Breaking News

လင်းသက်ငြိမ် ● မပျော်ဘူး မေမေ

လင်းသက်ငြိမ် ● မပျော်ဘူး မေမေ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၉

ဒိုက်နဲ့ အမှိုက်နဲ့ စရိုက်နဲ့ 
ရေစီးက နံဟောင်လို့
အခုတမျိုးနဲ့ နောက်တမျိုးကို အမြီးတပ်လိုက်တော့
အူသံတွေချည်း ရွာတယ်
ဗေဒါပန်းနိမိတ်ပုံခမျာ ဒဏ်ရာ ဒဏ်ချက်တွေချည်း။

စင်နဲ့ ကုတင်နဲ့ ပလ္လင်နဲ့ 
အကောင်းကိုမျှော်မှ အကောင်းက ယောင်းမမြင်းစီးထွက်
ကိုယ့်တန်ဆာ ကိုယ်ပြောင်အောင်ဆေးရင်
အဲ့ဒီအဝတ်အောက်က အနံ့တွေ 
သိပ်မဆိုးလောက်ဘူး
အခုတော့ အရိုးကြိုက်လာတဲ့ အိမ်မွေးခွေးတွေ
လူယောင်ဖန်ဆင်းလို့ လူစိတ်မပေါက်တဲ့
မှော်အတတ်ရဲ့ တိရိစ္ဆာန်တွေ။

ဝါဒမျိုးစုံကို ဟစ်အော်နေတဲ့ပါးစပ်တွေက
သွားရည်တမျှားမျှား လျှာကို မသိမ်းနိုင်ဘူး
အကြီးကြီးပြောပြီး အကြီးကြီးပျက်ပျက်ကျတာ
ဒီနိုင်ငံရဲ့အမှတ်တံဆိပ်လား။

ဆန်အိုးဟာ အခုထိ အသံမြည်တုန်း
ချိန်ခွင်ဟာ တဖက်စောင်းတုန်း
အမှန်တရားကို လည်ပင်းတက်နင်းထားတုန်း
ထင်းချောင်းတွေ ပြန့်ကြဲနေကြတုန်း
လက်ညှိုးညွန်ရာ ပြဿနာတွေချည်းပြည့်နေတော့
တခုခုကို ယုံကြည်ဖို့ မလွယ်ကူတော့ဘူး။

ကိုယ့်အရုပ်က ကိုယ့်ကိုဆဲရေး
ကိုယ့်ခွေးက ကိုယ့်ကိုပြန်ဟောင်
အမှောင်ဟာ ပိုပိုသာသာ ထိုးဆင်းလာနေရဲ့
အဖြစ်အပျက်အပေါင်းဟာ မနေ့ကလိုသာ
ပြန်ပြန်သီးပွင့်လာပြီကော
အောက်ခြေမှာ လောက်တွေပြည့်နေတော့
ဆံထုံးပေါ်က ပန်းပွင့် အကြာကြီး ဘယ်ခံမှာလဲ ။

မပျော်ဘူး မေမေရယ်
လိုချင်တာတွေက ခက်ခဲပါတယ်
ရနေတာတွေကို လက်ခံဖို့ကလည်း ခက်ခက်ခဲခဲပဲ
လမ်းကြောင်းက ကြမ်းပါတယ်
ပန်းတိုင်က ဝေးပါတယ်
အိပ်မက်ကို အိပ်မက်အတိုင်း ဆက်ပျိုးဖို့
ရွေ့နေတဲ့ခြေထောက်တွေ အမှန်တရားနဲ့သွေဖီမသွားဖို့
ကျွန်တော်တို့ယုံကြည်မှုကို ပြန်လည်ထွန်းညှိပေးပါတော့။

မေ့မေ့မျောက်တွေက သိပ်ခြေဆော့ လက်ဆော့နိုင်တာပဲ
အနာဂတ်ရဲ့ အကိုင်းအခက်တွေ အတော်အထိနာနေကြပေါ့။

လင်းသက်ငြိမ်