Breaking News

ခင်လွန်း - ၈၈ မေးရိုး

Saw Ngo 2019

ခင်လွန်း - ၈၈ မေးရိုး

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၀

-
၈၈ ဟာ
တပါတီအာဏာရှင်စနစ်ဆိုးရဲ့
မေးရိုးကိုထိုး
ခါးကိုချိုး
ဝင်ရိုးကို တစစီဖြုတ်
ခေတ်တခေတ် ချုပ်ငြိမ်းပစ်ခဲ့။
အဲ့ဒီ့
လူထုဒီမိုကရေစီအရေးတော်ပုံကြီးဟာ
ခုနေခါ ၃၂ တာ ကြာခဲ့ပြီဆိုပေမယ့်
၈၈ အရေးတော်ပုံတပ်သားကြီးတွေရဲ့
အံတင်းတင်းကြိတ်ထားပုံ
လက်သီးကျစ်ကျစ်ဆုပ်ထားပုံ
မေးရိုးကြီးတွေ ထောင်းထောင်းထ
ကားထွက်နေပုံ
လွတ်လပ်မှု တရားမျှတမှု
ငြိမ်းချမ်းရေး
ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာဖန်တီးခွင့်
စတဲ့
အဲ့ဒီတောင်းဆိုမှုတွေအတွက်
မျှော်လင့်ချက်ကိုယ်စီနဲ့ ထက်ထက်သန်သန်
တိုက်ပွဲဝင်နေတဲ့လူထုအထောင်ထောင်အသောင်းသောင်းဟာ
ယခုထိတိုင် အာရုံရိပ်တွေထဲ ပြန်လည်နိုးထ ရှင်သန်နေတုန်းပဲ။

၈၈-လို့ဆိုကြတဲ့အခါ
အဲဒီ့လူထုတိုက်ပွဲကြီးထဲပါဝင်ခဲ့တဲ့ အရေးတော်ပုံတပ်သားတွေရဲ့
မျှော်လင့်ချက်နဲ့အရောင်တလက်လက်ထတောက်နေတဲ့မျက်လုံးတွေ
တက်ခေါက် အံကြိတ် လက်သီးကျစ်ကျစ်ဆုပ်ထားပုံတွေ
မေးရိုးတင်းတင်း ထောင်းထောင်းထ ကားထွက်နေပုံတွေဟာ
ဘယ်လိုမှ ပြန်လုပ်ယူလို့မရတော့တဲ့ သမိုင်းဇာတ်ဝင်ခန်း စစ်စစ်တွေပဲ

ဒါကို အတုလုပ်သရုပ်ဆောင်ကြရင်လဲ ဘယ်လိုမှမတူ
၈၈-မှာ အသက်တွေ ဘဝတွေတကယ်ပေးဆပ်လိုက်ရတဲ့
အရေးတော်ပုံ အာဏာရှင်တော်လှန်ရေးသမားတွေနဲ့ဘယ်လိုမှမတူ
ဒါပေမယ့်. ခုလို နှစ်ပေါင်းများစွာကြာလာတဲ့အခါ
ရည်ရွယ်ရာဆန္ဒအမျိုးမျိုးနဲ့ရောတိရောယောင်ပါလာကြ
အခွင့်အရေးတွေယူကြ ကဲ့ကြ အမြတ်ထုတ်ကြပေါ့

တကယ်က ၈-လေးလုံးအရေးတော်ပုံရဲ့ တောင်းဆိုချက်တွေက
ယနေ့တိုင်အပြည့်အဝမရသေးဘူးဆိုတာ 
လက်ငင်းတိုင်းပြည်ရဲ့ပကတိအခြေအနေက
ရှင်းရှင်းကြီးဖော်ပြနေတာပဲ။

ဒါကို ပြန်သုံးသပ်မိကြတဲ့ 
ခုလို ၈-လေးလုံးလူထုအရေးတော်ပုံအခါသမယနေ့တွေမှာ
အရေးတော်ပုံတပ်သားကြီးတွေရဲ့မျက်လုံးအစုံစုံဟာ လက်ထ နေတုန်းပဲ
လိုအပ်ရင် မီးဟုန်းဟုန်းတောက် လောင်မြိုက်သွားနိုင်အောင် ပြင်းရှနေတုန်းပဲ
လက်သီးဆုပ်တွေဟာ ကျစ်ကျစ် မာနေတုန်း
တက်ခေါက်သံတွေဟာ ဘဝဂ် ညံနေတုန်းပဲ
အံကြိတ်ထားတဲ့ မေးရိုးကြီးတွေဟာလည်း
ထောင်းထောင်းထ ကားထွက်နေတုန်းပဲ
ဒါဟာ ၈၈ အရေးတော်ပုံတပ်သားကြီးတွေရဲ့ ဥပဓိစစ်စစ်ပဲ
ဒါကို အတုလုပ်ယူလို့ မရ...
ရောယောင် ညာဝါး ဖြီးဖျန်း ရမ်းချလို့မရ။
ဒီနေ့အထိတိုင်
အရေးတော်ပုံ နိဂုံးမသတ်သေးဘူး။ ။
-
လွန်း
၈.၈.၂၀၂၀
နံနက်.၈:၀၀