင်ယာနီကျောင်းသား ကိုကျော်အေး နဲ့ ကိုတိုးအေး၊ ကျနော်) တိုင်ပင်ပြီး အခမ်းအနားမလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မန္တလေးမှာတော့ ဆဲဗင်းဇူလိုင်လှုပ်ရှားမှုလုပ်တဲ့ ကျောင်းသားတစ်ဖွဲ့ အဖမ်းခံရပါတယ်။ မန္တလေးအဖွဲ့နဲ့အဆက်အသွယ်လုပ်သူက စက်မှုတက္ကသိုလ် စက်မှုအင်ဂျင်နီယာ ကျောင်းသားကိုဝဏ္ဏဖြစ်ကိုပါတယ်။ လျှပ်စစ်အင်ဂျင်နီယာကျောင်းသား ကိုဝင်းစိန်က ကိုဝဏ္ဏကို ဖွက်ထားပေးဖို့ အကူအညီတောင်းလို့ ကိုဝဏ္ဏကို ကျနော့်ရွာ ခေါ်သွားပြီး အမေ့အိမ်မှာထားပါတယ်။ အမေကလည်း ကိုဝဏ္ဏကို (အဲဒီအချိန်က မောင်ဇော်ဝင်းလို့အမည်ပေးထားပါတယ်။) သားတစ်ယောက်လိုပဲ စောင့်ရှောက်ပါတယ်။ အမေ့အိမ်မှာ တစ်လလောက်နေပြီး၊ ကိုဝင်းစိန်လာခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာ ကျနော်မသိပါဘူး။

၁၉ရ၈ မှာ ကျနော်တို့ နောက်တစ်ကြိမ် ကြိုးစားကြပြန်ပါတယ်။ ကိုဝင်းစိန်ရဲ့ဘကြီးတော်တဲ့ ဘုန်းကြီးရှိရာ ကြည့်မြင်တိုင်ဝေဠုဝန်ဘုန်းကြီးကျောင်းမှာ စာရွက်တွေ သွားလှိမ့်ပါတယ်။ သစ်သားချောင်းတွေကို ဘောင်လုပ်၊ ဘုန်းကြီးသင်္ကန်းစကိုတပ်၊ လှုံ့ဆော်စာ ရေးထားတဲ့ ဖယောင်းစက္ကူကိုကပ်၊ အပေါ်က မှင်သုတ်ပြီး သံဒလိမ့်တုံးနဲ့လှိမ့်ပါတယ်။ ကိုဝင်းစိန်၊ ကိုကျော်အေး၊ ကိုတိုးအေးနဲ့ ကျနော်တို့လေးယောက် တစ်ညလုံးလှိမ့်တာ စာရွက်နှစ်ရာ၊ သုံးရာ ရပါတယ်။ ဗိုက်ဆာတဲ့အခါ ဘုန်းကြီးကျောင်းထိပ်နားက လမ်းဘေးလက်ဖက်ရည်ဆိုင်ကို ချီတက်ကြပါတယ်။ လက်ဖက်ရည် ချိုချိုဆိမ့်ဆိမ့် ငံပျပျ တစ်ခွက်စီမှာပြီး ဗန်ဒါပင်ပေါ်ကစီးကျလာတဲ့ သီချင်းသံ နားထောင်ရင်း သောက်ကြပါတယ်။

ဇွန်လကုန်မှာ စာရွက်တွေဖြန့်ပါတယ်။ ဇူလိုင်လ (၃) ရက်နေ့မနက်မှာ စက်မှုတက္ကသိုလ် Main Building အောက်ထပ် ကျောင်းသားတွေ ကျောင်းတက်ဖို့ တဖွဲဖွဲရောက်လာချိန်မှာ ကိုအေးသောင်းနဲ့ ကျောင်းသားတစ်စုဟာ ခွပ်ဒေါင်းအလံလွှင့်ပြီး ကြွေးကြော်သံစ တိုင်ပါတယ်။ စစချင်းဆိုသလိုပဲ အရပ်ဝတ်နဲ့ရောက်လာတဲ့ ထောက်လှမ်းရေးတွေ ဖမ်းတာခံလိုက်ရပါတယ်။

အဲဒီရက်တွေက ကျနော်က ပုဇွန်တောင်ဘက်မှာရှိတဲ့သူငယ်ချင်း ကိုသူရတို့မိသားစုပိုင်တဲ့ လူမနေသေးတဲ့ အခန်းလေးမှာ သွားနေပါတယ်။ ညနေစောင်းမှာ ကျနော်ရှိရာကို ကိုဝင်းစိန်ရောက်လာပြီး၊ “ကျနော်တို့ရှောင်မှဖြစ်မယ်၊ ခင်ဗျား ပြည်ကိုသွား၊ ကျနော်က တခြားနေရာသွားမယ်” ဆိုပြီး သူအမေပို့ပေးထားတဲ့ငွေ ၂၀၀ ထဲက ၁၀၀ ကျနော့်ကို စရိတ်လုပ်ဖို့ပေးပါတယ်။ အဲဒီညပဲ ကျနော် ပြည်ကိုသွားပါတယ်။ ကိုဝင်းစိန်က အဲဒီည ဘကြီးဘုန်းကြီးရှိရာ ဝေဠုဝန်ကျောင်းကို အဝင်မှာပဲ အဖမ်းခံလိုက်ရပါတယ်။ ဒီသတင်းကို နောက်မှသိရတာပါ။ သူက ပြည်မြို့သားပါ။

နောက်တစ်နေ့ ပြည်ကိုရောက်တော့ ကိုဝင်းစိန်မှာတဲ့အတိုင်း အာရုံကျူရှင်ကျောင်းမှာ ဆရာဦးတင်ရွှေကို သွားတွေ့ပါတယ်။ ကျနော့်ကို သူသိချင်တာတွေမေးပြီး၊ သူ့ရုံးခန်းမှာ စောင့်ခိုင်းပါတယ်။ ညနေစောင်းတော့ ဦးတင်ရွှေရဲ့မိတ်ဆွေ ဦးဟန်သောင်း ရောက်လာပြီး၊ ကျနော့်ကို ရွှေတောင်မြို့ကို ခေါ်သွားပါတယ်။ သူ့အိမ်မှာ ကိုယ်ဝန်အရင့်အမာနဲ့ ဇနီးသည်ရယ်၊ (၂) နှစ်အရွယ် သားကလေးတစ်ဦးရယ် နေပါတယ်။ ကျနော့်ကို ညီတစ်ယောက်လိုဆက်ဆံပါတယ်။ အိမ်နီးချင်းတွေကိုလည်း နယ်ကအလည်လာတဲ့ ညီဝမ်းကွဲလို့ပြောထားပါတယ်။ အိမ်ရဲ့ဝေယာဝစ္စ ထင်းခွဲရေခပ်၊ နွားစာကျွေး၊ နွားချေးကျုံး အလုပ်တွေဝိုင်းကူပါတယ်။ အစ်မကြီး မီးဖွားတော့ ဆေးရုံကို ကျနော်ထမင်းပို့ပါတယ်။ ခုပြန်တွေးကြည့်တော့ ရွှေတောင်မှာနေရင်း ကျနော်အဖမ်းခံရရင်၊ ဦးဟန်သောင်းလည်း အဖမ်းခံရနိုင်တယ်။ မီးဖွားနေတဲ့သူ့ဇနီးနဲ့ ကလေးလည်းဒုက္ခရောက်ရရှာမယ်။

ဗိုလ်စိုးနောင်၏တောင်ယာ

ဇူလိုင်လတစ်လလုံး ရွှေတောင်မှာနေပြီး သြဂုတ်လမှာ ဦးတင်ရွှေရဲ့အစီအစဉ်နဲ့ နေရာပြောင်းရပါတယ်။ ပြည်မြို့ကနေ ဧရာဝတီမြစ်ကို လှေကလေးတစ်စင်းနဲ့ ကူးပြီး တစ်ဖက်ကမ်းကနေ တစ်နာရီခွဲ နှစ်နာရီလောက်လမ်းလျှောက်ရတဲ့ ဗိုလ်စိုးနောင်ရဲ့တောင်ယာတဲကို ကျနော့်ကို လိုက်ပို့ပါတယ်။ ရွာတွေနဲ့အလှမ်းဝေးတဲ့တောင်ကုန်းလေးတစ်ခုအပေါ်မှာ ခြေတံရှည်ဝါးတဲလေးရှိပါတယ်။ အောက်ထပ်မှာ နွားသုံးကောင်ရှိပါတယ်။ တဲဘေးအဖီမှာ ကြက်သားအုပ်မ ရှိပါတယ်။ တဲပတ်လည်မှာ ဗူးပင်၊ ဖရုံပင်၊ သခွားပင်၊ ချဉ်ပေါင်ပင်၊ ခရမ်းချဉ်ပင် တွေရှိပါတယ်။ တစ်ဖက်တောင်ကုန်းမှာ တောင်ယာခင်းရှိပါတယ်။ အဲဒီအချိန်က စပါးနဲ့ နှမ်း စိုက်ထားပါတယ်။ တောင်ကုန်းနှစ်ခုကြားမှာ ချောင်းငယ်ကလေးရှိပါတယ်။ ချောင်းရိုးတစ်လျှောက်မှာ သစ်ပင်ကြီးတွေ ပေါက်ရောက်လျှက်ရှိပါတယ်။

ဦးစိုးနောင်က အသက် (၅၀) ခန့်အရွယ်၊ အသားညိုညို၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ မျက်နှာထားတည်တည်နဲ့ ဖြစ်ပါတယ်။ အင်္ကျီ နွမ်းနွမ်းနဲ့ ပုဆိုးတိုတို ဝတ်ပါတယ်။ ကျနော့်ကို ခရီးဦးကြိုပြုပြီး သူ့တဲမှာနေဖို့ ခွင့်ပြုပါတယ်။ ဦးစိုးနောင်နဲ့အတူ တစ်လကျော်ကျော် နေခဲ့ရပါတယ်။ နှမ်းရိတ်ချိန်ဖြစ်လို့ နှမ်းကူရိတ်ရပါတယ်။ ရိတ်ပြီးသားနှမ်းပင်တွေကို ထပ်ပြီး အရွက်တွေပုတ်တဲ့အထိထားရပါတယ်။ ပြီးတော့ နှမ်းပင်တွေကို စည်းပြီး သုံးပွင့်ဆိုင်ထောင်ပြီး နေလှန်းပါတယ်။ ခြောက်သွားတဲ့အခါ နှမ်းစေ့တွေကို ခါယူရပါတယ်။ ကျနော်ဟာ လယ်သမားသားဖြစ်ပေမယ့် အသက် (၂၀) ကျော်အထိ ကျောင်းပဲနေလာရပြီး စိုက်ပျိုးရေးအတွေ့အကြုံမရှိခဲ့ပါဘူး။ နှမ်းစိုက်ရတဲ့အလုပ်က အတော်ပင်ပန်းပါတယ်။ မိုးရွာလည်း ရိတ်ရ၊ နေပူလည်းရိတ်ရ၊ ကျွတ်တွေကလည်းတွယ်၊ ဖြုတ်လည်းကိုက်၊ နှမ်းပင်တွေမှာလာအုံတဲ့ ပုရွက်ဆိတ်တွေကိုက်၊ နှမ်းရွက်ပုပ်တဲ့ အနံ့ကလည်းဆိုး၊ တစ်ကိုယ်လုံး ဟိုကယား ဒီကယားနဲ့ အတော်ဒုက္ခတွေ့ပါတယ်။

အစားအသောက်ကတော့ အတော်အဆင်ပြေပါတယ်။ ချောင်းထဲမှာ မြှုံးထောင်လို့ရတဲ့ ငါးကို မီးဖုတ်၊ ငပိရည်မှာဖျော်၊ ဗူးရွက်ပြုတ်ကို တို့စရာလုပ်၊ အတော်မြိန်ပါတယ်။ ဆန်က တောင်ယာစိုက်လို့ရတဲ့ဆန်၊ ဟင်းသီးဟင်းရွက်က တဲပတ်လည်မှာစိုက်ထားတာအပြည့်။ ငါးပိ၊ ဆီနဲ့ ဆားလောက်ပဲ မြို့က ဝယ်ရမယ်ထင်တယ်။ နှစ်ရက်၊ သုံးရက် မိုးအဆက်မပြတ်ရွာပြီး၊ နေသာတဲ့တစ်နေ့မှာ တောင်ကုန်းတစ်လျှောက်မှိုတွေ ဖွေးနေအောင်ပွင့်ပါတယ်။ ခူးလို့မကုန်နိုင်ပါဘူး။ တချို့ချက်စားပြီး၊ တချို့ကိုနေလှန်းထားပါတယ်။ ဖရုံသီးကို မှိုခြောက်နဲ့ချက်စားတာ အတော်အရသာရှိပါတယ်။ အသားဟင်းတော့ တစ်ခါနှစ်ခါပဲ စားရပါတယ်။ တစ်ရက်မှာ အနီးအနားရွာက အမဲပေါ်လို့လာရောင်းတဲ့ အမဲသားနဲ့သခွားမသီးချက်စားတာ အတော်ကောင်းပါတယ်။

သွားရည်စာကတော့ နှမ်းပျစ်နဲ့ ပျားရည်။ နှမ်းတွေခါပြီး နေလှန်းပြီးတော့ ကျနော်တို့ နှမ်းပျစ်လုပ်စားပါတယ်။ ထန်းလျှက်ရည်ကျို၊ နှမ်းကိုလှော်ပြီးထည့်၊ ဒန်အိုးဖုံးပေါ်မှာ ဖြန့်ထား၊ အေးလာရင် နှမ်းပျစ်ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ်အလွန်စားကောင်းပါတယ်။ ပျားရည်ကတော့ အလျှံအပယ်စားရပါတယ်။ နှမ်းစိုက်တဲ့တောင်ကုန်းရဲ့အထက်နားက အပင်ကြီးတစ်ပင်မှာ ပျားစွဲနေတာ လှည်းဘီးနီးပါးရှိပါတယ်။ ဦးစိုးနောင်နဲ့ ရွာသားတစ်ချို့ ပျားဖွတ်တာ ပျားရည်ကို စဉ့်အိုးနဲ့ တည်ထားရပါတယ်။ ပျားရည်ကို ရေနွေးကြမ်းခွက်နဲ့ အပြည့်ခပ်၊ သခွားသီးနုနုနဲ့ တို့စားရတဲ့အရသာ ဒီနေ့အထိ သတိရနေပါတယ်။

ညနေမှောင်ရီဖြိုးဖျအချိန်ဆိုရင် ခပ်လှမ်းလှမ်းက ချင်းရွာက ဝါးခေါက်သံ “တောက်တောက်၊ တောက် တောက်” ကြားရပါတယ်။ နေ့စဉ်ကြားရပါတယ်။ တစ်ခုခုကို အချက်ပေးတာ ဖြစ်ပုံရပါတယ်။ ချင်းရွာရဲ့ဓလေ့လို့ပြောပါတယ်။ ဝါးခေါက်သံကြားရင် ကျနော်တို့ ညနေထမင်းစားချိန် ရောက်ပါပြီ။ ထမင်းစားပြီးတဲ့အခါ တဲရှေ့က ကပျင်မှာထိုင်၊ ရေနွေးကြမ်းတစ်အိုးနဲ့ နှမ်းပျစ်ကို အမြီးလုပ်၊ ဆေးပေါ့လိပ်ဖွာပြီး စကားစမြည်ပြောကြပါတယ်။ ပြည်မြို့က ထွက်တဲ့ ကျားပျံမကောက် ဆေးလိပ်ဖွာရတာ အတော်ဇိမ်ရှိပါတယ်။ လသာတဲ့ညဆို အတော် သာယာပါတယ်။ ဦးစိုးနောင်ရဲ့အတွေ့အကြုံတွေကိုလည်း တအံ့တသြ နားထောင်ရပါတယ်။

ကိုစိုးနောင်က ငယ်စဉ်က ပြည်ခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီး၊ ပြည်တွင်းစစ်တွေ စတဲ့အခါ ကျောင်းသားတော်တော်များများလည်း တောခို၊ တချို့လည်းအဖမ်းခံကြရပါတယ်။ ကိုစိုးနောင်လည်း ရှောင်တိမ်းနေရင်း လက်နက်ကိုတိုက်ပွဲမှာ ပါဝင်ဖို့ဆုံးဖြတ်ပါတယ်။ ပြည်သူ့ရဲဘော်နဲ့အဆက်အသွယ်ရပြီး ပြည်သူ့ရဲဘော်အဖွဲ့ထဲ ရောက်ပါတယ်။ ဒါပေမယ့် သူက ပြည်သူ့ရဲဘော်ထက် ကွန်မြူနစ်ပါတီကို သွားချင်သူ ဖြစ်ပါတယ်။ အဲဒီနောက် အလံနီကွန်မြူနစ်ပါတီထဲ ရောက်သွားပါတယ်။ အလံနီထဲရောက်ပြီးမှ အလံနီထက် အလံဖြူ (ဗမာပြည် ကွန်မြူနစ်ပါတီ) ကို ပိုသဘောကျပါတယ်။ ဒါ့ကြောင့် အလံနီကထွက်၊ ပဲခူးရိုးမသွားပြီး ဗမာပြည်ကွန်မြူနစ်ပါတီထဲ ဝင်ပါတယ်။

လူငယ်ပီပီ စိတ်အားတက်ကြွပြီး လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတွေ တက်ပါတယ်။ ဒါပေမယ့် ပါတီက ၁၉၅၅ ရောက်တဲ့အခါ အစိုးရနဲ့ဆွေးနွေးဖို့ ငြိမ်းချမ်းရေးလမ်းစဉ်ချပါတယ်။ ၅၅ လမ်းစဉ်လို့ခေါ်ပါတယ်။ အဲဒီမှာ ကိုစိုးနောင်နဲ့ ပါတီနဲ့အဆင်မပြေဖြစ်ပါတယ်။ သူက တိုက်ချင်၊ ပါတီက ငြိမ်းချမ်းရေး ဆွေးနွေးချင်။ နောက်တော့ သူ့ကို ဆေးတပ်မှာ တာဝန်ပေးပါတယ်။ ပြည်ခရိုင်ဆေးမှူးဖြစ်လာပါတယ်။ အသက်အရွယ်လည်းရလာ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ အနိုင်ယူဖို့ကလည်း ခက်ခဲတာမို့ တစတစနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ယုံကြည်သက်ဝင် လာပါတယ်။

၁၉၆၃ ဦးနေဝင်းအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးတဲ့နောက် ဗမာပြည်ကွန်မြူနစ်ပါတီက စစ်အနိုင်တိုက်ရေး အာဏာသိမ်းရေးလမ်းစဉ်ချပါတယ်။ ၆၄ လမ်းစဉ်လို့ခေါ်ပါတယ်။ ကိုစိုးနောင်က ငြိမ်းချမ်းရေးကို ယုံကြည်သက်ဝင်လာတဲ့အချိန်မှာ ပါတီက လက်နက်ကိုင်လမ်းကြောင်းပေါ်ပြန်ရောက်သွားပါတယ်။ ပါတီတွင်းမှာ လမ်းစဉ် ၂ ရပ်တိုက်ပွဲပြင်းထန်လာပါတယ်။ ပါတီဝင်တချို့သေဒဏ်ပေးခံရပါတယ်။ တောခိုသွားတဲ့ တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ လူထုဦးလှနဲ့ ဒေါ်အမာတို့ရဲ့သား၊ ရှေ့နေကြီးဒေါ်မြင့်မြင့်ခင်ရဲ့မောင်တို့ ပဲခူးရိုးမမှာ အသတ်ခံကြရပါတယ်။

အဲဒီကာလမှာ ဗိုလ်စိုးနောင်ကို ပါတီဗဟိုက ဆင့်ခေါ်ပါတယ်။ ၆၄ လမ်းစဉ်အပေါ် မကျေလည်သူတွေထဲမှာ သူလည်းပါနေတော့ သူ့ကိုသတ်ဖို့ခေါ်တယ်လို့ ယူဆပါတယ်။ စိတ်ညစ်ညစ်နဲ့ တောထဲမှာ တစ်ယောက်ထဲ လျှောက်သွားနေတုန်း ရန်သူတပ် (အစိုးရစစ်တပ်) နဲ့တိုးပြီးအဖမ်းခံရပါတယ်။ ပြည်ခရိုင်ရုံးက ဗိုလ်စိုးနောင် ပျောက်သွားတော့ လက်နက်ချသွားပြီလို့ ထင်ပါတယ်။ ဗိုလ်စိုးနောင်ဖော်ရင် စခန်းနေရာကို ရန်သူသိသွားနိုင်တာမို့ ဟိုးအရင်က စခန်းလုပ်ဖူးခဲ့တဲ့နေရာဟောင်းကို ပြောင်းရွှေ့သွားပါတယ်။

ဗိုလ်စိုးနောင်ကိုလည်း အစိုးရတပ်က ရိုက်နှက်ပြီး စခန်းနေရာပြခိုင်းပါတယ်။ လိုက်ပြခဲ့ရင်၊ စစ်တပ်နဲ့သူ့ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ကြမယ်။ စခန်းသိမ်းတာခံရနိုင်တယ်။ မပြဘဲနေရင်၊ သေတဲ့အထိရိုက်သတ်တော့မယ်။ ဒါနဲ့လိုက်ပြတယ်လည်းဖြစ်အောင်၊ သူ့ရဲဘော်တွေလည်း မထိအောင်၊ ဟိုးအရင်က စခန်းဟောင်းနေရာကို ပြပါတယ်။ ဖြစ်ချင်တော့ သူ့ရဲဘော်တွေကလည်း ဘေးလွတ်မယ်ထင်ရာ စခန်းဟောင်းနေရာကို ပြောင်းသွားတာဖြစ်လို့ တည့်တည့်တိုးပြီး တိုက်ပွဲဖြစ်ပါတယ်။ အကျအဆုံးများပါတယ်။ ပါတီကတော့ ဗိုလ်စိုးနောင်ကို သစ္စာဖောက်လို့ သတ်မှတ်ကြမယ်ထင်ပါတယ်။ ဗိုလ်စိုးနောင်ကတော့ ထောင် (၇) နှစ် ကျသွားပါတယ်။

ကိုယ်ပိုင်ခံယူချက်နှင့် အဖွဲ့အစည်း၏ရပ်တည်ချက်

ဦးစိုးနောင် တောခိုစအချိန်မှာ နိုင်ငံရေးပါတီတွေရဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ ယုံကြည်ရာပါတီနောက်ကို လိုက်ခဲ့ပါတယ်။ ပြည်သူ့ရဲဘော်ထဲ ရောက်ပြီးမှ ကွန်မြူနစ်ဝါဒကို ပိုနှစ်သက်တဲ့အတွက် ကွန်မြူနစ်ပါတီဘက်ကို သွားခဲ့တယ်။ အလံဖြူနဲ့ အလံနီကွဲတော့ အလံဖြူ(ဗမာကွန်မြူနစ်ပါတီ) ရှိရာ သွားခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို ရောက်ပြီးတော့ လက်နက်ကိုင်တိုက်ပွဲနဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ၂-ရပ်မှာ နှစ်ကြိမ်တိုင်တိုင် ကွဲလွဲခဲ့ရတယ်။ လူငယ်သဘာဝ စိတ်အားတက်ကြွစဉ် လက်နက်ကိုင်တိုက်ဖို့ ထက်သန်နေတဲ့အချိန်မှာ ပါတီက ၅၅-ငြိမ်းချမ်းရေးလမ်းစဉ်ချခဲ့တယ်။ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် ယုံကြည်သက်ဝင်လာချိန်မှာ၊ ပါတီက ၆၄-စစ်အနိုင်တိုက်ရေးလမ်းစဉ် ပြောင်းသွားပြန်တယ်။ လမ်းစဉ် ၂-ရပ် တိုက်ပွဲကြားမှာ ထောင်ကျခံရ၊ သစ္စာဖောက်ထင်ခံရနဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ ရခဲ့ပါတယ်။

“သစ္စာဖောက်တာ မဟုတ်ဘူး၊ ပါတီကိုလည်း သစ္စာမဖောက်ဘူး၊ ရဲဘော်တွေကိုလည်း သစ္စာမဖောက်ဘူး” ဆိုတာ ကွန်မြူနစ်ပါတီကို ရောက်တဲ့အခါ ပြောပေးပါလို့ ကျနော့်ကို မှာပါတယ်။

မရေရာသော ဒေသဆီသို့

စကားတွေတဝကြီး ပြောကြပြီး ခုနှစ်စဉ်ကြယ်အမြီးထောင်ချိန်မှာ ကျနော်တို့အိပ်ယာဝင်ပါတယ်။ တဲအတွင်းခန်း ရှေ့ဘက်မှာ ဦးစိုးနောင် နေရာယူပြီး၊ ကျနော့်ကို အတွင်းဘက်မှာ နေရာပေးပါတယ်။ တစ်ညမှာ အိပ်ယာထဲလှဲဖို့အလုပ်မှာ၊ ရေနံဆီမီးအရောင် ခပ်မှိန်မှိန်အောက်မှာ၊ ကျနော့အိပ်ယာပေါ်မှာ၊ အနက်ရောင် အခွေတစ်ခု တွေ့ပါတယ်။ လူသံကြားတော့ ပါးပြင်းထထောင်ပါတယ်။ “မြွေ၊ မြွေ” လို့ ကျနော်အော်လိုက်တော့ ဦးစိုးနောင်က အသာခြောက်ထုတ်လိုက်တာ၊ မြွေလည်း ထရံပေါက်ကနေ အပြင်ကို ထွက်သွားပါတယ်။ “ကြက်တွေရှိလို့ မြွေလာတာနဲ့တူတယ်” လို့ပြောပါတယ်။ ကျနော့်အိပ်ယာဘေးရဲ့ တစ်ဖက်က အဖီမှာ ကြက်သားအုပ်မ ရှိတာကိုး။

ကျနော်လည်း အဲဒီနေရာမှာမအိပ်ရဲတော့ဘဲ အိပ်ယာလေး အသာဆွဲပြီး၊ တံခါးပေါက်ဝမှာ သွားအိပ်ပါတယ်။ နောက်နေ့မနက်မှာ နှမ်းအိတ်တွေလွယ်ပြီး၊ နှမ်းရောင်းဖို့ ဦးစိုးနောင် မြို့ကိုထွက်သွားပါတယ်။

ညနေစောင်းတော့ စားစရာတွေ ဝယ်ခြမ်းပြီး၊ ဦးစိုးနောင်ပြန်လာပါတယ်။ သတင်းဆိုး တစ်ခုလည်းပါလာပါတယ်။ “အာရုံကျူရှင်က ဦးတင်ရွှေကို ဖမ်းသွားပြီ” လို့ပြောပါတယ်။ အဲဒီညမှာ ကျနော့်ရဲ့ နေရေးထိုင်ရေးကိစ္စကို တိုင်ပင်ကြပါတယ်။ ကျနော် ဒီတောင်ယာမှာရောက်နေတာကို ထောက်လှမ်းရေးက ခြေရာခံမိနိုင်တယ်။ အဖမ်းခံရနိုင်တယ်။ ဒါ့ကြောင့် ကျနော်နေရာပြောင်းဖို့ ထွက်ခွာပါရစေလို့ ဦးစိုးနောင်ကို ပြောပြပါတယ်။ နောက်နေ့မနက်စောစောမှာ ဦးစိုးနောင်ကို နှုတ်ဆက်ပြီး၊ ဧရာဝတီမြစ်ရှိရာကို ခြေလျင်လျှောက်၊ ကူးတို့လှေနဲ့ တစ်ဖက်ကမ်းကူးပြီး၊ ပြည်မြို့နဲ့ဝေးရာကို ခရီးထွက်ခဲ့ပါတယ်။ ဘယ်ကိုသွားရမယ်ဆိုတာ ရေရေရာရာ မရှိခဲ့ပါဘူး။ ကွန်မြူနစ်ပါတီကိုတော့ မရောက်ခဲ့ပါဘူး။ ဦးစိုးနောင်မှာတာကိုလည်း မပြောရသေးပါဘူး။ ဦးစိုးနောင်ကိုလည်း ဒီနေ့အထိ ပြန်မတွေ့ရသေးပါဘူး။

ဒေါက်တာသိန်းလွင်
၂၀၂၀ သြဂုတ်လ (၈) ရက်။