Breaking News

မောင်တူး - ဟုတ်သယောင်စကား ပန်းချီကား



မောင်တူး  - ဟုတ်သယောင်စကား ပန်းချီကား

(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၀


‘ဟုတ်သယောင်စကားများ’

ဟုတ်သယောင်စကားတို့မှာ
အဝိဇ္ဇာဆိုသည့်အမှောင် ဖုံးခြင်းသာဖြစ်ရာ
လွန်စွာလည်း အန္တရာယ်များဘိသည်။

သင်ပုန်းချေတယ်ဆိုသည့် စကားကလည်း
အမှန်တရား မဟုတ်၍
အလုပ်မဖြစ်ခဲ့။

ကလေးဘဝက ရေးခဲ့သည့်
ဝလုံးလေးတွေနဲ့ ကကြီးခကွေးတွေကလည်း
တလုံးမျှပျောက်မသွားခဲ့။ ။ (မောင်ဒီ)




ကဗျာရော ပန်းချီပါရေးကြတဲ့ ဆရာ ဆရာမ ၁၅ ဦးတို့ရဲ့ Colour Poetry အမည်ရှိ ပြပွဲကို ရန်ကုန်၊ ဗဟန်း မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက Ahla Thit Gallery မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၄ က ၁၈ အထိ ပြုလုပ်ခဲ့တယ်။ ဒီပွဲမှာ ထွန်းဝေမြင့်၊ ကိုရွေး၊ ခင်မြဇင်၊ လက်ျာလင်းနိုင်၊ လင်းသဏ်ညီ၊ မနော်ဟရီ၊ မင်းထက်မောင်၊ မောင်ဒီ၊ မင်းကိုနိုင်၊ နိုင်ဇော်၊ ငုအိမ်ထက်မြက်၊ ညိုပြာဝိုင်၊ ဖြူမွန်၊ စိုးမင်းအောင်၊ သစ္စာနီတို့ရဲ့ ပန်းချီကားချပ် ၆0 ကျော် ပြသထားပြီး တကားကို ဒေါ်လာ ၁၀၀ ကနေ ၁၀၀၀ အထိ ဈေး သတ်မှတ်ထားခဲ့ပါတယ်။ ထူးခြားတာက ပန်းချီကားပေါ် ကဗျာတွေ ရေးဆွဲထားတဲ့ ဆရာမောင်ဒီရဲ့ ကဗျာပန်းချီ ၄ ကားပါဝင်နေတာ။ ဒီကားတွေထဲက ဟုတ်သယောင်စကားများ ပန်းချီကားကို ကြည့်ပြီး ဟုတ်သယောင်စကားတွေဆိုတာ ဘာတွေလဲဆရာလို့ ကျနော် မေးကြည့်ပါတယ်။ 

သူ ပြန်ဖြေတာက ....

မော်စီတုံး၏ ဟုတ်သယောင်စကား

‘‘ ဟုတ်သယောင် စကားတွေဆိုတာက ဥပမာ တရုပ်ပြည်မှာ 1958 ဝန်းကျင်က စာကလေး သုတ်သင်ရေး လုပ်ဖူးတယ်။ အဲ့ဒီတုန်းက စာကလေးတွေက အုပ်လိုက်လာပြီး လူတွေစိုက်ထားတဲ့ စပါးတွေကို ဖျက်ဆီးပစ်တယ်ပေါ့။ ဒီကောင်တွေ စားသောက်ပြစ်တယ်။ ဒုက္ခပေးနေတယ်ဆိုပြီးတော့ စာကလေးသုတ်သင်ရေးဆိုတာ မော်စီတုံး ပြောရင်လဲ စကားတခွန်းက အကုန်လိုက်လုပ်ရတာလေ။ လိုက်လုပ်တဲ့အခါကျတော့ ပိုက်ကွန်တွေနဲ့ဖမ်း။ ဖုတ် ကင် စားသောက် ပျော်စရာကြီးပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒီနှစ်မှာ စပါးတွေပိုးကျပြီးတော့ အစာငတ်ပြီး တရုပ်ပြည်မှာ လူ ၃၆ သန်း သေဘူးတယ်။ တကယ်တန်းက စာကလေးတွေဟာ စပါးဖျက်ပိုးတွေကိုစားပေးတာပါ။ အပေါ်ယံစကားအနေနဲ့ ဟုတ်သယောင် ဖြစ်နေတဲ့ကိစ္စ တကယ်မဟုတ်ပဲ လူ ၃၆ သန်း တရုတ်ပြည်မှာ သေခဲ့ဖူးတယ်။ အဲ့သည်တုန်းက ကျနော်တို့ နိုင်ငံမှာ ၃၅ သန်းလောက်ပဲ ရှိသေးပုံရတယ်ဗျ။ ကျနော်တို့ တနိုင်ငံကျော်စာ တရုတ်တွေသေဘူးတယ်။ ဒါက ဟုတ်သယောင် မော်စီတုံးစကား ’’ နောက်တခါ

တရုတ်ပညာရှိ လောက်ဇူရဲ့ ဟုတ်သယောင်စကား

လွန်ခဲ့တဲ့ နှစ် ၂၅၀၀ လောက်က တရုတ်ပညာရှိ လောက်ဇူ ပြောစကားရှိတယ်။ သူက ‘ရွံ့ရေကို မည်သူ ကြည်လင်အောင်လုပ်နိုင်သနည်း’ တဲ့ ‘သူ့အတိုင်းထားလိုက်ပါ။ သူ့အလိုလိုကြည်လင်လာပါလိမ့်မယ်။’ ဆိုတဲ့ ဖီလော်ဆော်ဖီ တခုကို စာအုပ်ထဲက ဖတ်ဖူးတော့ သဘောကျခဲ့ဘူးတယ်။ နောက်ကျတော့ ရေသန့်တွေ ပေါ်လာတဲ့ အခါကျတော့ ဟာ ဒီစကား မဟုတ်ဘူး။ ဒါအသေမှတ်လို့ မရဘူးပေါ့နော်။ လောက်ဇူက နှစ် ၂၅၀၀ လောက်က ပြောခဲ့တာ။ ရေသန့်တွေပေါ်လာတော့မှ ဒီအစွဲကို ကျွတ်တာလေ။ နောက်တခုက

လှေကား တထစ်ခြင်းတက် ဟုတ်ယောင်စကား

ကျနော့်မိတ်ဆွေတယောက်က ပြောတယ်။ သူက လှေကားဆိုတာ တထစ်ပြီးမှ တထစ်ပဲ တက်လို့ရတာတဲ့။ သူနဲ့ ကျနော်နဲ့က ဆာကူရာတာဝါကို ရောက်တတ်တယ်။ ဓာတ်လှေကားနဲ့တက်ကြတယ်။ ဒီအခါမှ လှေကား တထစ်ခြင်းတက်တဲ့ နည်းလမ်းရှိသလို ဓာတ်လှေကားတက်နည်းလမ်းလဲ ရတယ်လို့ တွေးမိလာရော။ တကယ်ဆို လှေကားကို ၂ ထစ်ကျော် ၃ ထစ်ကျော် တက်လဲရတာပဲဆိုတာ ကျော်တက်သူတွေ တွေး့ခဲ့ဘူးလို့ သိလာရတယ်။ လှေကားကို တထစ်ခြင်းပဲ တက်လို့ရတယ်ဆိုတာက ဟုတ်သယောင်ယောင်နဲ့ မဟုတ်ပြန်ဘူး။ 

ကျနော်တို့နိုင်ငံ အခြေအနေက လွန်ခဲ့တဲ့ နှစ် ၂၅၀၀ က လောက်ဇူ ပြောခဲ့တဲ့ ရွံ့ရည်ကို မည်သူ ကြည်လင်အောင် လုပ်နိုင်သနည်း။ သူ့အတိုင်းသာ ထားလိုက်ပါ။ သူ့အလိုလို ကြည်လင်လာပါလိမ့်မည်။ ဆိုတဲ့ ခံယူချက်မျိုးတွေနဲ့ မြန်မာပြည်မှာ နေထိုင်နေကြတယ်။ ရွံ့ရည်က ကြည်ခါနီးရင် တယောက်က နှောက်သွားတယ်ဗျာ။ နွားကလဲ ရေထဲကို ဆင်းလိုက်တော့ နောက်ပြန်ရော။ မြန်မာပြည်က အဲ့သည်လိုကြီး ဖြစ်နေတယ်လို့ ထင်တယ်ဗျ။ ဒါကြောင့် ဟုတ်သယောင်ယောင်စကားတွေကို အသေမှတ်မထားဖို့ အရေးကြီးတယ်။

ရေသန့်တွေတီထွင်လိုက်သလို အချိန်ကိုက် တီထွင်ဉာဏ်နဲ့ လုပ်ရမယ်ဗျ။

 ပြောရရင် Time and Space ကိစ္စတွေပေါ့။ အချိန်ကိုက် လုပ်ဖို့ပေါ့။ ဥပမာ ရှေးခေတ်က တရုတ် ဗမာ စစ်ဖြစ်တယ်ဗျ။ တရုတ်စစ်သူကြီး ဂါမဏိနဲ့ ဗမာသူရဲကောင်း သမိန်ဗရမ်း စီးချင်းထိုးတယ်။ ဂါမဏိက သံချပ်ကာတွေ တကိုယ်လုံးပတ်ထားတော့ လှံထိုးရမဲ့ နေရာမရှိတော့ အခက် တွေ့တယ်။ ဒါပေမဲ့ ဂါမဏိလက်မြှောက်လိုက်ချိန် ချိုင်းကြားမှာ သံချပ်ဟနေတဲ့ နေရာလပ်ကိုတွေ့တယ်။ သမိန်ဗရမ်း က အချိန်ကိုက် ချိုင်းကြားကို လှံနဲ့ ပစ်သွင်းလိုက်တော့ ဂါမဏိသေပြီး အနိုင်ရတယ်။ သမိန်ဗရမ်းက ရတဲ့အချိန်ကို ချိန်ကိုက်လုပ်ဖို့ အသိပေးခဲ့တာပဲ။ မြန်မာတွေဟာ ဟုတ်သယောင်ယောင်စကားတွေနဲ့ လှေနံဓားထစ် အယူအဆတွေ ကို စွန့်ပြီး လက်တွေ့ အချိန်ကိုက် လုပ်ကြဖို့ လိုပြီ။ ဒါမှ ရည်မှန်းချက်ပန်းတိုင်ရောက်မယ်။



ဟုတ်သယောင် ကြက်ဆူ

ဆရာကြီးမောင်ဒီရဲ့ ဟုတ်သယောင် ပန်းချီကား စကားတွေပြောရင်းက ကြက်ဆူပင်ကနေ ဘိုင်အိုဒီဇယ် ထုတ်ရေး စီမံကိန်းကို သတိရမိပါတယ်။ စစ်အစိုးရခေတ် မြေတွေသိမ်းပြီး မစိုက်မနေရ ကြက်ဆူပင်များစိုက်ခိုင်းခဲ့ကြတယ်။ ပြည်သူတွေ ဒုက္ခရောက်၊ အလုပ်ပျက်၊ လယ်ယာမဲ့ဘဝရောက်၊ ထောင်ကျ ဖြစ်ခဲ့ကြရပါတယ်။ ဟုတ်သယောင်ယောင်နဲ့ မဟုတ်ခဲ့ပါ။ အချိန်ကုန် လူပမ်း ငွေကုန် တိုးတက်မှုနှောင့်နှေးခဲ့တာ စစ်အစိုးရ ဟုတ်ယောင်စကားကြောင့်။

ဟုတ်သယောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်

၁၉၆၂ ခုနှစ် ဦးနေဝင်းစစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖွဲပြီး ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးဆိုပြီး လုပ်ခဲ့ကြတယ်။ ဟုတ်သယောင်နဲ့ ပါတီကောင်စီတွေ ၂၆ နှစ်သာကြာသွားတယ်။ ဘာဆိုရှယ်လစ်မှ မဟုတ်ဘူး။ စစ်ဗိုလ်ကြီးတွေသာ ကြီးစိုးမင်းမူသွားမဲ့ စစ်အရင်းရှင်စနစ် ဖြစ်လိမ့်မယ်လို့ စာရေးဆရာကြီး ဗန်းမော်တင်အောင်က ပြောသွားခဲ့တယ်။ ဒါအမှန်ပဲ။ 

၈၈၈၈ အရေးတော်ပုံကြီးကနေ ဟုတ်သယောင်ယောင် ဆိုရှယ်လစ်ပါတီကြီးကို မြောင်းထဲပို့လိုက်မှ ဦးနေဝင်း ဆိုရှယ်လစ်ဆိုတာ ဟုတ်သယောင်စကား ပါ့လားလို့ ပြည်သူတွေ သိလာတော့တယ်။ ဟုတ်ယောင်စကားတခွန်းဟာ ၂၆ နှစ် နှစ် ၃၀ လောက် ကြာသွားတတ်ပါတယ်။

‘ ကဗျာပန်းချီ အိုမောင်ဒီသို့’

ဟုတ်ယောင်စကား၊ ပန်းချီကားနှင့်
တွေးချင့်ရေးသား၊ ဆရာ့အား
များပြားကျေးဇူး၊ အထူးတင်ကြောင်း

(ပန်းချီနှင့် ကဗျာချစ်သူများကိုယ်စား)

ထပ်လောင်း ပြောကြားလိုက်ပါသည်ခင်ဗျာ။



မဆလအစိုးရကို ၈၈၈၈ မှာ တော်လှန်ခဲ့တဲ့နောက် မဆလ ဦးနေဝင်း အမွေကို ဆက်ခံကြကုန်သော နဝတ နအဖ စစ်အစိုးရ ခေါင်းဆောင်များကလဲ ဟုတ်သယောင်စကားတွေ အမျိုးမျိုး ပြောခဲ့ကြပါ တယ်။ ကြက်ဆူပင်ကနေ ဒီဇယ်ထုတ်မယ်ဆိုတဲ့ ဟုတ်ယောင်စကား အပါအဝင် အများကြီးပါ။ စကားတွေ မှန်မမှန် ဟုတ်မဟုတ်ဆိုတာ အချိန်က အဆုံးအဖြတ်ပေးခဲ့ပါတယ်။ ဒါကြောင့် ဘယ်ခေတ်ဘယ်ကာလမဆို ထွက်ပေါ်လာမဲ့ ဟုတ်သယောင်ယောင် စကားတွေကို သတိထားသင့်ကြပါတယ်။ အထူးကို သတိထားကြစေချင်ပါတယ်။

ကျနော်တို့ ပန်းချီပြခန်းတွေရောက်တယ်။ ပန်းချီကားတွေကြည့်ပြီး ခံစားချက် ခံယူချက်တွေ ပေါ်လာရတယ်။ ပန်းချီဆရာ ဆရာမတွေကို အထူးကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အလှသစ်ပြခန်းက ဆရာမောင်ဒီရဲ့ ကဗျာ ပန်းချီကားတွေ ကြည့်ခဲ့ရတာဟာ ဒဿန အသိ သတိ တိုးတက်တဲ့အမြင်တွေ ဘဝအတွက် တန်ဖိုးတွေ များလှပါတယ်။ အထူးသဖြင့်ကတော့ ဟုတ်သယောင်စကားများ ပန်းချီကားပေါ့ ခင်ဗျာ။ ။