Breaking News

လှကျော်ဇော - တရုတ် အမေရိကန် ပွတ်တိုက်မှု အဆက်များ



လှကျော်ဇော - တရုတ် အမေရိကန် ပွတ်တိုက်မှု အဆက်များ

(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၀

အမေရိကန်က ရွေးကောက်ပွဲများ နီးလာပြီဆိုမှဖြင့် ပါတီကြီး ၂ ရပ်လုံးက ရာသီစာအဖြစ် တရုတ် ဆန့်ကျင်ရေးလှိုင်း တက်လာတတ်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒီပါတီကြီး ၂ ရပ်ဟာ ကျန်ကိစ္စတွေမှာ ဘယ်လောက်သဘောထားကွဲကွဲ၊ ဒီတရုတ်ကို ထိုးနှက်ရာမှာတော့ တသံတည်း ထွက်တတ်ပါတယ်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကျတော့ အမေရိကန် ပြည်တွင်းရေးအခြေအနေတွေက ပိုရှုပ်ထွေးလာတော့ တရုတ်ကို ပိုတိုးထိုးနှက်ဖို့ ပိုလိုလာနေပါတယ်။ ကမ္ဘာ့ရာစုနှစ် ကပ်ရောဂါလို့ ခေါ်ဆိုနိုင်တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါဒဏ်ကို အမေရိကန်က အလူးအလှိမ့်ခံလာရချိန်မှာတော့ အမေရိကန်ရဲ့ ငုပ်နေတဲ့ အဆောက်အအုံ အားနည်းချက်တွေ တသီချည်း ပေါ်လာပါတယ်။ တကယ်တော့ ဒီအားနည်းချက်တွေဟာ ဟိုတစ ဒီတစ ပေါ်နေတာ ကြာပါပြီ။ အခုတော့ အရေအတွက်တွေ များလာတာဖြစ်လို့ ပိုသိသာ ထင်ရှားလာတာပါ။

ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများအကြား တညီတညွတ်တည်း မရှိမှု၊ အစိုးရ ပေါ်လစီရေးဆွဲသူများ၊ သိပွံပညာရှင်များရဲ့ အကြံပေးချက်များ မနာခံမှု၊ ငါတကောကောမှု၊ အစိုးရရဲ့ ကျန်းမာရေးစနစ်အတွင်း အားနည်းမှုတွေ၊ အထူးသဖြင့် အောက်ခြေလူတန်းစားများအတွက် အာမခံချက် မရှိမှု၊ (အိုဘားမား ခေတ်က လုပ်ဆောင်ထားတဲ့ စီမံကိန်းတွေအားလုံးလောက်နီးနီး ထရမ့်က ပြန်ဖျက်ထားပါတယ်။) ဆင်းရဲ-ချမ်းသာ ကွာခြားမှု၊ လူမျိုးရေး အသားအရောင်ခွဲခြားမှု စတာတွေကြောင့် ပေါ်ပေါက်လာတဲ့ လူမှုရေးပြဿနာများ ပိုမိုပြင်းထန်လာမှု စတဲ့ အကျပ်အတည်းများကို မဖြေရှင်းနိုင်တော့ ပြည်တွင်း လူထုရဲ့ ဒေါသကို အာရုံလွှဲဖို့ရော၊ နိုင်ငံတကာမှာ ကျဆင်းလာတဲ့ မိမိတို့ အမေရိကန်ရဲ့ပုံရိပ်ကို အဖတ်ဆည်ဖို့ကိုရော တရုတ်ကို ပိုမဲလာပါတယ်။

သမ္မတထရမ့်ရော၊ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုရော၊ တနေ့ တမျိုး မရိုးရအောင် (မဟုတ်တာတွေရော၊ ဟုတ်တာတွေရော၊ အချက်အလက် အခိုင်အမာမရှိဘဲရော) တရုတ်ကို အပုပ်ချနေရာမှာ တဖြည်းဖြည်း အာလွန်လျှာလွန်တွေ ဖြစ်လာပြီး အခုနောက်ဆုံး ပွန်ပီယိုရဲ့ (သမ္မတဟောင်း နစ်ဆင်စာကြည့်တိုက်မှာ) ပြောတဲ့ မိန့်ခွန်းအပေါ်မှာတော့ သူတို့ ရီပတ်ဘလင်ပါတီ လူဟောင်းကြီးများတောင် မခံမရပ်နိုင် ဖြစ်လာပြီး ဖြေရှင်းချက်တွေ ဘာတွေ ထုတ်လာတာတောင် တွေ့လာရပါတယ်။ သတင်းစာတွေထဲမှာလည်း တချို့က လက်မခံနိုင်တဲ့အကြောင်းတွေ ဝိုင်းရေးနေကြပြီး ပွဲစည်နေပါတယ်။

နစ်ဆင်ရဲ့ ၁၉၇၂ ခုနှစ် တရုတ်ပြည်ခရီးဟာ တရုတ်နဲ့ အမေရိကန်အကြား ကင်းကွာနေမှုကို အဆုံးသတ်လိုက်နိုင်ပြီး ၁၉၇၉ ခုနှစ် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်နိုင်ဖို့ လမ်းခင်းပေးခဲ့ပါတယ်။ အနှစ် ၄၀ ကျော် ဒီဆက်ဆံရေးကြောင့် နှစ်နိုင်ငံစလုံး အလွန်ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရခဲ့တာပါ။

အခု ဇူလိုင် ၂၃ ရက်နေ့မှာ ကယ်လီဖိုးနီးယားမှာရှိတဲ့ နစ်ဆင်စာကြည့်တိုက်မှာ ပွန်ပီယိုက မိန့်ခွန်းပြောရာမှာ ဒီလို ထည့်ပြောသွားပါတယ်။

“ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ဆက်စပ်မှုများဟာ သမ္မတနစ်ဆင် မျှော်မှန်းခဲ့တဲ့ တရုတ်ပြည်တွင်း အပြောင်းအလဲများကို မဖြစ်ပေါ်စေခဲ့ပါဘူး” လို့ ဆိုပြီး နစ်ဆင်ရဲ့ ပေါ်လစီ စိတ်ပျက်ဖွယ် ရှုံးခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဒါကို ၁၉၇၂ က နစ်ဆင်ရဲ့ဘာသာပြန်အဖြစ် တရုတ်ပြည်ခရီးမှာ ပါသွားပြီး အခုအချိန်မှာလည်း အမေရိကန်-တရုတ် ဆက်ဆံရေးတွေမှာ ဆက်လက်လုပ်ဆောင်နေတဲ့ ဝါရင့်သံတမန်ဟောင်း ချားလ်ဖရီမင်ဂျူနီယာ (Charles Freeman Jr.)က “ဒီမိန့်ခွန်းဟာ ရွေးကောက်ပွဲ မဲဆွယ်လေသံတွေ များနေတော့ နိုင်ငံခြားရေးပေါ်လစီနဲ့ ဘာမှမဆိုင်ဘူး။ ရှင်းရမယ်” လို့ ဆိုလာပါတယ်။

၁၉၆၇ ခုနှစ်က (Foreign Affairs) မှာ နစ်ဆင်က ဆောင်းပါးတစောင် ရေးရာမှာ ဒီလို ထည့်ရေးထားတယ်တဲ့။

“တရုတ်ကို နိုင်ငံစုံမိသားစုကြီးထဲက အပြင်ဘက်မှာ ဒီလိုအမြဲထားဖို့ မဖြစ်နိုင်ဘူး။ တရုတ် မပြောင်းမလဲမချင်း ကမ္ဘာကြီး မလုံခြုံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ အပြောင်းအလဲ ဖြစ်ရေးပါ” တဲ့။

နစ်ဆင် ဆိုလိုရင်းက ရှင်းပါတယ်။

တရုတ်ရဲ့ နိုင်ငံတကာအနေအထားပါ။

ဆိုဗီယက်ရဲ့ ခြိမ်းခြောက်မှုနဲ့ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ တရုတ်နဲ့ ကမ္ဘာကြီးအတွက် ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ကြရမယ်။

ဒါဟာ အခု ပွန်ပီယို ပြောနေသလို တရုတ်ပြည်တွင်း အပြောင်းအလဲကို ဆိုလိုတာ မဟုတ်ပါဘူး။ ပွန်ပီယို ပြောနေတာဟာ အစိုးရ အပြောင်းအလဲကို ဆိုလိုရာရောက်လို့ သိပ်အန္တရာယ်ကြီးတယ်။ စစ်ကြေညာတဲ့သဘော သက်ရောက်နေတယ်။

ပွန်ပီယိုက သူ့မိန့်ခွန်းမှာ တရုတ်ပြည်သူတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီကို ခွဲခြားပြောပြီး တရုတ်ပြည်သူတွေ ကွန်မြူနစ်ပါတီကို မထောက်ခံဖို့ ပြောထားတာ ပါပါတယ်။

ဖရီမင်ကတော့ ဒီလို ဆက်ပြောပါတယ်။

“ပွန်ပီယိုဟာ တရုတ်ပြည်သူနဲ့ တရုတ်ကွန်မြူနစ်ပါတီအကြား ဆက်ဆံရေးကို နားလည်ပုံမရဘူး။ တရုတ်လူမျိုး အများစုဟာ ပါတီလုပ်ဆောင်နေပုံအပေါ် လက်ခံနိုင်ကြတယ်။ မကြိုက်သူများလည်း ရှိပါတယ်။ ဒါကို ချဲ့ကားပြောဆိုနေရင်တော့ တို့များ ရွေးကောက်ပွဲကို အပြင်က နှောင့်ယှက်မှုနဲ့ အလားတူနေမှာပေါ့” တဲ့။ (မှတ်ချက်။ အခု နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ကောက်ယူတဲ့စာရင်း (US-based Edelman Intelligence Survey) အရ တရုတ်အစိုးရအပေါ် တရုတ်ပြည်သူတွေရဲ့ ထောက်ခံမှု ၉၅ ရာခိုင်နှုန်း နဲ့ထိပ်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။)

နစ်ဆင်ရဲ့ တရုတ်ပေါ်လစီကို မှားတယ်ဆိုတဲ့အဆိုကို မခံမရပ်နိုင် ဖြစ်နေတဲ့ ဖရီမင်က-“စစ်အေးပွဲကြီးအတွင်း အမေရိကန်က တရုတ်ကို လက်တွဲ ပူးပေါင်းလိုက်နိုင်မှုကြောင့် စစ်အေးတိုက်ပွဲကြီးကို အဆုံးသတ်စေနိုင်ခဲ့တာ” လို့ ဆိုပါတယ်။

“သူတို့က ငါတို့ရန်သူတော်ကြီး တရုတ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီခဲ့တယ်လို့ ဆိုတယ်။
တကယ်တော့ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေ တို့တတွေ ဘယ်လောက်အကျိုးရှိခဲ့တယ်ဆိုတာ သူတို့ နားမလည်ကြဘူး” လို့လည်း ဆိုပါတယ်။

“အခုလို ထရမ့်အစိုးရဟာ ကိုယ့်အားနည်းချက်အတွက် တရုတ်ကို ဓားစာခံ ပုံချပြီး ရန်ရှာနေမှုဟာ သိပ်အန္တရာယ်ကြီးတယ်။ နှစ်နိုင်ငံလုံး ရှုံးမှာ။ ဘယ်လိုရလဒ် ထွက်လာမယ်ဆိုတာ မပြောနိုင်ဘူး။ တို့အတွက် ဟုတ်လှပြီဆိုပြီး လုပ်နေသမျှတွေဟာ တရုတ် ကောင်းဖို့ချည်း ဖြစ်နေတာ။ တို့နိုင်ငံတွင်းပြဿနာကို တို့ဘာသာတို့ ရှာပြီး စီးပွားရေးအရ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားဖို့လိုတယ်” တဲ့။

သူ ပြောသလို အန္တရာယ်ကြီးတယ်ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ စစ်အေးခေတ်တုန်းက ဆိုဗီယက်နဲ့ အမေရိကန်နဲ့က စစ်ရေးပြိုင်ဆိုင်မှုသာ ကြီးတာ။ နှစ်နိုင်ငံအကြား စီးပွားရေး ကုန်သွယ်ရေး ဆက်စပ်မှုက ဘာမှမရှိဘူး။ အခု တရုတ်နဲ့က စီးပွားရေးကိစ္စတွေမှာ ထွေေးရောယှက်တင်ဖြစ်နေတာ အများကြီး။
ဒီကြားထဲ စွမ်းအားမြင့် လက်နက်အသစ်အဆန်းတွေကလည်း အပြိုင်အဆိုင် ထုတ်လုပ်နေတာ။
အခု အမေရိကန်တို့၊ ဂျပန်တို့က တရုတ်ပြည်မှာဖွင့်ထားတဲ့ သူတို့စက်ရုံတွေ ပြန်ခေါ်နေတာတောင် ဘယ်သူမှ ပြန်မလာကြဘူး။ အခုလည်း ပွန်ပီယို နိုင်ငံတကာလှည့်ပြီး တရုတ်ကို အပုပ်ချနေတာကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒီလိုပြောပါတယ်။

“အမေရိကန်နိုင်ငံ သမိုင်း ၂၃၉ နှစ်အတွင်း ဆင်နွှဲခဲ့တဲ့ စစ်ပွဲပေါင်း ၂၂၂ ပွဲ ရှိတယ်။ အခုလည်း ပါးစပ်ကသာ လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ပြောပြီး အပြစ်မဲ့လူတွေကို သူတို့ ဒုံးပျံတွေနဲ့ သတ်နေတာ။ အခုလို အမုန်းတရားတွေ လျှောက်ဟောပြောနေတာဟာ စစ်ပွဲတွေများများဖြစ်ဖို့၊ သူတို့လက်နက်တွေ များများ ရောင်းရဖို့ လုပ်နေတာ” တဲ့။

ဒါ့အပြင် ဒူတာတေးက ဒီလို နိဂုံးချုပ်ပေးလိုက်ပါသေးတယ်။

“ခင်ဗျားတို့ အမေရိကန်ကို ရွေးချယ်ရင်တော့ စစ်ပွဲကို ရွေးချယ်လိုက်တာဖြစ်ပြီး၊ တရုတ်ကို
ရွေးချယ်ရင်တော့ ငြိမ်းချမ်းရေးကို ရွေးချယ်တာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်က
ကျွန်တော်တို့ နိုင်ငံကို ရောင်းပေးတဲ့ တခုတည်းသော ကုန်ပစ္စည်းက ဈေးကြီးလှပြီး သုံးမရတဲ့ မီးကျိုးမောင်းပျက် လက်နက်တွေဖြစ်ပြီး တရုတ်ကတော့ နေ့စဉ်သုံးပစ္စည်းအမျိုးမျိုးနဲ့ အခြေခံအဆောက်အအုံတွေ ရောင်းပေးနေတာ ဖြစ်တယ်” တဲ့။

(ဖိလစ်ပိုင်က ရလိုက်တဲ့ သင်ခန်းစာတရပ်လည်း လောလောလတ်လတ် ရှိနေပါတယ်။ အနောက်နိုင်ငံတွေ ကြီးစိုးထားတဲ့ ကမ္ဘာ့သတင်းမီဒီယာတွေထဲမှာ ဖုံးတဝက် ဖော်တဝက်သာ ဖော်ပြခဲ့တဲ့ သတင်းပါ။ ဖိလစ်ပိုင်က ငါးဖမ်းသင်္ဘောတစီး တရုတ်ပိုင် စပရက်တလေကျွန်းစုနား ငါးမျှားနေရာမှာ အမေရိကန်ရေတပ်သင်္ဘော
၂ စီး ဘေးကအစောင့်အဖြစ် လိုက်ပေးပြီး တရုတ်ပိုင်နက်ထဲ ဝင်ခိုင်းပါတယ်။ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောကလည်း တရုတ်ပိုင်နက်ထဲဝင်တော့ တရုတ်ကမ်းစောင့်သင်္ဘောက ၃ ကြိမ် သတိပေးတယ်။ အမေရိကန်တွေကတော့ တရုတ်ပိုင်နက်ထဲထိတော့ ဝင်မလိုက်ဘူးတဲ့။ သတိပေးချက်ကို နားမထောင်တော့ အဲဒီငါးဖမ်းသင်္ဘောကို တရုတ်စစ်သင်္ဘောက မြှုပ်ပစ်လိုက်ပါတယ်။ ငါးဖမ်းသမားတွေကို တယောက်မကျန် တရုတ်က ကယ်ရုံမက သင်္ဘောတန်ဖိုး ၂ ဆ လျေော်ကြေးပေးပါတယ်။ အရေးအကြောင်းပေါ်လာရင် ငါတို့က ကယ်မှာ ဆိုပြီး မြှောက်ပေးခဲ့တဲ့ အမေရိကန်သင်္ဘောတွေက ပြေးရောတဲ့။)

ဒါ့အပြင် စင်ကာပူဝန်ကြီးချုပ် လီရှန်လုံက ၂၀၁၉ က ပြုလုပ်တဲ့ ရှန်ကရီလာ အစည်းအဝေးမှာလည်း ဒီလို ပြောဖူးပါတယ်။

“ခင်ဗျားတို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ တရုတ်ရဲ့ တိုးတက်မှုကတော့ ဘယ်သူမှ တားရတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ကိုလည်း ဘယ်သူ့ကို ရွေးမလဲလို့ မမေးပါနဲ့တော့။ ကျွန်တော်တို့ ပေးမယ့်အဖြေကို ခင်ဗျားတို့ မကြိုက်နိုင်ဘူး” တဲ့။

တရုတ်ကတော့ ပြည်သူတွင်း ထွက်ပေါ်နေတဲ့ ဒေါသတွေကို သိပ်အလိုမလိုက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ပြောနေပါတယ်။ (သင့်တင့်တဲ့ တန်ပြန်မှုတော့ ရှိပါတယ်။) အမေရိကန် နယ်ပယ်စုံက (ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ သံတမန်တွေ) လူတွေကလည်း တရုတ်ကို ထရမ့်နဲ့ ပွန်ပီယိုတို့ ရမ်းကားနေတာတွေကို သည်းညည်းခံဖို့၊ သူတို့ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် ရူးမူးနေတာသာ ဖြစ်ကြောင်း၊ အမေရိကန် ပြည်သူအများရဲ့ သဘောထား မဟုတ်ကြောင်း စတာတွေနဲ့ ပြေရာပြေကြောင်း ပြောနေတာတွေကြောင့်လည်း ဖြစ်ဟန်တူပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ နိုင်ငံရေးစနစ်အရလည်း ထရမ့်နဲ့ ပွန်ပီယိုတို့ ပြည်ထောင်စုအစိုးရက ဘာအမိန့်ချချ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ပြည်နယ်တွေက နားထောင်ချင်မှ နားထောင်တာ။ ဒါကြောင့် ထရမ့် ဆင်နွှဲနေတဲ့ ကုန်သွယ်ရေးစစ်ကလည်း တရုတ်ကို သိပ်မထိခိုက်လှပါဘူး။

အခုနောက်ဆုံး တရုတ်ရဲ့ အမြင်တရပ် ထွက်လာတာ ရှိပါတယ်။ အတော်ပျော့ပျောင်းတာ တွေ့ရပါတယ်။

(၂၉-ရ-၂၀၂၀) တရုတ်က C.G.T.N-Opinion ဆောင်းပါးတစောင်မှာ ဒီလို ရေးထားတာ တွေ့ပါတယ်။

‘တရုတ်နဲ့ အမေရိကန်တွေမှာ မတူညီတဲ့ လူမှုရေးစနစ်တွေ၊ အုပ်ချုပ်မှုစနစ်ပုံစံတွေ ရှိကြတယ်။ ဘယ်အရာမှ အဖြူ အမည်း သဲသဲကွဲကွဲ မရှိဘူး။ ကြားမှာ မီးခိုးရောင် အနု အရင့် အမျိုးမျိုး ရှိနေတတ်ပါတယ်။ ကြည့်မြင်နည်းတွေ မတူလို့ သဘောထားတွေ ကွဲနေကြတာပါ။ အမေရိကန်တွေက တရုတ်တွေကို ရှင်ကျန်မှာ ဖိနှိပ်မှုတွေ လုပ်တယ်လို့ မြင်နေပါတယ်။ အဲဒီဒေသမှာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို သူတို့ နားမလည်ဘူး။ ထို့အတူ တရုတ်တွေက လူမည်းများရဲ့ အသက်လည်း အရေးပါတယ်ဆိုတာလောက်ပဲ သိတာ။ ဒီပြဿနာရဲ့သမိုင်း နက်ရှိုင်းမှုကို နားမလည်နိုင်ကြဘူး။

အမေရိကန် လူထုရဲ့ အခုလို အကွဲကွဲအပြားပြား ဖြစ်နေတာ တို့နိုင်ငံက ယဉ်ကျေးမှုတော်လှန်ရေး ကာလတွင်းက အခြေအနေတွေကို သတိရစရာပဲ။ တို့ တရုတ်များရဲ့ အနှစ် ၄၀ ကျော် လုပ်လာတဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လေ့လာပြီး အမေရိကန်ရဲ့ အခြေခံအဆောက်အအုံ ပြုပြင်ရေးတွေကို ရဲရဲဝံ့ဝံ့နဲ့ တီထွင်ဖန်တီးမှုရှိစွာ လက်တွေ့ကျစွာ လုပ်သင့်တယ်။

တို့ တရုတ်တွေဟာ ရှေးဘိုးဘွားတွေကိုရော၊ ရှေးသမိုင်းဆိုင်ရာစနစ်တွေကိုရော လေးစား တန်ဖိုးထားသလို၊ တို့တတွေရဲ့ နောင်မျိုးဆက်တွေအတွက်လည်း အလွန်အားထုတ်ကြိုးစားကြပါတယ်။ ဒါကြောင့်ပဲ လူဦးရေ ၁ ဘီလီယံကျော်ရဲ့ ကံကြမ္မာလမ်းကြောင်းကို အနှစ် ၄၀ အတွင်း သွေးထွက်သံယို မရှိဘဲ ပြောင်းလဲနိုင်ခဲ့တယ်။

အမေရိကန်နဲ့ တရုတ် မတူတာတွေ များပေမယ့် သဘောတူညီချက် အနည်းဆုံး တချက်တော့ ရှိပါတယ်။ ဒါကတော့ စစ်ပွဲကို ဘယ်သူမှ ဘာသဏ္ဌာန်နဲ့မှ မလိုလားတာပါ။

အမေရိကန်တွေအနေနဲ့ ပြန်လည်ကြီးမြတ်လိုရင် မိမိအတွင်းကြောင်းက စပါ။’ တဲ့။

ဒါတွေကတော့ တရုတ်က အမေရိကန်ရဲ့ရန်လိုနေမှုကို ပြေရာပြေကြောင်း ကြိုးစားမှုတရပ်လို့ ပြောလို့ ရနိုင်မယ် ထင်ပါရဲ့။

လှကျော်ဇော။
၁၅-၈-၂၀၂၀။
ကိုးကား-
1/China Daily 29-7-2020.မှသတင်းများ။
2/www.cgtn.com Why China can make America Great.Zou Yue.