Breaking News

မောင်ရစ် - ၈၈ သုံးဆယ်နှစ်နှစ်

Saw Ngo 2019


မောင်ရစ် - ၈၈ သုံးဆယ်နှစ်နှစ်

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၀

၈၈ နှစ်ပတ်လည်တိုင်း စာတပုဒ်တော့ ရေးပါတယ်။ နှစ်တိုင်းရေးခဲ့စဉ် ဟိုးအစောပိုင်း နှစ်တွေတုန်းက တက်ကြွသော မျော်လင့်ချက်တွေနဲ့။ စိတ်ခွန်အားတွေ အပြည့်နဲ့ပဲ။ အခုနောက်ပိုင်း ၂၀၁၀ နောက်ပိုင်းမှာတော့ 'ငါဟဲ့ ယောကျ်ား ... ဝါးဟားဟား' မဟုတ်တော့ဘူး ... 'ငါဟဲ့ ယောကျ်ာ ...အာလာလာ ' ဆိုပြီး ၀စ္စပေါက်ပြုတ်နေပြီ။ အော် ... အနှစ် ၃၀ ကျော်ပြီဆိုတော့လည်း အကျပိုင်းရောက်ပြီပေါ့လို့ တရားစကား ပြောမလို့လား ... အင်း အဲသလိုလည်း မဟုတ်ပါဘူး။ ၀စ္စပေါက် ပြုတ်သွားတာလေး သက်သက်ပဲလို့ ...။

၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကနေ ကြီးပြင်းလာကြတဲ့ မျိုးဆက်တွေဟာ အခုဆို မသေကောင်း မပျောက်ကောင်းတွေဆိုရင် အသက် ၄၅ အထက်တွေ ဖြစ်နေပါပြီ။ ၅၀ ကနေ ၆၀ တန်းတွေဆိုတာ အဲသည်တုန်းက တက်ကြွသော ဦးဆောင်သူတွေ ရှေ့တန်းကနေ ထောင်ကျ တန်းကျ ၀ရမ်းပြေး တောခို လက်နက်ကိုင် ဒေါင်ကျကျ ပြားကျကျ ချခဲ့ကြသူတွေ အများအပြား ရှိခဲ့မယ် ထင်ပါတယ်။

၈၈ အရေးတော်ပုံပြီးတော့ အနှစ် ၃၀ ကျော်ကို ၁၀ နှစ်စီ ပိုင်းကြည့်ရင် ပထမ ၁၀ နှစ်က မုန်တိုင်းပဲ။ မုန်တိုင်းကြီးထဲ ခေါင်းတိုးဝင်ပြီး တိုက်ခိုက်ခဲ့ကြတာ။ မုန်တိုင်းကလည်း ဗြုံးဒိုင်းဆိုပြီး ကျလာတာ၊ လူတွေကလည်း ဘာမှ ပြင်ဆင်ချိန်မရဘဲ မုန်တိုင်းကို ရှိစုမဲ့စု အသက်ဖက်နဲ့ထုပ်ပြီး စွန့်စွန့်စားစား ရင်ဆိုင်ကြတာ။ ဒုတိယ ဆယ်နှစ်ကတော့ မုန်တိုင်းလောက် မဆိုးတော့သော်လည်း ဘယ်တော့မှ မစဲတော့တဲ့ မိုးမှောင်မှောင် မိုးသည်းသည်းကြီးထဲမှာ ဆက်ပြီး ရင်ဆိုင်ကြရတာ။ မုန်တိုင်းလောက် မပြင်းသော်လည်း အဲသည် မရပ်မနားတဲ့ မိုးသည်းသည်းဟာ လူတွေကို အမှည့်ခြွေ ခြွေတယ်။ လမ်းခုလပ်မှာ ကျဆုံးနောက်ဆုတ်သွားစေတယ်။ နောက်ဆုံး အခု ၁၀နှစ်ကတော့ မိုးတွေ စွေနေတုန်းမှာ နေလေး ပွင့်လိုက် မှိန်လိုက်။ အရိပ်ခိုစရာတွေ အလျိူလျိူပေါ်လာ။ လူတွေက နားခိုစရာ အရိပ်ကို ရှာ။ အချို့ကတော့ ကတုတ်ကျင်းတူးဖို့ ရှာ။ တိုက်ပွဲက အချိန်မရွေးဆက်ဦးမှာကိုး။ အရိပ်ထဲက တိုက်မယ့်သူတွေ၊ ကတုတ်ကျင်းထဲကနေ တိုက်မယ့်သူတွေ။ အရင်တုန်းကလို မုန်တိုင်းကြီး မိုးမည်းကြီးတွေ ထပ်လာဦးမယ်ဆိုလည်း အဆင်သင့်ပြင်ဆင်ပြီး တွန်းလှန်ရမယ်ဆိုတဲ့ အသင့်ပြင်ဆင်ထားတဲ့သူတွေ။ မျိုးဆက်သစ်တွေကိုလည်း ပေါ့ပေါ့ဆဆ မရှိဖို့ မမေ့မလျော့ကြဖို့ ဆက်စည်းရုံး လက်ဆင့်ကမ်းနေတဲ့သူတွေ။

၈၈ အရေးတော်ပုံကြီးကနေ ၃၂ နှစ် အကြာမှာ ရှုံးလား နိုင်လား ပြောမနေပါနဲ့။ မပြီးဆုံးသေးတဲ့ ခရီးကို ဆက်လျောက်နေဦးမှာလား၊ ဆက်လျောက်နေတုန်းလားပဲ မေးကြပါ။ မုန်တိုင်းအလွန် မိုးမည်းတွေအလွန် ခေတ္တခန မိုးလေ စွေနေတုန်းအခိုက် အသက်၀၀ ရှုပြီး အင်အားတွေ မွေးနေပြီလား၊ မွေးထားလိုက်နိုင်ပြီလား၊ အင်အားတွေ စုထားလိုက်နိုင်သလားပဲ ကိုယ့်ကိုယ်ကို မေးကြရမှာ။

အနှစ် ၃၀ ပြီး နောက်လာမယ့် အနှစ် ၄၀ မှာ ဘယ်လိုမျိုး ပုံခိုင်းကြည့်လို့ရမလဲ။ ဥပမာပေးကြည့်လို့ ရမလဲ။ မုန်တိုင်းကြီး ပြန်တိုက်ဦးမှာလား။ မိုးမည်းကြီး ပြန်သည်းအုံးမှာလို့ မြင်ယောင်ရမှာလား။ အရိပ်ကောင်းကောင်း ကတုတ်ကျင်းခိုင်ခိုင်တွေ တည်ဆောက်ခိုင်မာနေပြီဆိုရင်တော့ ဘာပဲလာလာ ပြန်တွန်းလှန်ရင်ဆိုင်နိုင်ကြမှာပါ။ ခနော်နီခနော်နဲ့ အုန်းလက်နွားလှည်းလောက်ရှိတဲ့ အရိပ်တွေ၊ ဂေါ်လီကျင်းလောက်တောင် မနက်တဲ့ ကတုတ်ကျင်း အတုအယောင်တွေနဲ့ သာယာမိန်းမောနေကြမယ်ဆိုရင်တော့ အများပြည်သူတွေကို ကာကွယ်ပေးဖို့တောင် မပြောနဲ့ ကိုယ့်ဖာသာကိုယ်တောင် မနည်းအသက်လုပြီး ပြေးကြဦးမှာ မလွဲသေချာပါတယ်။ နောင်လာမည့် မျိုးဆက်သစ်တွေလည်း သမိုင်းဘီးတပတ်လည် ရင်စီးခံကြရဦးမှာ သေချာပါတယ်။

အခု လွန်ခဲ့တဲ့ တတိယ ၁၀နှစ်မှာကတော့ ပြင်ဆင်ချိန်ရခဲ့ပြီ မဟုတ်လား ။ အခု ၃၂ နှစ်ဆိုတော့ စတုတ္ထ ၁၀ နှစ်ထဲ ဝင်နေပါပြီ။ ကျနော်တို့ လာမည့် အနှစ် ၄၀ အကြို ... ငါဟဲ့ ယောကျ်ား ဝါးဟားဟား လို့ ကြုံးဝါးနိင်သလား ... ငါဟဲ့ ယောကျ်ာ ...အာလာလာ တွေပဲလား ။ (စကားအဖြစ် ငါဟဲ့ ယောကျ်ား ဆိုပြီး ဥပမာအသုံးပါနော် ။ ကျားမ ဂျင်ဒါ ခွဲခြမ်းလိုခြင်း မရှိပါခင်ဗျား)။

၈၈ သုံးဆယ်နှစ်နှစ် .... 
အရေးတော်ပုံ အောင်ရမည် (သုံးကြိမ်)။ 
(လိုအပ်ပါက သုံးဆယ်နှစ်ကြိမ် အော်နိုင်သည်)