Breaking News

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၂


အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ  - ၂

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၀


"သည်လိုပုံနှင့်၊ မိုးကြီးချုပ်လျှင်၊ ကျွနု်ပ် အိမ်ပြန်ရောက်မည် မဟုတ်ပါ"

အမှန်က အိမ်ပြန်ရောက်မည် မဟုတ်ပါ ဆိုတာ မဟုတ်ပါ။

ငြင်းပယ်ခြင်းကို ငြင်းပယ်ခြင်း။ Negation of negation ဟု ဆိုသည်။ တစ်နေ့ အိမ်ပြန်ရောက်ရမည်မှာ မလွဲပါ။ မုချ။ ခု လောလောဆယ်တော့ မရောက်သေး။ သို့ဖြစ်ရာ စာကိုပြင်ရမည်။ "သည်လိုပုံနှင့်၊ မိုးကြီးချုပ်လျှင်၊
ကျွနု်ပ် အိမ်ပြန်ရောက်ဦး(ဦး)မည် မဟုတ်ပါ"

ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ကြီးအတွင်းမှာ၊ အဲဒီ ကပ်ရောဂါပိုး ဆူးရစ်ပန်းခွေက ဓားချွန်တွေက အများနည်းတူ ကျနော့်ကိုလည်း လာ၍ ထိမှန်သည်။ ဓားမိုးရွာချိန် ... အမေရိက။ ကျနော် သည်လို ရေးခဲ့ ပြီးပြီ။

"Knives were raining down
from the clouds,
headed for my soft skin." (June 29, 2020)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူကို၊ ဇန်နဝါရီ ၂၂၊ ၂၀၂၀၊ Washington ပြည်နယ်၊ Portland မြို့မှာ စတင် တွေ့ရှိခဲ့ပါသည်။ (မြန်ပြည်မှာ မတ် ၂၃၊ ၂၀၂၀၊ ချင်းတောင်) ကျနော်က Michigan ပြည်နယ်၊ Lansing မြီု့မှာ နေတာဖြစ်သည်။

အဲသည်ကာလမှာ၊ ၂၀၂၀ မှာ မြန်မာပြည်ပြန်ဖို့ဆိုပြီး လုပ်ထားသည့် ဒုက္ခသည်ပတ်စပို့ ခေါ် ခရီးသွားလက်မှတ် (Travel Document) စာအုပ် ကလေး(၃)အုပ်၊ အမေရိကန်အစိုးရ သက်ဆိုင်ရာက၊ ကျနော်တို့လက်ထဲ ထည့်ပေးခဲ့ပြီးဖြစ်သည်။ အဆင်ပြေတဲ့အချိန် Go ပေတော့ပေါ့။

ကျနော်တို့လို အမေရိကန်နိုင်ငံသား မဟုတ်သူများ (Green Card ခေါ် Permanent Resident Card နှင့် နေထိုင်သူများ) အမေရိကန်နိုင်ငံ ပြင်ပသို့ ခရီးသွားလိုလျှင် ထိုစာအုပ်လုပ်ရသည်။ စာအုပ်ရလျှင် ထိုစာအုပ်နှင့်
၀ါရှင်တန် ဒီ၊စီ မြို့တော်က မြန်မာသံရုံးတွင် မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာလျှောက်ရပါသည်။ သံရုံးက ဗီဇာ ရက် (၇၀) ပေးသည်။

ခင်ဆွေရီနှင့် သားငယ်လေ း လမင်းဝေးတို့က ၂၀၁၈ နွေရာသီက၊ မြန်မာ ပြည်တစ်ခေါက် ပြန်ခဲ့ကြပြီးဖြစ်သည်။ အဲဒီတုန်းက ကျနော် မလိုက်ဖြစ်။ အိမ်စောင့် ကျန်ရစ်ခဲ့သည်။ ဒီတစ်ခါတော့ မိသားစုလိုက် ပြန်ကြမည်။ ကျနော်က ၂၀၂၀ မှာ ပြန်လာမည်ဟု ပြည်တွင်းက ရဲဘော်၊ သူငယ်ချင်း၊ မိတ်ဆွေ တစ်ချို့တလေကို ပြောထားသည်။

သားငယ်လေး ကျောင်းပိတ်ရင် ပြန်ကြမည်။ မြန်မာသံရုံးကို ဗီဇာဝင်ဖို့ ပြင်သည်။ ထိုစဉ်မှာပဲ လမ်းက ပိတ်သွားတော့သည်။

သားငယ်လေး ကျောင်းက မေလ ပထမပတ်ထဲမှာ ပိတ်မည်။ သြဂုတ်လ ပထမပတ်ထဲမှာ ပြန်ဖွင့်မည်။ ဒီလတွေက ဒီမှာ နွေရာသီ (Summer) ဖြစ်သည်။ သားငယ်က Michigan State University မှာ နောက်ဆုံးနှစ် တက်နေတာဖြစ်သည်။ မေ ပထမပတ်မှာ Spring Semester ပြီးသည်။ သားက ဘွဲ့ရဖို့ နောက်ထပ် Semester တစ်ခု တက်ရဦးမည်။ Fall Semester ဟု ခေါ်သည်။ သြဂုတ် ပထမပတ်မှာ စသည်။ ဒီဇင်ဘာထဲမှာ ဆုံးသည်။ ၂၀၂၀ ဒီဇင်ဘာမှာ သားငယ်လေး လမင်းဝေး Michigan State University က ပေးတဲ့ ဘွဲ့ကိုရပြီ။

တိုတိုဆိုပါစို့။ ကိုဗစ်က ဖျက်လို့၊ ကျနော်တို့ ပြည်တော်ပြန်ခရီး ပျက်သွားခဲ့ရပါသည်။ အမေကန်ကလည်း ထွက်ခွင့် မပေး။ မြန်မာပြည်ကလည်း ၀င်ခွင့်မပြု။ ကိုဗစ်က ချစ်မှု တစ်ခုဆီကနေ အခြား ချစ်မှု တစ်ခုဆီ သွား
မရ၊ လာမရအောင် ဟန့်တားထားတော့သည်။

ကိုဗစ်က အမေရိကမှာ ဆိုးသထက်ဆိုးလာသည်။ Stay-at-home ဖီဆန်ရေး ဆန္ဒပြပွဲတွေ၊ Black Lives Matter လူမည်းထု ဆန္ဒပြပွဲတွေ ဖြစ်သည်။ အသက်ရှူချောင်စရာ တစ်ကွက်မရှိ။

ကျနော် ပြန်လာမည် ပြောထားပြီးမှ၊ အခုလို မပြန်နိုင်ဖြစ်သွားတော့၊ ပြည်တွင်းက မျှော်သူတွေကို အားနာသည်။ ကျနော် ညာသလို ဖြစ်သွားသည်။ ကျနော် အမှန်ပြန်ချင်တာပါ။ ကိုမြင့်နိုင်ကြီးက ဓားချွန်ကြီး တကား
ကားနဲ့ ဟန့်တားထားသည်။ ကျနော် မပြန်ဖြစ်တော့။

မပြန်ဖြစ်တော့၊ ခရီးသွားလက်မှတ်စာအုပ်ဖိုး ဆုံးပါသည်။ တစ်နှစ်ခံ(တစ်နှစ်သက်တမ်း)စာအုပ်အတွက် ပိုက်ဆံ ၂၂၀ ပေးရပါသည်။ လက်ဗွေနှိပ်ဖို့၊ ဓာတ်ပုံရိုက်ဖို့ Grand Rapids ဆိုသည့် အခြားတစ်မြို့ကို သွားနှိပ်ရ၊ ရိုက်
ရသည်။ ကားဓာတ်ဆီဖိုး၊ စာပို့ခ၊ သဗ္ဗရနံပေါင်း ပိုက်ဆံ တစ်ထောင်ကျော် ပလုံသွားသည်။ ပိုက်ဆံက အရေးမကြီးပါ။ ပြန်ခွင့် မကြုံတာကိုသာ အသည်းနာတာဖြစ်သည်။

ယနေ့ Covid-19 Live Update:
World- Cases 21,649,706 Deaths 767,158
U.S. Cases 5,593,705 Deaths 173,464
Michigan Cases 93,185 Deaths 6,325
မြန်မာ ကူးစက်သူ(၃၇၆) ယောက်၊ သေဆုံးသူ(၆)ယောက်။

ကျနော် ထပ်ကြိုးစားပါဦးမည်။ ဓားမိုး စဲလို့၊ ကိုဗစ်-19 ကပ်ကြီး ပွဲသွား လျှင်၊ ၂၀၂၁ လား၊ ၂၀၂၂ လား၊ ကျနော် ပြန်လာဖို့ ထပ်ကြိုးစားပါဦးမည်။

ကျနော့်မှာ ၂၀၂၀ ဇွန် ဗန်းမော်တင်အောင် ရာပြည့်လည်း မမီ၊ ၂၀၂၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲလည်း မမီ၊ ကျနော့်မှာ ၂၀၂၀ ဒီဇင်ဘာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ပွဲလည်း မမီ၊ ပုဂံ-ညောင်ဦးက ရွာဆော်ကြီးခွေးလို ဖြစ်ပြီ။

ကျနော် ကျနော့်သူငယ်ချင်း မောင်ဒေါင်း ကို သတိရမိသွားသည်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်တွေက၊ ရွေးမြစ်ပြင်မှာ ငါးသလောက်ပိုက်ချရင်း၊ သူတို့ ဘဝတွေရဲ့ ကြေကွဲသီချင်းကို ဟစ်တတ်ကြသည်။ ကျနော် အခု သူတို့
သီချင်းဟစ်သံကို မစ်ရှီဂန်မဲဇာ ကနေ ကြားလိုက်သည်။

"ပြန်လမ်း မကြုံတဲ့ ယမုန်နာဦးဝယ်" တဲ့လား ကိုဒေါင်းရေ။ ။

(သြဂုတ် ၁၇၊ ၂၀၂၀)