Breaking News

ထွန်းဇော်ဌေး - အဘိုးပြောသော " ဆိတ်နဲ့ ခွေး " ဒီဘိတ်ပုံပြင်

 အဘိုးပြောသော " ဆိတ်နဲ့ ခွေး " ဒီဘိတ်ပုံပြင်

ထွန်းဇော်ဌေး

(မိုးမခ) သြဂုတ် ၂၁၊ ၂၀၂၀

ဟိုတခါတုန်းက ‘အဝီဇိ’ ဥယျာဉ်ထဲမှာ ခွေးခြင်္သေ့ဦးစီးပြီး ဒီဘိတ်ပွဲတခုကျင်းပမယ်လို့ကြေညာလိုက်တော့ ဒီပွဲကိုတက်ဖို့ သတ္တဝါအသီးသီးက ပြင်ဆင်ကြတာပေါ့။ သတ္တဝါအမျိုးပေါင်း ‘ငါးကျိတ်’ ကျော်ကို ဖိတ်ကြားဆိုပဲ။ ဒီဘိတ်ခေါင်းစဉ်က“ဆိတ်ခေါင်းချိတ်၍ခွေးသားရောင်းခြင်း”တဲ့။ အဆိုရှင်က‘ဦးခွေးကြီး ’ ဖြစ်ပြီး အချေရှင်က‘ဦးဆိတ်ကြီး’ ဖြစ်သတဲ့။ 

ဒီဘိတ်ခေါင်းစဉ်ရဲ့တဖက်တချက်မှာ ဦးဆိတ်ကြီးနဲ့ဦးခွေးကြီးပုံတွေပါတဲ့ ‘ဘေဘုတ် ’ တွေကို ချာရာဏသီနေပြည်တော်ကြီးအနှံ့ထောင်ထားတယ်။ လမ်းကွေ့လမ်းထောင်းတိုင်းနဲ့ တိရစ္ဆာန်မြင်ကွင်းအားလုံးမှာ မမြင်ချင်အဆုံး တွေ့နေရတယ်။ 

ချာရာဏသီဒီဘိတ်ပွဲကိုတက်ဖို့ ဦးတောက်တဲ့ကလည်း အဝါနုရောင် မောင့်ကျက်သရေခေါင်းပေါင်းနဲ့။ ရွှေဖလားရောင်ချိတ်ပုဆိုးနဲ့ ရွှေဖလားရောင်တိုက်ပုံနဲ့ ကြွရွနေလေရဲ။ လက်ကိုကားပြီး ဟန်အပြည့်မာန်အပြည့်နဲ့ လျှေက်လာတာကို ကိုမျောက်ကြီးကမြင်တော့ ခပ်ထေ့ထေ့ပြုံးပြီး ကြည့်လိုက်တယ်။ တောက်တဲ့အရောင်ခပ်မွဲမွဲ နဲ့ ဝတ်ထားတဲ့အရောင်နဲ့လိုက်ပါပေရဲ့။ ဒါကြောင့်လည်း ‘လူရွှင်တော်ရွှေဖလား’လို့ အမည်ရပေတာကိုး’လို့စဉ်းစား ရင်း သရော်ပြုံး ပြုံးလိုက်မိသေးရဲ့။

ဟောလာပြန်ပြီနောက်တယောက် ဝဝဖိုင့်ဖိုင့်ထက်ပိုကြီးတဲ့ကိုယ်လုံးနဲ့ နုတ်သီးထိပ်မှာလည်း ဦးချိုလိုလို အ တက်လိုလိုကြီးနဲ့။ တကိုယ်လုံးလည်းစိမ်းလို့။ ကျောပေါ်မှာလည်း သတ္တဝါတကောင်တင်ထားလိုက်သေးရဲ့။ သူ့ တကိုယ်လုံး အစိမ်းရောင်လွှမ်းနေတာပါပဲ။ အော်…ကိုကြံ့ကြီးပဲ။ သိပြီ။ နန္ဒာအိုင်ထဲဖြတ်လာရင်း ရေညှိတွေကပ်လာလို့ စိမ်းနေတာကိုး။ သူ့ကျောပေါ်က ဦးဖွတ်ကြီးကလည်း အရောင်မွဲရတဲ့အထဲ ရေညှိတွေကပ်နေလေတော့ အရောင်တောင်မထွက်တော့တဲ့ ဖွတ်ပင်ဖြစ်နေပါတော့တယ်။ 

အလဲ့.. ဆတ်ကော့လတ်ကော့နဲ့တယောက်လာပြန်ပြီ။ တကိုယ်လုံးလည်းပြာနှမ်းလို့။ ဘယ်သူဖြစ်မလဲ။ သိပြီ။ ဆရာကြီးမှိုင်းရဲ့ပုံပြင်ထဲကလို မဲနယ်အိုးထဲကျလာတဲ့ ခွေးဘုရင်ဖြစ်မယ်ထင်ရဲ့။ လက်ထဲမှာလည်း သံလျက်မ ဟုတ်ပဲ ခရမ်းရောင် ရှည်ရှည် တခုကိုဆုပ်ကိုင်လို့။ မှန်းစမ်း။ အင်း ကပ္ပိလဝတ်ပြည်ကလာတာဖြစ်မယ်။ လုံဗ္ဗဏီတောကိုဖြတ်ရင်း လက်အငြိမ်မနေနိုင်လို့ ခူးလာတာပဲဖြစ်မယ်။ ပါဠိလို လုမ္ဗဏီဆိုတာ ခရမ်းသီးကိုခေါ်တာကိုး။ 

သတ္တဝါတွေ တကောင်ပြီးတကောင်လာလိုက်ကြတာ။ ခြင်္သေ့၊ ယုန်၊ ဇီးကွက်၊ ဝံပုလွေ၊ ဆိတ်တွေလည်းပါရဲ့။ သတ္တဝါအမျိုးအစား သုံးကျိတ်ကျော်ကျော်ရောက်လာကြတယ်။ သတ္တဝါတွေစုံပြီဆိုတော့ ဦးဆောင်ကျင်းပတဲ့သဘာပတိကြီးလည်းစင်မြင့်ပေါ်တက်လာတယ်။ ကုန်းကုန်းကွကွနဲ့ပေါ့။ ရင်ဘတ်မှာလည်း ဟစ်တလာပေးခဲ့တဲ့ တံဆိပ်တွေ။ အီတလီအာဏာရှင်မူဆိုလိုနီရဲ့တံဆိပ်။ ဖရန်ကိုပေးထားတဲ့တံဆိပ်ကလည်းပါသေး။ စတာလင်နဲ့ ကင်အီဆွန်းတို့ရဲ့လက်ဖွဲ့လည်းပါလေရဲ့။ ရင်ဘတ်နဲ့ပုံခုံးနှစ်ဖက်သာမကခါးမှာလည်း အောင်လအင်ဆန်းရဲ့ခါးပတ်ထက်ကြီးတဲ့ခါးပတ်ကို စလွယ်သိုင်းထားလိုက်သေး။ တကယ့်ကို ရယ်စရာဟာသဖြစ်နေတာပေါ့။ တကယ်တော့ သဘာပတိကြီးဟာ အရပ်ပုတာမဟုတ်ပါဘူး။ ငါးပေနဲ့ သုံးလက္မလောက်တော့ ရှိပါတယ်။ တံဆိပ်တွေကြောင့်ဝန်ပိပြီး ကုန်းကွကွဖြစ်နေတာပါ။ ဒါကြောင့်  စကား ပြောစင်မြင့်နောက်မှာ သုံးပေလောက်မြင့်တဲ့ခုံလေ းခံပေးထားရဆိုပဲ။

စကားစပြောပြီ။ “အခုလိုသူ့ကို အားကိုးတကြီးရှိလို့ဝမ်းသာကြောင်း၊ ဒီဘိတ်မှာ တဦးချင်းအရည်အသွေးပေါ်စေပါကြောင်း၊ ဒီဘိတ်မှာ ဦးဇီးကွက်၊ ဦးဒီးဒုတ်နဲ့ မယ်ပျံလွှားတို့က အမှတ်ပေးဒိုင်လုပ်မှာဖြစ်ကြောင်း၊ အမှတ် ပေးဒိုင်က မမျှမတလုပ်ခဲ့ရင်’ဆိုပြီး ‘မဲနယ်မ’ဆီက ခရမ်းသီးကိုယူပြီး ပါးစပ်ထဲအထည့်မှာ တရိစ္ဆာန်ပရိတ်သတ်ကြီးဆီ က ‘ဟင်ခနဲ ဟာခနဲ’ အသံထွက်လာတယ်။ ပြီးမှ ခရမ်းသီးအရှည်ကြီးကို ‘တဂျွမ်းဂျွမ်း’နဲ့ဝါးစားပြလိုက်ရင်း “ကျုပ် မလုပ်ရဲတာ ဘာမှမရှိဘူးမှတ်ပါ” လို့ ပြောကြားရင်း စင်ပေါ်ကဆင်းသွားတော့တယ်။ ပရိတ်သတ်ကြီးကတော့ ရင်ဘတ်စည်တီး တအံ့တဩပေါ့။  

အစီအစဉ်အရမဟုတ်တော့ဘဲ ဦးခွေးကြီးက မိုက်ကရိုဖုန်းကိုကိုင်ပြီး “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတဲ့ အဆိုကို ကျုပ်ကန့်ကွက်တယ်။ ဒါဟာ ကျုပ်တိုခွေးလောကကို သက်သက်နှိမ်တာဖြစ်ရုံမက ‘မဟာ ဆိတ်ကြီးစိုးရေးဝါဒ’သာဖြစ်တယ်။ တကယ်တော့ ကျုပ်တို့ခွေးတွေဟာ ကျောက်ခေတ်ဦးကတည်းက ပထမဆုံး အိမ်မွေးတိရိစ္ဆာန်ဖြစ်ခဲ့တာပါ။ ဒီလိုတန်ဘိုးမဲ့အောင်မပြောသင့်ပါဘူး ”ဆိုတော့ ခွေးပရိတ်သတ်ကြီးက လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးလိုက်ကြတာ ဝက်ဝက်ကွဲပေါ့။ 

“ဦးဆိတ်ကြီးကလည်း “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုကတည်းက ဆိတ်ရဲ့တန်ဘိုးကို အလိုလို ဖေါ်ပြပြီးဖြစ်တာမို့ အထူးပြောစရာမရှိပါဘူး။ တန်ဘိုးသဘောတရားအရကြည့်ရင် ရှားပါးပြီး အသုံးဝင်တဲ့ပစ္စည်းဟာ တန်ဘိုးရှိစမြဲပါ။ ဇီဝကမ္မဖြစ်စဉ်အရလည်း ကျုပ်တို့ဟာ တနှစ်မှာ နှစ်ကြိမ်သားပေါက်ပေမယ့် တခါမွေးရင် နှစ်ကောင်သုံးကောင်ထက်မပိုဘူး။ ခွေးတွေလို ပေါက်လွတ်ပဲစား တခါပေါက်ဆယ်ကောင်ဆယ့်ငါးကောင်အထိ အားအားရှိတိုင်းမမွေးဘူး” လို့ပြောတော့ ဆိတ်ပရိတ်သတ်ကြီးကလည်း လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။ 

ဦးခွေးကလည်း “ခွေးဟာလူ့မိတ်ဆွေပါ။ လူတွေကချစ်ခင်ကြသလို ခွေးဟာသူ့သခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ဆိတ်တွေလိုလည်းရောဂါမများ၊ လူတွေကိုလည်း ကရိကထမများစေဘူး။ ဒါကြောင့်ခွေးတန်ဘိုးကပိုကြီးတာ။” လို့ပြောတော့ ဦးဆိတ်ကြီးကလည်း အားကျမခံချက်ချင်းတုန့်ပြန်လိုက်တယ်။

“ဟားဟား ပြောသာလို့ကြားရ။ ခွေးကရောဂါမများဘူးတဲ့။ ဒီမယ်ပရိတ်သတ်ကြီးခင်ဗျား လောကကြီးမှာ ခွေးလေခွေးလွင့်သာရှိပါတယ်။ ဆိတ်လေ ဆိတ်လွင့်လို့များ ပြောသံကြားဖူးလားဗျ။ ခွေးရူးရောဂါသာရှိတယ် ဆိတ်ရူးရောဂါလို့မကြားမိပေါင်ဗျာ။ အဲ့ဒါတန်ဘိုးတွေပေါ့ဗျာ။ ပရိတ်သတ်ကြီးခင်ဗျား ထပ်ပြောချင်တာက သခင်အပေါ် ခွေးကသစ္စာမဖောက်ဘူးတဲ့။ ‘ဟားဟား ရယ်လိုက်ရတာဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော’ပါပဲ။  ခွေးဆိုတာ ဝံပုလွေမျိုးရိုးတူအုပ်စုကဆင်းသက်လာတာဗျ။ အသားစားသတ္တဝါပဲ။ ညညတိရစ္ဆာန်ခြေတိတ်ချိန်မှာ ခွေးအူသံကို ကြားဖူးကြမှာပါ။ အဲ့ဒါ မျိုးရိုးတူဝံပုလွေတွေကို အချက်ပေးပြီးခေါ်တာဗျ။ ခွေးအူသံကြားတော့မှ ဝံပုလွေတွေဟာ ရွာခြေအိမ်ခြေနားကပ်ပြီး မွေးထားတဲ့ကြက်တို့ဘဲတို့ကို လာဆွဲတော့တာပေါ့။ ဝံပုလွေရဲ့စားကြွင်းစားကျန်ဖြစ်တဲ့  အရိုးအရင်းကိုတော့ ဝန်ပုလွေ ပြန်သွားမှ ခွေးက,စားရတယ်။ ဒါဟာသစ္စာဖောက်တာပဲပေါ့ဗျာ။ သခင်ကို လက် ရာခြေရာဖျောက် သစ္စာဖောက်တာပဲမဟုတ်လား။”  

ဦးခွေးကြီးကလည်းအာကျမခံ “ဈေးထဲသွားပြီး ဆိတ်ခေါင်းချိတ်တဲ့ဆိုင်ကိုသွားမေးကြည့်စမ်းပါ။ ခွေးသား ရမလားလို့။ ခွေးသားကရှားပါးပစ္စည်းပါ။ ရှားတဲ့ပစ္စည်းမို့ တန်ဘိုးသဘောတရားအရ အဖိုးတန်စတမ်းဆိုရင် ခွေးက ဆိတ်ထက်ပိုတန်ဘိုးရှိတာပေါ့ဗျာ။ ပြီးတော့ရှိသေးတယ်။ ဟိုဘက်ပါဒီဘက်ပါတဲ့ကောင်ကို ‘ဆိတ်လစိ’ နဲ့ပဲနှိုင်းတ ပါ။ခွေးဟာနဲ့မနှိုင်းပါဘူးဗျ” ဆိုတော့ ခွေးတွေက ထအူပြီး ဩဘာပေးလိုက်သပေါ့။

ဒီတော့ ဦးဆိတ်ကြီးကလည်း မိုက်ကိုကိုင်ပြီး “ အဲ့လိုပြောကြစတမ်းဆိုရင် ဆိတ်ဟာအသားသာမက နို့လည်း အသုံးဝင်တယ်ဗျ။ ဆိတ်နို့ဟာ ကယ်လစီယံများလို့ အရိုးပွရောဂါလည်းကာကွယ်ပေးတယ်။ လူနို့နွားနို့ထက်အဟာ  ရပိုပြီးရှိတယ်။ သွေးအားနည်းရောဂါလည် းအကာကွယ်ပေးသဗျ။ နှလုံးအား ကောင်းစေပြီး လေဖြတ်ခြင်းကလည်း ကာကွယ်ပေးတယ်။ ဒါအပြင်  ‘ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း’တဲ့ဆိုင်မှာ ‘ဖိုက်တင်းဘော’ ဆိုပြီး ဝယ်ကြည့် ပါလား အဖြူအမဲ သဲကွဲသွားလိမ့်မယ်။ ‘ဘောချင်းရယ်တဲ့ မတူပါလေ’ပေါ့ဗျာ။ မတူရင်မတုရဘူးလေ။ နောက်ဆုံး ပြောရရင် စည်းမရှိကမ်းမရှိ ‘တော်သတင်းခွေးသာရှိတာပါ။ တော်သလင်းဆိတ် မရှိဘူးဗျ” ဆိတ်တို့ရဲ့ တပဲပဲမြည်သံတွေလည်း ဆူညံသွားတော့တယ်။ 

ပွဲကတဖြည်းဖြည်းကြမ်းလာတာကြောင့် အခန်းအနားမှူးက “ဒီဘိတ်ပွဲပြီးဆုံးကြောင်း၊ အနိုင်အရှုံးကို ဒိုင်ကကြေညာပေးမှာဖြစ်ကြောင်း”ပြောလိုက်တယ်။ ဒိုင်ကလည်း ရမှတ်တွေပေါင်းနေပါပြီ။ ဒိုင်တွေကလည်း မမျှ,မတတော့ မလုပ်ရဲကြပါဘူး။ လုပ်လိုက်ရင် သဘာပတိက ခရမ်းသီးအတောင့်ရှည်ရှည်ကြီးကို ပါစပ်ထဲထည့် ဝါးစားမှာကို နှလုံးတုံနေကြဟန်ပါ။ ဒိုင်ဆီက ဘာသံမှ ထွက်မလာဘူးဖြစ်နေပါတယ်။

ကဲ…အသင်စာရှုသူ….                  

ဒီဘိတ်ပွဲမှာ ‘ဒိုင်က’ ဘယ်သူကို အနိုင်ပေးမယ်ထင်ပါသလဲ။ 

သင်ကရော ဦးဆိတ်ကြီး ဘက်မှာလား။ ဦးခွေးကြီး ဘက်မှာလား”  ???.... .။

ပုံပြောသူ- အဘိုးဌေး