Breaking News

ဇင်လင်း - ဒီမိုကရေစီ ကိုယ်စားပြု အစိုးရ ပေါ်ပေါက်ရေး နိုင်ငံသားတိုင်း ဆန္ဒမဲပေးဖို့လိုသည်



ဇင်လင်း - ဒီမိုကရေစီ ကိုယ်စားပြု အစိုးရ ပေါ်ပေါက်ရေး နိုင်ငံသားတိုင်း ဆန္ဒမဲပေးဖို့လိုသည်

(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၀

ယနေ့မြန်မာနိုင်သည် ဒီမိုကရေစီ သန္ဓသားး ပျက်ကျမသွားစေရန် ခက်ခဲပင်ပမ်းစွာ ရုန်းကန်နေရသည်။ ဒီမိုကရေစီသည် နိုင်ငံရေးစနစ် တစ်ခုဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံရေးအာဏာ (Political Power) ကို တန်းတူညီမျှ ခွဲဝေကျင့်သုံးပိုင်ခွင့်ရှိခြင်းသဘောကို ဒီမိုကရေစီနိုင်ငံရေးစနစ်ဟု ယေဘုယျအားဖြင့် ဆိုလိုသည်။ မျက်မှောက်ခေတ်တွင် ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များကို အခြေခံ၍ ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်သည် ကိုယ်စားပြုဒီမိုကရေစီစနစ်(Representative Democracy)ကို ဖေါ်ပြသည်။ ထိုသို့ ပြည်သူတို့၏ မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ပိုင်ခွင့် (Right to Secret Ballot) ကို ကျင့်သုံး၍ ပြည်သူအကျိုးဖော်ဆောင်နိုင်မည့် အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်ခြင်းကို ဒီမိုကရေစီစနစ်ဟု ဆိုနိုင်သည်။ အချို့က ဒီမိုကရေစီဟု ကြွေးကြော်ကြသော်လည်း အပါ်ယံဟန်ပြမျက်နှာဖုံးစွပ်၍ ကိုယ်ကျိုးရှာနေသူများသာ ဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ ရိုးသားဖြောင့်မတ်သော ပြည်သူများသည် ဒီမိုကရေစီအတုနှင့် အစစ်ကိုမူ ခွဲခြား နိုင်သူများပါသည်။

လက်ရှိမြန်မာ့ ဒီမိုကရေစီသည် စစ်စစ်မှန်မှန် ကိုယ်စားပြုဒီမိုကရေစီစနစ် မဟုတ်သေးသည်ကို သမိုင်းအထောက်အထား များအရ သိရှိကြပြီး ဖြစ်သည်။ ရွေးကောက်ပွဲကို မဖြတ်သန်းဘဲ လွှတ်တော်ထဲတွင် ကိုယ်စားပြုမှု ၂၅% ရယူထားသည့် နိုင်ငံ့လစာနှင့် ရိက္ခာ စားသုံးနေသော ၀န်ထမ်းအင်အားစုပါ၀င်နေသည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် အစိုးရသည် လူထုကိုယ်စားပြုမှု ရ၅% သာ ရရှိထားသည်။ သို့သော် နိုင်ငံကို စီမံအုပ်ချုပ်ရာ၌ ၁၀၀% တာဝန် ခံထားရသည်။ 

ယနေ့ လက်တွေ့သာဓကတစ်ခုမှာ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရ၌ ရာနှုန်းပြည့် လုပ်ပိုင်ခွင့် မရှိသဖြင့် တာဝန်ယူမှု တာဝန်ခံမှု အပိုင်း အားနေည်းနေရလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထုကိုယ်စားပြုသည့် ကိုယ်စားလှယ်များက ရေးဆွဲခွင့် မရရှိခဲ့ကြဘဲ၊ စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲခဲ့၍ ဖြစ်သည်။ ထို အခြေအနေကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးသမျှ တိုင်းပြည်သည် ဓါးမနောက်ပိတ်ခွေး အခြေအနေမှ ရှေ့သို့လှမ်းတက်ရန် ခက်ခဲနေဦးမည်သာဖြစ်သည်။ 

သို့ဖြစ်၍ ဒီမိုကရေစီဘက်နှင့် အာဏာရှင်ဘက် ထိပ်တိုက်တွေ့နေရသည့် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် နိုင်ငံရေးသတိရှိရုံမက နိုင်ငံရေး အကင်းပါးမှုရှိဖို့လည်းလိုသည်။ လာမည့် ရွေးကောက်ပွဲတွင် မိမိတို့၏ ဆန္ဒမဲပြားများကို တန်ဖိုးရှိရှိ အသုံးချဖို့လို သည်။ ဆန္ဒမဲ ပေးရန် ပျက်ကွက်ခဲ့ပါက မိမိ မနှစ်သက်သော အစိုးရ အာဏာရလာနိုင်သည်ကို သတိပြုဖို့လိုသည်။

နိုဝင်ဘာလ(၈)ရက်နေ့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်။ ပြင်ဆင်ချိန် ရက်ပေါင်း ၈၀ မျှသာ ကျန် တော့သည်။ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ တရားမျှတ ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်မှု ရှိစေ ခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် တထပ်တည်း ကျစေခြင်း ဆိုသည့် စံနှုန်း ၅ ချက်နှင့်အညီ ကျင်းပသွား မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုထားသည်။ ရန်ကုန်မြို့၌ ဇွန်လ ၂၇ ရက်တွင် ကျင်းပသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် UEC ဥက္ကဋ္ဌဦးလှသိန်းက နိုင်ငံရေးပါတီများအား ထိုသို့ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်ကြေညာထားသော မဲဆန္ဒနယ် စုစုပေါင်းမှာ ၁၁၇၁ နေရာဖြစ်သည်။ မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ/မရှိ ယခုအချိန်၌ ခန့်မှန်းရန် ခက်ခဲနေ သေးသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိသောကြောင့် ဒေသခံများ စိုးရိမ်သောက ရောက်နေကြသည်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ဇူလိုင် ရ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည် နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၂၀၀,၀၀၀ ကျော်ရှိ၍ ယင်းအနက် ၁၀၀,၀၀၀ ကျော် မှာ မဲဆန္ဒရှင်များ ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စစ်ဘေးရှောင်ပြည်သူ ၁၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိသည်ဟု သုံးသပ်မှု များရှိုနေသည်။ တစ်ဆက်တစ်စပ်တည်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျ့ံနှ့ံမှု ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအပေါ် ဂယက်ရိုက်ခတ််မှု ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်မည့် မဲဆန္ဒရှင် စာရင်းကို ဇူလိုင် ၂၅ ရက် နေ့မှ စတင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်းကို ပထမဆုံးအကြိမ်အဖြစ် မြန်မာ ပြည်တဝန်း၌ စတင်ကြေညာ ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်း တွင် ပါဝင်သူ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံ သားနှင့် နိုင်ငံသား ပြုခွင့်ရသူ၊ အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာ မရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်ဟု UEC က ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် အနက် ၅ သန်းကျော်သည် အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိသည့် လူငယ်မဲဆန္ဒရှင်များဖြစ်ကြောင်း သိရသည်။ ထို လူငယ်များသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့်သူများလည်း ဖြစ်ကြသည်ဟု ဆိုသည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လေ့လာရေးအဖွဲ့အချို့၏ အဆိုအရ ရွေးကောက်ပွဲအပေါ် လူငယ်များ စိတ်ဝင်စားမှုနည်းနေသည်ဟု ထောက်ပြလျှက်ရှိသည်။ အကြောင်းရင်းများစွာအနက် အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသဖြင့် ရွေးကောက်ပွဲကို ဂရုမစိုက်နိုင်ကြဟု ဆိုသည်။ အခြားအရေးကြီး စိန်ခေါ်မှု တစ်ခုမှာ တိုင်းရင်းသားပြည်နယ်များတွင် နိုင်ငံရေးတည်ငြိမ်မှု မရှိသဖြင့် မဲစာရင်းများ တိတိကျကျ မှန်မှန် ကန်ကန် ကောက်ယူနိုင်ခြင်းမရှိသည့်အပြင် နိုင်ငံသားမှတ်ပုံတင် မလုပ်ရသေးသူ လူငယ်အများအပြား ရှိနေခြင်း ဖြစ် သည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းအားဖြင့် လူငယ်များ၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မည်သို့ ဖေါ် ဆောင်ပေး နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ၏ စည်းရုံးပြောဆိုနိုင်စွမ်း အားနည်းလွန်းသည်ကို တွေ့ရသည်။ အခြေ အနေ အရပ်ရပ်ကြောင့် စာသင်ခန်းပြင်ပတွင် လမ်းပျောက်နေသော လူငယ်များ၊ မူးယစ်ဆေး၏ သားကောင်များ အဖြစ် လမ်းမှားနေသောလူငယ်များကို ပညာပေးသည့် အစီအစဉ်များ နည်းပါးနေ၍လည်း လူငယ်များ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ အကြောင်း စိတ်ဝင်စားမှု နည်းပါးကြခြင်းဖြစ်သည်။ ထိုကဲ့သို့ သော အခြေအနေများ အပေါ် နိုင်ငံရေးအမြတ်ထုတ်ရန် ချောင်းနေသူများလည်း ရှိသည်။ ရွေးကောက်ပွဲတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လိုလားသူများ အား မဲရရှိမှု နည်းသွား စေရန် No Vote လှုံ့ဆော်မှုများ ရှိနေသည်ကို သတိပြုသင့်သည်။

အခြားတစ်ဖက်တွင် ရွေးကောက်ပွဲနှင့်အပြိုင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကိစ္စနှင့် ၂၁-ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ်ကျင်းပရေးကိစ္စတို့လည်း ရှိနေသည်။ လက်ရှိအစိုးရအနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ စတုတ္ထအကြိမ် ၂၁-ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် ၂၀၂၁ ခုနှစ်တွင် ပေါ်ပေါက်လာမည့်အစိုးရအတွက် ဆက်လက်လုပ်ဆောင်ရမည့် နိုင်ငံရေးတာဝန်များ ချမှတ်ပေးရန်လည်း တာဝန်ရှိနေသည်။ အထူးသဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပျောက်မသွားစေရန်ဖြစ်သည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာဏာ၊ သယံဇာတနှင့် အခွန် အကောက်များ ခွဲဝေရန်၊ တိုင်းနှင့် ပြည်နယ်အားလုံး တန်းတူရည်တူဖြစ်ရန်၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရရှိရန် စသည့် အချက်များ ပါ၀င် သော ဖက်ဒရယ်မူအခြေခံမူများကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးနေကြောင်း သတင်းကြားနေရသည်။ ၂၀၂၀ နိုဝင်ဘာ (၈) ရွေးကောက်ပွဲ မတိုင်မီ လာမည့် သြဂုတ်လအတွင်း ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဖက်ဒရယ်မူများကို ချမှတ်နိုင်လိမ့်မည်ဟု နှစ်ဖက်အစုအဖွဲ့ များ အကြား မျှော်လင့်နေကြသည်။ 

၂၀၂၀ ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဘုံသဘောတူ ညီမှု ရရှိနိုင်သည့် အချက်အလက် အတော်များများ ရရှိနေပြီဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက RFA သတင်းဌာန၏ မေးခွန်းကို ဖြေကြားခဲ့ကြောင်း သိရသည်။ ညီလာခံတွင် ချမှတ်မည့် ဖက်ဒရယ်မူများ သည် အသေးစိတ်မဟုတ်ဘဲ လမ်းညွှန် အခြေခံမူများသာဖြစ်သည်ဟု ဆိုသည်။ လက်ရှိ ဆွေးနွေးမှုများအရ အခြေခံမူ ၁၁ ချက်ခန့် ရရှိထားသည်ဟု သိရသည်။

“ကျွန်တော်တို့ ညှိနှိုင်းမှုက တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး ဖက်ဒရယ်တည်ဆောက်ရေးနဲ့ ဆိုင်ပါတယ်။ အဲအတွက်လည်း ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ဒီအခြေခံမူတွေ ညှိနှိုင်းမှုက ဘယ်လောက်အတိုင်းအတာအထိ ရမလဲဆိုတာကတော့ ကျွန်တော်တို့ကြားမှာ ဘုံသဘောထားကျနှိုင်တဲ့ အနေအထား တော်တော်များများ အလားအလာ ကောင်းပါတယ်။ သို့သော် နှစ်ဦးနှစ်ဖက် ပြန်ထိုင်ပြီးတော့ နောက်တစ်ကြိမ်မှာ ကျွန်တော်တို့ အပြီးသတ် သဘောတူညီချက် ဘယ်လောက် ရမလဲပေါ့ ဒီပေါ်မှာ မူတည်ပါတယ်။ ပြည်ထောင်စုသဘောတူ စာချုပ်ပေါ်ထွက်လာပြီဆိုရင် တိုင်းရင်းသားတွေ မျှော်လင့် တဲ့အတိုင်း ကြိုဆိုကြမယ့် အနေအထားလို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။” ဟု ဦးဇော်ဌေးက ဆိုသည်။

အချို့အချက်များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၌ ပါရှိပြီးသားဖြစ်ပြီး၊ အချို့မှာ ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံများတွင် ချုပ်ဆိုခဲ့ပြီးသည့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁ နှင့် ၂ တို့၌ ပါရှိပြီးဖြစ်နေသဖြင့် ဖက်ဒရယ်မူတွင် ထပ်မံထည့်သွင်းသင့်၊ မသင့်ကို ညှိနှိုင်းနေကြသည်ဟု အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က RFA ကို ပြောကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၄ နှစ်မြောက် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ဖက်ဒရယ်စနစ်နှင့်အညီ အာဏာ၊ သယံဇာတနှင့် အခွန်အကောက် ခွဲဝေမှု ရှိရေး၊ ဖက်ဒရယ် ယူနစ်အားလုံး တန်းတူရည်တူဖြစ်ရေး၊ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ကိုယ်ပိုင် အခြေခံ ဥပဒေများ ရှိရေး၊ ပြည်နယ်များတွင် အာဏာ ခွဲဝေကျင့်သုံးရာ၌ ပြည်သူလူထုကို အခြေခံရေး၊ စသည်တို့ကို အစိုးရက မူအားဖြင့်လက်ခံထားပြီး၊ သဘောတူညီချက်များ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြမည်ဟု ပြောခဲ့ ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော အချက်များသည် တိုင်းရင်းသားများ လိုလားသည့် အချက် များဖြစ်သဖြင့် လက်ခံကြောင်း တိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင်အဖွဲ့များက ထိုအချိန်က ပြောခဲ့ကြသည်။

သို့ရာတွင် နောက်ပိုင်း၌ အစိုးရ၏ မူများကို တပ်မတော်နှင့် ညှိနှိုင်းပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့၏ သဘောထား အဖြစ် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များထံ တင်သွင်းဆွေးနွေးခဲ့သောအခါ အပြောင်းအလဲ အချို့ရှိခဲ့သည်ဟု ဆိုသည်။ မူလက ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များကို ပြန်လည်ပြင်ဆင်ထားပြီး ပြင်ဆင်ချက် အတိုင်းသာ အတည်ဖြစ် မည်ဆိုပါက တိုင်းရင်းသားများအတွက် အပြောင်းအလဲ ရှိနိုင်မည်မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၏ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အချက် ၅ ချက်ဆိုတဲ့ အထဲမှာပေါ့နော်။ တပ်မတော်က ပြန်ဖြည့်ထားတာ ရှိပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ စကားလုံးပဲ သုံးဖို့အတွက် တပ်မတော်ဘက်က အဆိုပြုထားတာရှိတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့ အရှင်းမပြောဘူး ပေါ့နော်။ အခြေခံသောဆိုတဲ့ နာမဝိသေသနတစ်ခု သူတို့ ထပ်ဖြည့်ထားတာရှိပါတယ်။ နောက်တစ်ချက် တိုင်းရင်းသားပြည်နယ်တွေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်သော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲခွင့်ရှိတယ်လို့ သူတို့ပြန်ပြီးမှ ပြင်ထားတာရှိပါတယ်။ အဲလို တပ်မတော်ဘက်က ပြန်ပြီး ဈေးဆစ်ထားတဲ့ကိစ္စ အဲအတိုင်းသာ အမှန်ဖြစ်သွားမယ်ဆိုရင် နဂိုသွားနေတဲ့ လမ်းကြောင်း အတိုင်းပဲ ပြန်ဖြစ်မှာပဲ။ အားလုံးမျှော်မှန်းနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရရှိဖို့ လမ်းစ မမြင်ပါဘူး ခင်ဗျ။”ဟု ဦးစိုင်းလိတ် ကပြောသည်။

စကားလုံး အသေးစိတ်များထက် အခြေခံအနှစ်သာရ အပြောင်းအလဲ မရှိပါက၊ ဆက်လက်ဆွေးနွေးနိုင်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏့ ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်ပေါ့။ နောက်ပိုင်းကျတော့ အစိုးရအနေနဲ့ တပ်မတော်နဲ့ အစိုးရကြားမှာ ညှိနှိုင်းပြီး ကျွန်တော်တို့ဘက်ကို အဆိုပြုတဲ့ စာသားကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ သူတို့ဘက်ကလည်း ပြန်ပြင်ပါတယ်။ ဒီစာသားအနေနဲ့ ကလည်း ကျွန်တော်တို့အတွက်က အထွေအထူး မဟုတ်ဘူး။ NCA ရဲ့ အခြေခံမူ နံပါတ်တစ်မှာ ပါတဲ့ စာသားဖြစ်ပါတယ်။ စကားလုံး တွေအပေါ်မှာ အသေးစိတ် သူ့ဘက်ကိုယ့်ဘက် စိုးရိမ်ချက်တွေရှိပြီး ပြင်ကြပြုကြတဲ့ အပေါ်မှာ မိမိတို့ လိုလားတဲ့ အနှစ်သာရ မပြောင်းလဲဘူးဆိုရင်တော့ ဆက်ပြီးတော့ အလုပ်လုပ်လို့ရမယ့် အနေအထားရှိပါတယ်။ ဒါက ထူးခြားတဲ့ စာသားတော့ မဟုတ်ပါဘူး။ ” ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပြည်နယ်အခြေခံဥပဒေများနှင့် ပတ်သက်၍ အစိုးဘက်က တိုင်းနှင့် ပြည်နယ်များ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများသည် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှု မရှိစေဘဲ ရေးဆွဲခွင့်ရှိရန်ဟု သုံးနှုန်းသည်ကို တွေ့ရပြီး တိုင်းရင်းသားအဖွဲ့များဘက်က ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သဟဇာတဖြစ်ရန်ဟု သုံးနှုန်းကြောင်းတွေ့ရသည်ဟု ဆိုသည်။ ထိုသို့သော အသုံးအနှုန်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးနေဆဲဖြစ်သည်ဟု တိုင်းရင်းသားများဘက်က ဆိုသည်။ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံသည် ငြိမ်းချမ်း ရေးနှင့် ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ပိုင်ခွင့်ထဲတွင် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟု သုံးသပ်ကြသည်။ စတုတ္ထ အကြိမ် ညီလာခံတွင် ဖက်ဒရယ်မူများ ချမှတ်နိုင်ရေးအပြင် ရွေးကောက်ပွဲ ပြီးနောက် တက်လာမည့် အစိုးရက နိုင်ငံရေး ဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲပြီးနောက် NCA စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူညီမှုများ ရယူသွားရန်လည်း ရှိနေသည်။

အကြောင်းအမျိုးမျိုးကြောင့် ၂ နှစ်ကျော်ရပ်ဆိုင်းလျှက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို မကြာမီ ကျင်းပတော့မည် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင်အစည်းအဝေးများတွင် ပါ၀င်မှု ယာယီ ရပ်ဆိုင်းထားသည့် အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် အစိုးရနှင့် အကြိမ်ကြိမ်ညှိနှိုင်းပြီးနောက် ၂၀၂၀ ဇန်နဝါရီ ၈ ရက်တွင် နှစ်ဖက်ခေါင်းဆောင်များပါဝင်သည့် JICM အစည်းအဝေးကို ပြန်လည် ကျင်းပခြင်းဖြင့် တရားဝင်အစည်း အဝေးပြန်လည် စတင်ခဲ့သည်။

JICM သည် NCA စာချုပ်အရ အမြင့်ဆုံးအစည်းအဝေးဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များတက်ရောက်ခဲ့သည်။ JICM အစည်းအဝေးတွင် ၂၁-ရာစု ပင်လုံညီလာခံ ကျင်းပရေး အပါအဝင် ဆုံးဖြတ် ချက်(၈) ချက်ကို ချမှတ်ခဲ့ONF[K သိရသည်။ NCA စာချုပ်ပါ တပ်ပိုင်းဆိုင်ရာနှင့် အပစ်ရပ်ခိုင်မာရေး ကိစ္စတို့ကို ဆွေးနွေးရန်၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီ ချက်ရယူ ရန်၊ ၂၀၂၀ အလွန်တွင် အဆင့်လိုက်ဆောင်ရွက်မည့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများချမှတ်ရန်၊ ပြည်ထောင်စုသဘော တူစာချုပ်အစိတ်အပိုင်း (၃)တွင် ချုပ်ဆိုမည့်စာချုပ်၏ ပုံစံကိုဆွေးနွေးညှိနှိုင်းရန် စသည့်အချက်များ ပါသည်ဟု ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAO-NS-NCA)ပါဝင်လာ ရေး ဆောင်ရွက်ရန်၊ ပြည် ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင် ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးများကို နှစ်လအတွင်းခေါ်ယူရန် အချက်များပါဝင်သည်။ အဆိုပါ ဆုံးဖြတ်ချက်များ အကောင်အထည်ဖောနိုင်ရေး ညှိနှိုင်းရာတွင် အခက်အခဲအချို့ရှိခြင်း၊ COVID-19 ကပ်ရောဂါ ဖြစ်ပွားခြင်း စသည်တို့ကြောင့် ၂၁ ရာစုပင် လုံညီလာခံကို သတ်မှတ်အချိန်အ တိုင်း မကျင်းပနိုင်ခဲ့ဘဲ သြဂုတ်၁၉ ရက်ထိ နောက်ဆုတ်ခဲ့ရသည်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင်ထည့်သွင်းမည့် သဘောတူညီချက်များရရှိ ရေးအပါအဝင် JICM ဆုံးဖြတ်ချက်များကို နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့က ခုနစ်ကြိမ်ညှိနှိုင်းခဲ့ရကြောင်း သတင်းများအရ သိရ သည်။ JICM ဆုံးဖြတ်ချက်များအပေါ် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ဆွေးနွေးအကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရှေ့ဆက်နိုင်ခဲ့သည်ဟု ပအိုဝ်းလက်နက်ကိုင်အဖွဲ့(PNLO) နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာ က ပြောသည်။

NLD အစိုးရလက်ထက်တွင် ညီလာခံ သုံးကြိမ်ကျင်းပခဲ့ရာ ပထမအကြိမ် ၂၁ရာစုပင်လုံညီလာခံတွင် နိုင်ငံရေးသဘောတူ ညီချက်များ မရရှိဘဲ သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ အမြင်သဘောထားများကိုသာ ဖော်ပြမှတ်တမ်းတင်ခဲ့သည်။ ၂၀၁၇ မေလတွင် ကျင်းပသည့် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၃၇ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁) အဖြစ်ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ဇူလိုင်တွင် ကျင်းပသည့် တတိယအကြိမ် ညီလာခံတွင် သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂) အဖြစ် ချုပ်ဆိုခဲ့သည်။ ယခု လာမည့် စတုတ္ထအကြိမ် ညီလာခံတွင်မူ ပြည်ထောင်စုသ ဘောတူစာချုပ်ချုပ်ဆိုရာ၌ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများအပြင် NCA ကို မည်သို့ ဆက်လက် အကောင်အထည်ဖော်မည်၊ ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်လိုက် မည်သို့ အကောင်အထည်ဖော်မည် စသည့်အချက်များကိုလည်း ထည့်သွင်း ချုပ်ဆိုရန် JICM အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုသွားရန် ညှိနှိုင်းနေရာ အပိုင်း(၁) NCA အ ကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၄ ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်း စဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးမည့်ခေါင်းစဉ်ကြီး ရှစ်ခု သဘောတူထားသည်။ အပိုင်း (၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်နှစ် ချက်ရရှိထားသည်။

အနှစ်ချုပ်သုံးသပ်ရလျှင် ယနေ့မြန်မာနိုင်ငံ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံရေး သဘောတူညီမှု ရလဒ်များကို အကောင်အထည် ဖေါ်ရန် နှောင့်နှေးနေသည်။ နိုင်ငံရေးတန်းတူညီမျှ အခွင့်အရေးကို ရရှိရန် ယခုခေတ် အခါ၌ နိုင်ငံရေးနည်းအရ အဖြေရှာခြင်းသည်သာ သွေးထွက်သံယို နည်းပါးပြီး ရလဒ်ကောင်း ရနိုင်သည်။ ယနေ့တိုင် ငြိမ်းချမ်းရေးရလဒ် မကောင်းဖြစ်နေရခြင်းမှာ လက်နက်ကိုင်နည်းကိုသာ တရားသေဆုပ်ကိုင်နေကြ၍ ဖြစ်သည်။ ဖက်ဒ ရယ် ဒီမိုကရေစီ ခရီးစဉ် ရှေ့တစ်လှမ်းတက်နိုင်ရန် လက်ရှိ ကြုံကြိုက်နေသော ၂၀၂၀ ရွေးကောက်ပွဲကို အကျိုးရှိစွာ အသုံးချဖို့လိုသည်။ ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်နိုင်ငံရေး အခြေခိုင်စေရန် ကြိုးပမ်းကြရမည်။

လွှတ်တော်စင်မြင့်သည် တစ်နည်းအားဖြင့် နိုင်ငံနှင့် ပြည်သူအတွက် Dialogue နည်းဖြင့် အဖြေထုတ်ရာ နေရာဖြစ်သည်။ လွှတ်တော်နိုင်ငံရေး ဆက်လက်ရှင်သန်စေရန် လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံသားတိုင်း မဲပေးခွင့် ရရှိရေး ကြိုးပမ်း ကြရမည်။ လာမည့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံသည် လွှတ်တော်နိုင်ငံရေးကို အားဖြည့်မည့် နိုင်ငံရေး ဆွေးနွေး ပွဲ ဖြစ်သည်။ ၂၁ ပင်လုံ ဒုတိယနှင့် တတိယ အစည်းအဝေး နှစ်ရပ်ပေါင်းတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများသည် အခြေခံမူ အချက် (၅၁) ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) တွင် ထည့်သွင်းချုပ်ဆိုနိုင်ခဲ့သည်။ ယခု စတုတ္ထ အစည်းအဝေးတွင်လည်း Union Accord တွင် ထပ်မံ ထည့်သွင်းနိုင်မည့် သဘောတူညီချက်များ ရရှိလာဦးမည် ဖြစ်သည်။ Political Dialogue နှင့် လွှတ်တော်နိုင်ငံရေး ခိုင်မာ အားကောင်းလာစေရန် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုရှိစေရန် ပြည်သူများက ၀ိုင်းဝန်း စောင့်ကြည့်ရင်း ဆန္ဒမဲများ မပျက်မကွက် ပေးကြရန် အထူးလိုအပ်သည်ဟု သုံးသပ်မိပေသည်။။။။