Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၃ မြင်ကွင်း


Uploading: 3412681 of 3412681 bytes uploaded.မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၃ မြင်ကွင်း

(မိုးမခ) ဇွန် ၂၄၊ ၂၀၂၂


ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင် ပြောင်းရွှေ့၊ အခြေအနေတွေက အချိန်နဲ့အမျှ ပြောင်းလဲသွားပြီလား  

အရင် သန်းရွှေ ၊ ခင်ညွန့် ဦးဆောင်ကြတဲ့ စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချလိုက် ပြန်လွှတ်လိုက် ဆယ်စုနှစ် ၂ ခုအတွင်းမကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီခေတ်ကာလက ဥပဒေအနေနဲ့လည်း မဆလ ဆိုရှယ်လစ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ “နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ “ ရှိနေခဲ့ပြီး အဲဒီဥပဒေထဲက ၁၀ (ခ) ပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၃ ကြိမ် နေအိမ်အကျယ်ချုပ် နဲ့ထားခဲ့တာ ဖြစ်ပါတယ်။  

 မဆလ ပါတီ၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ပြဌာန်းပြီးနောက်တနှစ် အကြာ ၁၉၇၅ ခုနှစ်မှာ ဒီဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ အရေးပေါ် အခြေအနေမျိုးမှာ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ လို့ သတ်မှတ်သူတွေကို တရားရုံးမတင်ပဲ နှစ်နဲ့ချီ ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံရေး အတိုက်အခံတွေသာမက အချို့သော အခြေအနေတွေမှာ အခြားသော အထောက်အထားရှာမရတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ သတင်းကြီးသူတွေကိုလည်း ရုံးမတင်ပဲ အဆိုပါ ပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သာဓကတွေ မဆလခေတ်မှာ ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာတော့ အဲဒီ မဆလ ဆိုရှယ်လစ်ခေတ်က ပြဌာန်းခဲ့တဲ့ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းရာမှာ မကြာခဏ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။  

၂၀၀၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည် ခြံထဲ အင်းယားကန်မှတဆင့် ရေကူးဝင်ရောက်ခဲ့တဲ့ အမှုမှာ အိမ်ရှင် ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်မှာ အတူနေထိုင်သူ ၂ဦးကို အမှုစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ထောင်ဒဏ် ၁၈ လအဖြစ် ထက်ဝက်လျော့ပေါ့ပေးခဲ့ပြီး အမှုရင်ဆိုင်စဥ်မှာ အင်းစိန်ထောင်က သီးသန့် အဆောက်အဦမှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါက သန်းရွှေ လက်ထက် စစ်အစိုးရ တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း စဥ် ကိုင်တွယ်ခဲ့ပုံပါ။  

အခု တကြိမ်အာဏာသိမ်းစဥ်မှာတော့ မင်းအောင်လှိုင်ရဲ့ ကိုင်တွယ်ပုံက အရင် သန်းရွှေရဲ့ စစ်အစိုးရခေတ်နဲ့မတူပဲ အမှုစွဲတင်ဖို့ စတင်ထိန်းသိမ်းစဥ်ကတည်းက ရည်ရွယ်ချက် ရှိခဲ့တာတွေ့ရပါတယ်။ ပထမဆုံး အခြားသော အမှုတွေ မစွဲဆိုခင် အချက်အလက်တွေ မရှာကြံရခင်မှာ လက်ကိုင်စကားပြောစက် ကို ခြံမှာသုံးတဲ့ ကိစ္စနဲ့ စစချင်းစွဲဆိုပါတယ်။ အခြားတခုကတော့ ကိုဗစ်ကာလ မဲဆွယ်မှုမှာ သဘာဝဘေးအန္တရာယ် စီမံမှု ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်၊ အဲဒီ သဘာဝဘေးစီမံ ဥပဒေနဲ့ သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မက အခြားပြစ်ဒဏ်ကြီးမားတဲ့ ပုဒ်မတွေ မလာခင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုဖို့ ယာယီအသုံးချခဲ့တဲ့ ပုဒ်မသာ ဖြစ်ပြီး မကြာခင် လအနည်းငယ်အတွင်း အဂတိလိုက်စားမှု ပုဒ်မ၊ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုတွေ စွဲဆိုဖို့ အမှုပေါင်း ၁ ဒါဇင်ကျော် တန်းစီပြီး စွဲဆိုခဲ့တာတွေ့ရပါတယ်။  

ခု မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူပုံမှာ သန်းရွှေစစ်အစိုးရလက်ထက်နဲ့ ကွာခြားတာက ပုဒ်မပေါင်းများစွာနဲ့ တရားစွဲဆိုပြီး အပတ်စဥ်တိုင်း ရုံးထုတ်ကာ ရှေ့နေတွေနဲ့ စကားပြောဆိုခွင့်ပေးတာ စတဲ့ အချက်တွေဖြစ်ပါတယ်။ သန်းရွှေ စစ်အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက်မှာ တတ်နိုင်သမျှ သတင်းအချက်အလက် အဆက်အသွယ် မရအောင် ပိတ်ဆို့ထား အဆက်ဖြတ်ထားပြီး တရားရုံးလည်းမတင်​ အမှုလည်းမစွဲဆိုပဲ သတင်းအမှောင်ချထားတာ ဖြစ်ပြီး မင်းအောင် လှိုင်လက်ထက်မှာတော့ အပတ်စဥ် တရားရုံးချိန်းတွေ ရှိနေပြီး အစောပိုင်းမှာ ရှေ့နေတွေဆီက တဆင့်  သတင်းစကားတွေ မီဒီယာဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။  

အဲလို အခြေအနေမျိုးမှာ စစ်ကောင်စီဘက်က လက်နက်ကိုင် လှုပ်ရှားမှု၊ အန်ယူဂျီဖွဲ့စည်းမှု၊ ပြည်တွင်း လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစုံတရာ မှတ်ချက်ပေးဖို့ ပြောဆိုဖို့ မျှော်လင့်ခဲ့ပုံရပါတယ်။ တနည်းအားဖြင့် လက်နက်ကိုင် လမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က သဘောမတူဘူး ဆိုတာမျိုး သတင်းစကားကို မျှော်လင့်ကောင်း မျှော်လင့်ခဲ့ကြပုံရပါတယ်။  

သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီသတင်းစကားမျိုး တနှစ်ကျော်ကြာလာတဲ့ ခုချိန် ထိ မပြောဆိုခဲ့တဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်လိုမျိုးကနေ အကျဥ်းထောင်မှာ ပြောင်းရွှေ့ထားပြီး တရားရုံးစစ်ဆေးဆဲ အမှုနဲ့ ပတ်သက်တာကလွဲလို့ ကျန်တဲ့ကိစ္စရပ်တွေမှာ  အဆက်အသွယ် ဖြတ်ထားဖို့ ရည်ရွယ်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။  

တနည်းအားဖြင့် NUG ဖွဲ့စည်းမှု လက်နက်ကိုင် တိုက်ခိုက်ကြဖို့ တိုက်ပွဲခေါ်သံထုတ်ပြန်ခဲ့တာ၊ PDF တွေအနယ်နယ် အရပ်ရပ်မှာ ပြန့်နှံ့ကြီးထွားလာတာတွေက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ကိုထောက်ခံကြတဲ့ လူထုကို  လက်နက်ကိုင် လမ်းစဥ်ကနေ နောက်ကြောင်းလှည့်ဖို့ စည်းရုံးသိမ်းသွင်းပြောဆိုမယ့် အလားအလာ မရှိနိုင်တော့ဘူးလို့ စစ်ကောင်စီဘက်က ကောက်ချက်ချ တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ သဘောလို့ ထင်မြင်ရပါတယ်။  

ဒါကြောင့် အစပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုလျော့ပေါ့ခွင့်ပေးတဲ့ အမိန့်ကို ပြစ်ဒဏ်ချတဲ့နေ့မှာပဲ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်း ချမှတ်တဲ့ ပုဒ်မတွေမှာတော့ အလားတူ လျော့ပေါ့တာမျိုး လုပ်ဆောင်တာ မရှိတော့တာ တွေ့ရပါတယ်။  

စစ်ကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံ အရုပ်တရုပ် အဖြစ် အသုံးချစရာ နည်းလမ်း သိပ်မမြင်တော့လို့ အခုလို အကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တာလို့လည်း ယူဆကောင်း ယူဆနိုင်စရာ ရှိနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar