Breaking News

ကိုအောင်မှိုင်း - မြင်းဆိုမှမြင်း ဖျက်မြင်း


ကိုအောင်မှိုင်း -  မြင်းဆိုမှမြင်း ဖျက်မြင်း

(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၀

No vote တို့ Go vote တို့
ကြိုးရှုတ်နေချိန်မှာ
သူခိုးတအုပ်ကတော့
တိုင်းပြည်ကိုအိုးမဲသုတ်ဘို့
ခိုးထုတ်ခိုးထည်တွေနဲ့ လူစုနေကြလေရဲ့။

အော် ကနေ့ခေတ်ကြီး
စစ်ဗိုလ်တွေက ပါတီတွေကိုလမ်းညွန်
ခြေတော်များများတင်ရင် ရဲမူးချူပ်ဖြစ်
ဖေ့ဘွတ်မှာဆဲနိုင်ရင် ဟီးရိုးဖြစ်
လွှတ်တော်မှာမိုက်ရိုင်းရင် စစ်ဗိုလ်ဖြစ်
မီဒီယာမှာအတင်းချရင် အမတ်ဖြစ်
ဥပဒေအရ ဘာမှမတတ်နိုင်
အားလုံးမှာ ရွာသာကြီးလက်မှတ်တွေကိုယ်စီနဲ့။

ရွေးကောက်ပွဲကြီးနီးလာတော့
ပြည်သူ့ဆန္ဒသွေးဆေးက ရောင်းကောင်း
သူ့ခေါင်းမှာတဲ့ ပြည်သူ့ဆန္ဒ
ငါ့ခေါင်းမှာတဲ့ ပြည်သူ့ဆန္ဒ
ပြည့်ဆန္ဒကတမျိူး
သူ့ဆန္ဒကတခြား
သူတို့အများစုရဲ့ ပြည်သူ့ဆန္ဒ။

ရှေ့တိုးတော့ထမ်းပိုး
နောက်ဆုတ်တော့လှည်းထုပ်
ပစ်ရမှာလဲ ဆီနဲ့ဝင်းဝင်း
စားရမှာလဲ သဲနဲ့ရှပ်ရှပ်
ဖက်ရှင်သစ်တွေတော့ ရပ်သင့်ပြီ။

ချာပါတီတွေရော
ပလီပလာပါတီတွေရော
ပြောလိုက်ကြ ဟောလိုက်ကြ
ပြည်သူ့အကျိူးဆိုလား ဘာလား
စစ်ဖိနပ်အောက် ဒူးထောက်နေတဲ့
၂၀ဝ၈အဆိပ်ကို သောက်ရင်း
ပြင်မယ်ပြင်မယ် ဝင်မယ်ဝင်မယ်
သစ်မဲ့သူမရှိ ပစ်မဲ့သူမရှိ
ချစ်ပဲချစ်နိုင်လွန်းတဲ့ ၂၀ဝ၈ထီး။

၂၀ဝ၈ထီးကို ရိုက်ချိူးနိုင်မှ
ပြည်သူ့အကျိူး လူထုအကျိူး
ပလီပလာတွေနဲ့ လူညာတွေကို
ရွံလွန်လွန်းလို့ အိမ်မှာနေ
နိုးဗုတ် အကျိူးယုတ်တွေတဲ့။

ဂိုးဗုတ်ဆရာများ စဉ်းစားစရာ
ဘီလူးစည်း လူ့စည်း
စစ်အာဏာရှင်တွေရဲ့စည်း
၂၀ဝ၈ နာဂစ်ရဲ့စည်း
စည်းမခြားနိုင်တာကိုက
တိုင်းပြည်အတွက်လဲ ဒုက္ခ
တတိုင်းတပြည်လုံးလဲ မမျှမတ
အစိုးရကိုယ်တိုင်လဲ အစိုးမရ။

အစိုးရကို လူထုကထောက်ခံ
၂၀ဝ၈ကို အစိုးရကစင်းခံ
မငြင်းဆန်ရက်လေတော့
တနိုင်ငံလုံး ဖျင်းခံနေရတာပေါ့
တင်းခံနေသူတွေကတော့ ထောင်နန်းစံ။

၈လေးလုံးအရေးတော်ပုံ နှစ်လည်ကြုံတိုင်း
ကိုဖုန်းမော်ရေ အမျှ အမျှ အမျှ
မဝင်းမော်ရေ အမျှ အမျှ အမျှ
၃၂ နှစ်ပြည့်တာတောင် မျှနေကြတုန်း
ဘုန်းဘုန်းမလဲရုံတမယ် ပြောင်းမဲ့ပြောင်းတော့
အရေးတော်ပုံက အရေးအခင်းဖြစ်
လူစင်စစ်က ဘီလူးဖြစ်
သွေးဆာနေတဲ့လက်က သမိုင်းဖြစ်။

လက်နက်နဲ့လူက လက်နက်မဲ့ကိုစိမ်ခေါ်
မလုပ်ရဲတာဘာမှမရှိ ကြည့်
လုပ်ရဲတာကလဲ အကောင်းမရှိ
သူ့ကိုယ်သူတော့ မြင်းဆိုမှမြင်း
ဒါပေမဲ့ ဖျက်မြင်း။

ကိုအောင်မှိုင်း
၁၆ရက် သြဂုတ်လ ၂၀၂၀ခုနှစ်။