Breaking News

ကိုအောင်မှိုင်း - ကျနော့်အဖေနဲ့ရွေးကောက်ပွဲ



ကိုအောင်မှိုင်း - ကျနော့်အဖေနဲ့ရွေးကောက်ပွဲ

(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၀

ရွေးကောက်ပွဲကာလရောက်တိုင်းအဖေ့ကို ပိုသတိတရရှိမိတယ်။တကယ်တော့ ရွေးကောက်ပွဲဆိုတာ အဖေနဲ့ဘယ်လိုမှ တိုက်ရိုက်ပါတ်သက်စရာမရှိတဲ့လုပ်ငန်းလို့ပြောရင်ရသလို နိုင်ငံသားတယောက်နေနဲ့ တာဝန်ရှိတယ်လို့ပြောရင်လဲရမယ် ထင်ပါတယ်။ တကယ်တော့ အဖေကအညာသား တောသူကြီးသားတယောက်ပါ။ သူတို့ခေတ်က ၁၀တန်းစာမေးပွဲကို အောင်တော့အောင်တယ်။ရန်ကုန်တက္ကသိုလ်တက်ခွင့်မမီလို့ တက္ကသိုလ်ဆက်မတက်ခဲ့ရတာလို့လဲပြောဘူးပါတယ်။ သူတို့ကို ကာလကတ္တားတက္ကသိုလ်ကတော့ လက်ခံတယ်ပြောပါတယ်။သူပြောတာကတော့ ငါတော်တော်ကံကောင်းတယ်။ ငါ့သူငယ်ချင်းတွေ ကာလကတ္တားကျောင်းသွားတက်တာ အိန္ဒိယကကျောင်းသူတွေနဲ့ရပြီး အတော်များများပြန်မလာကြ တော့ဘူးလို့လဲပြောဘူးပါတယ်။

အဖေ့အဖေကျနော့်ဘကြီးကိုယ်တိုင်ကလဲ နှစ်လုံးပြူးကိုင်ခွင့်ရသူကြိးလို့ပြောပါတယ်။ ကျနော်တို့ငယ်ငယ်ကတော့ အညာ ကို မကြာမကြာ ပြန်လည်ကြလေ့ရှိပါတယ်။ အညာကအမျိူးတွေနဲ့တွေ့ရတာ အတော်ပျော်ဘို့ကောင်းပါတယ်။ အဖေကိုယ် တိုင်က လက်မှာ ယူနီယမ်ဂျက်အလံကို တက်တူထိုးထားတဲ့သူကြီးပါ။ ပြောရရင် အင်္ဂလိပ်အစိုးရအလိုတော်ရိတွေဖြစ်မှာ ပေါ့။ ဒါမှမဟုတ် အင်္ဂလိပ်အုပ်ချူပ်ရေးကို အထင်ကြိးသူတွေဖြစ်မှာပေါ့ဗျာ။

 ကျနော့်အဖေမှာ ညီအကို၃ယောက်နဲ့ညီမ ၂ ယောက်ရှိပါတယ်။ အဖေ့အကိုကြီးက ကျောင်းပြီးတော့ ယစ်မျိူးအင်စပက်တော်၊ နောက်ညီအငယ်ဆုံးက ဂျပန်တော်လှန် ရေးသမား၊ ဗမာပြည် ကွန် မြူနစ်ပါတီခရိုင်ကော်မတီ(ပဲခူးရိုးမမှာကျဆုံး)၊ ညီမယောင်္ကျားက အလွတ်ပညာကျောင်းထောင် ပြီး အင်္ဂလိပ်စာသင် တဲ့ဆရာ၊ လက်ဝဲဝါဒယုံကြည်သူ၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးလုပ်ငန်းမှာ ဗိုလ်မှုးချူပ်ကျော်ဇော နဲ့အတူ တက်တက်ကြွကြွဆောင် ရွက်ခဲ့သူ (ကျနော်ကို အင်္ဂလိပ်စာ ၁၀တန်းမှာ သင်ပေးတဲ့ဆရာ နိုင်ငံရေးကိုအခြေချပေး ခဲ့သူ)၊အငယ်ဆုံးကြီးဒေါ်ကတော့ ငယ် ငယ်နဲ့ဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ကျနော်ဒါတွေရေးရတာက ကျနော့်အဖေရဲ့နောက်ခံသမိုင်းကို သိစေချင်လို့ပါ။ ဇာတ်လမ်းက စပါတော့မယ်။ အညာမှာ သယော ကြိးခိုင်းစဉ်က အမျိူးတွေအောက်ပြည် အောက်ရွာကို ပြောင်းပြေးကြရပါတယ်။အစားအစာ မဖူလုံကြတာရယ်၊ ရောဂါဘရ ထူပြော တာတွေကြောင့်ရယ်၊ နောက်အခြားအကြောင်းတွေလဲရှိဥိးမှာပေါ့ဗျာ။ အောက်ပြည်အောက်ရွာမှာ လယ် တွေကိုဓားမဦးချထွန်ရက် စိုက်ပျိူးရင်းရွာတွေ တည်ခဲ့ကြပါတယ်။ ရွာတွေမှာလည်း အဲဒီကာလစနစ်အတိုင်း သူကြိးတွေကို စဉ်ဆက်မပြတ်ရွေးချယ် တာ ဝန် ပေးလုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီစနစ်ကြောင့်ဘဲ ကျနော့်အဖေအညာသား အောက်ပြည် အောက်ရွာကိုရောက်ရတော့တယ်လို့ ပြော ရတော့မယ်ထင်ပါတယ်။ 

အောက်ပြည်အောက်ရွာက အမျိူးတွေကကျနော့် အဖေ၁၀တန်းအောင်ကြောင်းကြားတော့ အမျိူးထဲက ခပ်ချောချော ကြီးဒေါ်တယောက်နဲ့ ပေးစားပြီး ရွာမှာသူကြီးလုပ် စေဘို့ အဖေ့ကို ဘကြီးဆီမှာ တောင်း ဆိုဘဲ။ ကျနော့်အဖေကို မေးတော့ ကြီးဒေါ်ကို သွားကြည့်ပြီး အောက်ပြည် အောက် ရွာကိုချက်ခြင်းပြောင်း သူကြီးလုပ်တော့တာဘဲလို့ပြောပါတယ်။ အဖေက ကြီးဒေါ်ကို အတော်ချစ်ဆိုဘဲဗျ။

အဖေတို့ချစ်ခြင်းကလဲ သိတ်မကြာလှဘူးလို့သိရပါတယ်။ကြီးဒေါ်ခင်မျာ ရောဂါနဲ့ဆုံးသွားခဲ့ပြီးအဖေလဲ သူကြီးပီပီ တရွာလုံး အရက် ချက်ခိုင်းပြီး အရက်သမားလုပ်တော့တာပါဘဲ။ အဖေ့သောက်အားကလဲ အတော်မြင့်လာဆိုဘဲ။ ရွာဆုံးရွာဖျား အထိရောက်အောင် သောက်နိုင်ပြီး ပုလင်းသာလဲသွားမယ်လူမလဲစေရဘူးလို့ ကျနော့်ဘဒွေးတချိူ့က ပြန်ပြောပြဘူးပါ တယ်။

ဒီလိုနဲ့ကာလလေးနဲနဲ ကြာလာတော့ ရွာကအမျိူးတွေရယ် ဘကြီးကိုယ်တိုင်လာပြီး အဖေ့ကို အမေ့ညီမဝမ်းကွဲနဲ့ ပေးစားခဲ့ပါတယ်။ အဲဒါ ကျနော့်အမေ ဖြစ် လာမဲ့ ကြီးဒေါ်ပါဘဲ။ အမေက တောသူအစစ်ပါ။ ပညာအခြေခံက မူလတန်းအဆင့် ပါ။ကျနော်တို့ရွာက အင်္ဂလိပ်လက်ထက်ကထဲ က မူလတန်းကျောင်းရှိခဲ့တယ်ပြောပါတယ်။အဖေက ပညာရေးကိုတော့ အတော်ကို အားပေးခဲ့တယ်လို့လဲသိရပါတယ်။ ဒါနဲ့ဆက် ပါဦးမယ်။ အဖေ့သူကြီးဇာတာလဲ ဒီမှာတင်ရပ်သွားခဲ့ပါတယ်။ ရွာ မှာနေရင် သေသွားတဲ့ကြီးဒေါ်ကိုအောင်မေ့တာရယ် ပြည်တွင်းစစ် ကြိးထဲမှာ ကျေးလက်မှာမနေချင်တာလဲပါမယ်ထင်ပါ တယ်။တရွာမပြောင်းသူကောင်းမဖြစ် သူကြီးရာထူးကိုစွန့်လွှတ်ပြီး မြို့တက် တော့တာပါဘဲ။

မြို့ငယ်လေးမှာ အဖေကကုန်ခြောက်ဆိုင် အမေက အထည်ဆိုင်လေးဖွင့်ခဲ့ကြပါတယ်။ သူကြီးက ကုန်ခြောက်ဆိုင်ပိုင်ရှင် ဖြစ်ပြီး လယ်သူမကြီးက အထည်ဆိုင်ပိုင်ရှင်ဘဝရောက်ကုန်ကြပါတယ်။ အတော်အဆင်ပြေကြတယ်ပြောပါတယ်။ အဖေ လဲ အရက် မသောက်တော့ဘဲ တရားအားထုတ်တဲ့ လိုင်းကိုရောက်သွားပြန်ပါတယ်။ 

ကျနော်ပြောချင်တဲ့ အဖေနဲ့ရွေး ကောက်ပွဲဆိုတာကို ပြောပါတော့မယ်။၁၉၅၈ခုနှစ် ကနေ ၁၉၆၀ထိ ဦးနေဝင်းရဲ့အိမ်စောင့်အစိုးရဆိုတဲ့ စစ်အာဏာသိမ်း မှု ပထမခြေလှမ်းလို့ပြောပြော စစ်အာဏာသိမ်းဘို့ လေ့ကျင့်ကာလလို့ဆိုဆို စစ်တပ်ကအာဏာသိမ်းခဲ့တာပါဘဲ။ ၁၉၆၀ခု နှစ်မှာတော့ ရွေးကောက်ပွဲလုပ်ပေး ခဲ့ပါတယ်။ ပြည်သူ့လွတ်တော်နဲ့ လူမျိူးစုလွတ်တော်တွေအတွက် ယှဉ်ပြိုင်ကြရတာဖြစ် ပါတယ်။ ပါတီတွေနဲ့ တသီးပုဂ္ဂလအပါအဝင် ၁၇ပါတီလောက် ဝင်ပြိုင်ကြတယ်ထင်ပါတယ်။ အဓိကတော့ သန့်ရှင်းဖဆပလ နဲ့တည်မြဲဖဆပလတို့က အဓိကပါတီ ကြိးတွေပါ။ သန့်ရှင်းက ဥိးနုဖြစ်ပြီး တည်မြဲကတော့ ဦးကျော်ငြိမ်းနဲ့ဦးဘဆွေတို့ဖြစ် ကြပါတယ်။

ဒီရွေးကောက်ပွဲမှာ စစ်တပ်က တည်မြဲဘက်က အများစုရပ်တည်ခဲ့ကြပါတယ်။ ကျေးရွာတွေမှာဆို ပြောင်ပြောင်တင်းတင်း ခြိမ်း ခြောက်အနိုင်ကျင့်မဲထည့်ခိုင်းတာတွေကို စစ်ဗိုလ်တချိူ့လုပ်ခဲ့ကြတာတွေရှိသလို ညစ်ပါတ်စုတ်ပဲ့တဲ့နည်းတွေ သတ် တာဖြတ် တာတွေအထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကျနော်ပြောချင်တာအဓိက ကကျနော့်အဖေအကြောင်းပါ။ အဖေက နိုင်ငံရေးသမား မဟုတ်သလို အမတ်လုပ်ချင်သူလဲမဟုတ်ပါဘူး။အဖေ့မှာ ဘုရား တရား သံဃာကလွဲပြီး ဘာဝါဒလမ်းစဉ် ဆိုတာကိုမှ ခိုင်ခိုင်မာမာ လက်ဝယ်ရှိသူလဲမဟုတ်ပါဘူး။ ဒါပေမဲ့ အားနည်းတဲ့ဘက် မတရားအလုပ်ခံရတဲ့ဘက်ကတော့ အမြဲရပ်တည်တာ အသေ အချာပါဘဲ။ကျနော်တို့ကိုလဲ အားနည်းတဲ့ဘက် မတရားအလုပ်ခံရတဲ့ဘက်က ရပ်တည်ဘို့ အမြဲ ပညာပေးလေ့ ရှိပါတယ်။ သူ့တရားက မတရားတာတွေ့ရင် လုပ်နိုင်သလောက်ဆန့်ကျင်တာကို ကျေနပ်တဲ့သဘောပါဘဲ။

တည်မြဲတွေ နေရာတကာညစ်ပတ်နေတာတွေ ရွာတွေမှ ာမတရားလုပ်တာတွေကို နေ့စဉ်နဲ့အမ ျှ အဖေကြားတော့တာပါ ဘဲ။အဲဒီမှာ အဖေသန့်ရှင်းဘက်က ကျနော်တို့မြို့မှာ တရားလိုက်ဟောတော့တာပါဘဲ။ အဖေ့ကို အမတ်လုပ်ဘို့ လာညှိနိုင်း မှုရှိတယ်လို့လဲအဖေပြောပါတယ်။ အဖေညင်းခဲ့ပါတယ်။ သူလိုချင်တာ တရားမ ျှတမှုဘဲ။ မတရားလုပ်တာကို အာခံဘို့ပါ ဘဲ။ ညတညမှာတော့ ကျနော်တို့မြို့က သန့်ရှင်းအမတ်အိမ်ကို တက်ပြီး သေနတ်နဲ့ပစ်သွားသလို ကျနော်တို့အိမ်ကိုလဲ လူ တစု လာဖေါက်ကြပါတယ်။ ကျနော်တို့အိမ်က ၂ထပ်သစ်သားအိမ်ပါ။ ၅ ပင် ၄ခန်းအိမ်ပါ။ အဖေက အပေါ်ထပ်မှာ မအိပ်ပါ ဘူး။ အောက်ထပ်ဘုရားစင်ရှိတဲ့အခန်းဘေးမှာ အိပ်ပါတယ်။ အဖေအိပ်နေတဲ့ နေရာတည့်တည့်က သွတ်ပြားကိုလာလှန် တာကို အဖေသိလိုက်တာပါ။ အဲဒိအချိန်က ရွာကအမျိူးတွေ သုံးလေးယောက်လောက် ကျနော်တို့အိမ်မှာ အဖေ့ကိုလာ စောင ့်ရှောက် နေကြပါတယ်။ အဖေကံကောင်းတယ်လို့ပြောရမလားပါဘဲ။ ကျနော်တို့အိမ်မှာက အပြင်ကိုသွတ်နဲ့ကာထား ပြီး အတွင်းမှာ သစ်နဲ့တထပ်ကာထားတာပါ။ မနက်ကျနော်တို့ကြည့်ကြတော့ သွတ်ကအတော်ကွာနေပေမဲ့ သစ်သားက တော့ နဂိုအတိုင်း တွေ့ရပါတယ်။

ဘာပြောကောင်းမလဲဗျာ။ကျနော့်အဖေ အညာသားလဲနောက်တနေ့ အင်္ကျ ီလေးတွေ အိပ်ထဲထည့်ပြီး အညာကိုတချိူးထဲ ပြန် ပြေးတော့တာပါဘဲ။ ရွေးကောက်ပွဲပြီးမှဘဲ ပြန်လာတော့တယ်။ ပြန်ရောက်တော့လဲ သူ့ဆိုင်ဖွင့်လို့ဈေးဝယ်လာသူတိုင်း သန့်ရှင်း ကနိုင်တဲ့အကြောင်းကို အားပါးတရ လ္ဘက်ရည်တိုက်ပြီးကို ပြောတော့တာပါဘဲဗျာ။ ၁၉၆၀ခုနှစ်ရွေးကောက်ပွဲမှာ သန့်ရှင်းက ပြည်သူ့လွတ်တော်အတွက်အမတ်နေရာ ၁၅၈နေရာရပြီး တည်မြဲက ၄၁နေရာရခဲ့ပါတယ်။ လူမျိူးစုလွတ်တော်မှာ သန့်ရှင်းက ၅၃နေရာ တည်မြဲက ၂၉ နေရာတို့ဖြစ်ပါတယ်။ လူထုက အမှန်တရားကိုချစ်မြတ်နိုးပါတယ်။ ကိုယ်ကျိူးစီးပွါး အတွက် ဘယ်လို ဘဲလိမ်ညာကြ နိုင်ထက်စီးနင်းတွေလုပ်နေကြပေမဲ့ လူထုကတော့ အမှန်တရားကို သိနေကြတယ်ဆိုတာပါဘဲ။

ပါတီတွေ ပြည်သူ့အကျိူးဆောင်နိုင်ကြပါစေ။

ကိုအောင်မှိုင်း
၂၆ရက်သြဂုတ်လ၂၀၂၀ခုနှစ်