Breaking News

ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၅)




ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၅)

(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၀

(9) 8888 KNU တပ်မဟာ (၆) တပ်မမှူး ကာနယ်ရွှေဆိုင်း၊ နိုင်ငံရေးမှူး ဖူးတာအဲ တို့နဲ့ မိတ်ဆက်ပေးတဲ့ ကိုမန်းငြိမ်း(မောင်)

ဆောင်းတွင်း မနက်စောစော ကာနယ်ရွှေဆိုင်းအိမ်ကို လိုက်ပို့တဲ့ သန်းဦးက ခြံအဝမှာတင် လှည့်ပြန်သွားလို့ တစ်ယောက်တည်း ဝင်လာခဲ့ ရေနံချေးဝပြီး မဲနက်နေတဲ့ သွပ်မိုးပျဥ်ကာပျဥ်ခင်း ကရင်ရိုးရာ ခါးလျားရှည်ရှည် အိမ်ကြီးရှေ့ရောက်တော့ ကိုမန်းငြိမ်း ဆင်းလာပြီး "လာ လာ ဒီဘက်"။

 ခေါ်သွားတဲ့ တဲကလေးက လူတစ်ယောက်သာနေလောက်တဲ့ မြေစိုက်တဲသန့်သန့်လေး၊ ဝင်သွားလိုက်တော့ တန်းလျားရှည် အပြည့်ထိုင်နေတဲ့ ကာနယ်ရွှေဆိုင်း၊ သူ့ကို မိတ်ဆက်မပေးခင်ကတည်းက သိလိုက်ပါပြီ။ 

"လာ ထိုင် စားကွ" စားပွဲပေါ်မှာ ကောက်ညှင်းကျည်တောက်နဲ့ အကြော်စုံ ရေနွေးကြမ်းဓာတ်ဘူး။ ဒါတွေက သူစားနေကျ မနက်စာဖြစ်မယ်၊ "ဟုတ်ကဲ့ခင်ဗျ" ။ ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ရင်း ဘာဆက်ပြောရမှန်းမသိ၊

"မင်းတို့သူငယ်ချင်း 'မျက်မှန်' နဲ့တော့ ဟိုတလောက စကားပြောဖြစ်သေးတယ်၊ သူ့အမြင်လည်း မဆိုးပါဘူး"

အင်း ဘာဆိုးလို့ ဘာကောင်းမှန်းမသိ 'ဟုတ်ကဲ့'။

"မင်းဘုရားသုံးဆူ သွားမလို့ဆိုကွ"

"ဟုတ်ကဲ့ ။ အဲ့ဒီရောက်နေတဲ့ ကျနော့်အဖွဲ့နဲ့ သွားပေါင်းဖို့ပါ။ ဖြစ်နိုင်ရင် သူတို့နဲ့ညှိလို့ရရင် ဒီဘက်ခေါ်လာပြီး သေဘောဘိုး အေဘီကမ့်နဲ့ ပေါင်းမလား၊ ဒီ ဖထီးတို့ နယ်မြေမှာ ပူးပေါင်းလှုပ်ရှားလို့ ရမလားလို့ပါ"

ခန္ဓာကိုယ် ဝပြည့်ပြည့် ဖိုင့်ဖိုင့်ကြီးနဲ့ ဖထီးက ရယ်ပြုံးပြုံး၊ ကိုမန်းငြိမ်း(မောင်)ကို လှမ်းပြောတယ် "ဖူးတာအဲနဲ့ ထည့်ပေးလိုက်ပေါ့ကွာ၊ ဟုတ်လား"

"ဟုတ်ကဲ့ ဖထီး"

ကောက်ညှင်းနဲ့ အကြော် ဘယ်အပေါက်ကနေ ဗိုက်ထဲဝင်သွားမှန်းမသိ ကိုယ့်မှာ လူကြီးနဲ့ (တပ်မဟာမှူးနဲ့) တွေ့ရတာ ယောင်တောင်တောင်နဲ့ ကိုယ်ပြောလိုက်တဲ့ စကားကို ကိုယ်တောင် သိပ်မယုံချင်ဘူး၊ ဖထီးလည်း သိမှာပါ ကိုယ့်အိပ်မက်တွေ လျှောက်ပြောနေမှန်း၊

နောက်ရက်တွေမှာတော့ သန်းဦးအိမ်မှာပဲ သောင်တင်နေတော့တာ၊ သူစာသင် တဲ့ ကော်သူးလေ အလယ်တန်းကျောင်း လိုက်သွားလည်ပတ်၊ ညပိုင်းအားတဲ့ အချိန် ကျောင်းအုပ်ကြီးအိမ် သွားတွေ့ မိတ်ဆက်၊ သန်းဦးနဲ့လည်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောဖြစ်ကြ၊ သူက မော်လမြိုင်ကောလိပ်မှာ ကယ်မစ်စတြီ မေဂျာ တက်နေတာ၊ သံဖြူဇရပ် ဘက်က၊ အန်ကယ်(ကိုသက်လွင်)ဘော်ဒါ၊ ကိုယ်တို့တတွေ မော်လမြိုင် ဆွမ်းကြီးလောင်း ပွဲဈေးတွေမှာ စာအုပ်အဟောင်း တွေ ရောင်းခဲ့ကြတာတွေ၊ အန်ကယ့် အကြောင်း၊ အန်ကယ့် သူငယ်ချင်း တစ်ယောက် 'မောင်ဆောင်း' အကြောင်း တွေပြောဖြစ်ကြ၊ ပြောရင်း ဆိုရင်း လဲလျှောင်းရင်း အိပ်ပျော်သွားတဲ့ ညတွေ၊ သူ့မိန်းမကတော့ နို့စို့ကလေးငယ် လေး နဲ့ "စ နေဆန်း" လို့ နာမည်ပေး ထားတယ်ကွ" တဲ့။

ဪ 'စနေဆန်း (ခ) ကျော်မြတ်ငြိမ်း၊ သတိရမိ၊ မျက်နှာသေးရှည်ရှည်မှာ မုတ်ဆိတ်လေး တိုနှံ့နှံ့က အစွန်းထွက်လို့ ၈၃ ခုနှစ် ထောင်ထဲမှာ ညဘက် ဘေးချင်းယှဥ် အိပ်တဲ့အခါ အဲဒီမုတ်ဆိတ်ကို ဆွဲဆွဲပြီး သူ့ကို စ ရင် သူ သိပ်စိတ်ဆိုးတာ၊ သူစိတ်ဆိုးလေ ကိုယ်က သဘောကျလေ လုပ်လေ၊ "လွမ်းတယ်ကွယ်၊ ထွက်သွားတာ စောလှချည်ရဲ့"။

သန်းဦးနဲ့ နှစ်ယောက်သား တစ်ရက်ခြားတစ်ခါ အိမ်ရဲ့ မျက်နှာဆိုင် လမ်းတစ်ဖက် က သစ်ပင်တန်းလေးအောက်မှာ စီးနေတဲ့ စမ်းချောင်းရေ ကြည် ကြည်ထဲ ကလေး၊ လူကြီး အဝတ်တွေကို သူက ဆပ်ပြာနဲ့လျှော် ကိုယ်က ချောင်းရေမှာ ပြောင်အောင် ရေနှစ်ဆေးပေး၊ တစ်ပတ်လောက်ကြာတော့ . . .

၁၉၈၉ ဇန္နဝါရီလဆန်းပိုင်းမှာ ကိုမန်းငြိမ်းရောက်လာပြီး "လာဟေ့ မင်းသွားရ တော့မယ် ဖူးတာအဲနဲ့ မိတ်ဆက်ပေးမယ်" တဲ့။ 

ကရင်တော်လှန်ရေး သက်ရင့် အဖိုး ဖူးတာအဲ က ပြုံးပြုံးလေးနဲ့ "အောင်ဆန်းတို့အဖွဲ့ကလားကွ"

"ဟုတ်ကဲ့ အဖူး"

"အေး မင်းအကောင်ကို ငါတို့ မနည်းလုပ်ပြီး မြောက်ပိုင်းပို့လိုက်ရတာ၊ ဒီမှာ ဆို ဒီကောင်မလွယ်ဘူး"

"ဟုတ်" ဘာမလွယ်တာလဲမသိ ခိုက်ရန်ဖြစ်နိုင်တာလား မသိ၊

"မနက်ဖြန် ညနေပိုင်းလောက် ထွက်ကြတာပေါ့ကွာ၊ အဇင်းကို အဲဒီကမှ ကားကြုံနဲ့ မင်းကို ဘုရားသုံးဆူဘက် ထည့်ပေးမယ်" "ဟုတ်ကဲ့ အဖူး"။

အစီအစဥ်က ၁၉၈၉ ကော်သူးလေ တော်လှန်ရေး နှစ် (၄၀) ပြည့် ပွဲကို အဇင်းမှာ ကျင်းပမယ်၊ လိုတဲ့ပစ္စည်းတွေပါတဲ့ ကားနဲ့ ကိုယ်လိုက်ရမယ်၊ ဖူးတာအဲ ပါ လိုက်မယ်၊ အဖူးက အဲဒီမှာ သူ့အိမ် သူ့ရုံးနဲ့ နေတာကိုး။
ကိုမန်းငြိမ်းပေးတဲ့ ကျောပိုးအိတ်ထဲ စောင်၊ ခြင်ထောင်၊ အဝတ်တစ်စုံ၊ ဖဒိုသင်တိုင်းတစ်ထည်၊ သန်းဦးမိန်းမ ထည့်ပေးလိုက်တဲ့ ဆေးတွေ၊ တိုလီမုတ်စတွေထည့် လွယ်ပြီး ပျောက်ကြားဝတ်စုံနဲ့ တော်လှန်ရေးသမား သင်းကွဲကျောင်းသား ခေါင်းဆောင်တစ်ယောက် ယောင်ပေပေနဲ့ ကားပေါ်တက် ထိုင်တော့ နှုတ်ဆက်ရမယ့်သူ မတွေ့ ရ။

ဖူးတာအဲ လည်း ကားပေါ်ရောက်ပြီ၊ ကားစက်နှိုးလို့ ထွက်ခါနီးမှ သန်းဦး မောကြီးပန်းကြီးရောက်လာပြီး ဘယ်က အကြွေးဆွဲ လာမှန်းမသိတဲ့ "ဆေးပေါ့လိပ် တစ်စည်း" ရင်ခွင်ထဲ လာထည့်တယ်။

"သွားတော့ သူငယ်ချင်း ၊ ဂွတ်ဘိုင်" . . . . . . တဲ့။

(ခုချိန်ထိ သူ့ကို နောက်ဆုံး အဲဒီလို ဆုံခဲ့တာ။ အခုတော့ သူ့မိသားစုနဲ့ အမေရိကန်က မြို့တစ်မြို့မှာ ဆိုပဲ)


(10) 8888 ၀လေ(ဝေါလေ) မှ အဇင်းရွာ သို့ ညခရီးစဥ်နဲ့ အဇင်းရောက် ကားကြုံစောင့် နေ့ရက်များ

ညနေသိပ်မစောင်းခင် ကားထွက်ပါတယ်၊ ကားမထွက်ခင် အဖူး(ဖူးတာအဲ)နဲ့ ကိုမန်းငြိမ်း မိတ်ဆက်ပေးတော့ ၁၉၈၅/၈၆ မှာ ကျော်မြတ်ငြိမ်း (ဒေါက်တာ စင်သီယာ၏ မောင်လေး) နဲ့ အတူ တောခိုခဲ့ တဲ့ အောင်ဆန်း အကြောင်းကို အဖူး က ပြောတယ်၊ သူ့ကို မြောက်ပိုင်း (ဗကပ) ဆီ ပို့ပေးဖို့ စောဘိုမြ ခွင့်ပြုချက်ကို သူရအောင်ယူခဲ့ပုံ၊ 

"တကယ်တော့ တို့က မန်းဘဇံနဲ့အတူ ပဲခူးရိုးမကနေ ဒီဘက်ကို ရောက်လာတာ၊ စောဘိုမြ(ကေအင်ယူ ခေါင်းဆောင်) က သူအားရင် ငါရှိတဲ့နားလာပြီး ဖထီး ကျနော့ကို ကွန်မြူနစ်အကြောင်း တရားဟောပါ လို့ ပြောပြီး တုန်းလုံးလှဲအိပ်တော့တာ။  ငါကလည်း ဒီဘက်က (အရှေ့ပိုးကရင်) စကား ကို လည်လည်ပတ်ပတ်မပြောတတ်ဘူးကွ၊ ပြောတတ်ခဲ့ရင် ဘိုမြလည်း ကွန်မြူနစ်ဖြစ်လာနိုင်တာပေါ့ကွာ" 

အဖူး ပြောပုံရရင် သူလည်း 'အနီနု' ဗကပ ဖက် နွယ်တဲ့သဘောရှိတယ်၊ အခြား ပန်းရောင် ကရင် တော်လှန်ရေးသမား တွေ ရှိနေသေးတယ်လို့ နားလည်ရပါတယ်၊ ကိုယ် ကိုယ်တိုင်ကလည်း ပျဥ်းမနားသားအစစ်၊ ကိုယ့်အဘိုး 'ဦးတင်ရှိန်' က ပဲခူးရိုးမ သခင်သန်းထွန်း ရဲ့ အဖွဲ့မှာ ဗဟိုကော်မတီဝင် 'သခင်ကျော်ဒွန်း' ဖြစ်ခဲ့၊ ကိုယ်တို့ကို ချော့သိပ်တဲ့ အမေရဲ့ ည အိပ်ရာဝင်ပုံပြင်တွေက အမေတို့ တောထဲမှာ နေခဲ့၊ မက်စ် လီနင် ကျောင်းတက်ခဲ့တုန်းကအကြောင်းတွေ၊ ဆေးရုံစခန်းမှာ အမေ တိုက်ဖွိုက် ဖြစ်ခဲ့ ကုခဲ့တုံးက ဒေါက်တာ ဗိုလ်အောင်ကြည်ညွန့်၊ ဦးစိုးတင့်တို့ အကြောင်းတွေလေ၊ ပြောရရင် ကိုယ်လဲ အနီမျိုးတွေပေါ့။ အဲဒီတော့ အဖူး(ဖူးတာအဲ)နဲ့ စကားပြော ဖြောင့်ခဲ့တာပေါ့။

ကားထွက်တော့ ညနေစောင်းစောင်း၊ အဖူးက ခေါင်းခန်းမှာ ကိုယ်က ကော်သူးလေ ရဲဘော်နှစ်ယောက်နဲ့ ပစ္စည်းတွေအပြည့် တင်ထားတဲ့ ကားနောက် ပက်လက်မှာ၊ ထမင်းဆာတဲ့အချိန် ရွာတစ်ရွာ အရောက် နာရေးအိမ်တစ်အိမ် ရှေ့ကားရပ်၊ ထမင်းဝင်စားတော့ နာရေးအလှူ ဝက်သားဟင်း၊ ငါးပိရည်၊ တို့ စရာတွေ့နဲ့ ထမင်းဧည့်ခံပါတယ်၊ နာရေးက ငှက်ဖျားနဲ့ ဆုံးပါးတယ်လို့ သိရ တယ်၊ ဝက်သား ပြောင်တိုက်ကို ဆနွင်း၊ တောရှောက်နူသီးနဲ့ ချက်ထား ငပိရည် ငရုပ်သီးထောင်းစပ်စပ်ဖြူးလို့ စားခဲ့ရတဲ့ တစ်နပ်ကို ခုထိ သတိရနေ တုန်း၊ စားလိုက်ကြတာ၊ ကိုယ်နဲ့အတူ ကားနောက်ဘက်မှာ လိုက်လာတဲ့ ကော်သူးလေရဲဘော်နှစ်ယောက် ဇလုံနဲ့ သုံးလေးခါ ထမင်းထည့်စားကြတာ အားရစရာကောင်းလှချည့်။ 

အဲဒီရွာကအထွက် မှောင်စပျိုးပြီ၊ ကိုယ်ကလည်း အဖျားငွေ့ငွေ့တက်လာလို့ ဆေးသောက်ပြီး စောင်လေးခြုံလို့ ကွေးကောင်းတုန်း သူတို့ထဲက တစ်ယောက်က ကား ဘက္ထရီနဲ့ ချိတ်ထားတဲ့ ဆလိုက်မီးကြီးကို ဖွင့် အပေါ်ကို ထိုးကြည့် တစ်ယောက်က အေကေ ၄၇ သေနတ် ကို မောင်းတင်လို့ "ဘာလဲဟင်" မေးကြည့်တော့ လမ်းပေါ်မိုးနေတဲ့ အပင် တွေပေါ်မှာ အိပ်နေတဲ့ မျောက်တွေကို ပစ်မလို့တဲ့၊ ဪ ဟုတ်လား၊ မတွေ့လို့ထင်ပါရဲ့၊ ပစ်ခတ်သံတော့မကြား၊ ည သန်းခေါင်လောက်မှာ ကားရပ်ပါတယ်၊ အပေါ့အပါး ဆင်းသွားပြီး ကားရှေ့ ခန်း က အဖူးဆင်းလာ ...

"ခုမြင်ရတဲ့ တောင်ကုန်းပေါ်က အိမ်မှာ မင်းသူငယ်ချင်း (ကျော်မြတ်ငြိမ်း) ဆုံးပါးခဲ့၊ အိမ်က ဆောက်ပြီးခါစ၊ ခု ဘယ်သူမှ မနေတော့ဘူး၊ အဲဒီအတိုင်း၊း အိမ်ဘေးမှာပဲ မြေမြှုပ်သင်္ဂြိုလ်ခဲ့တာ" 

ကိုယ်ဦးညွှတ်အလေးပြုခဲ့ပါတယ်၊ ကျော်မြတ်ငြိမ်းရေ၊ နှုတ်က ရွတ်ဆိုရင်း မျက်ရည်ကျမိတယ်၊ အလေးနီပြုပါတယ် သူငယ်ချင်း နောင်ဘဝ ပြန်ဆုံကြသေးတာပေါ့်။ 

အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်နဲ့ လင်းရောင်လာတော့ ကားရှေ့ မြေလမ်းပေါ် တကွပ်ကွပ်နဲ့ တက်လာတဲ့ တောကြက်မိသားစုကို "တဖန်းဖန်း" နဲ့ ပစ်ချ လိုက်တာ ငယ်သေးတဲ့ အကောင်တွေလွတ်ပြေးကြ၊ အဖေ၊အမေ ကြက်စုံတွဲတော့ တုန်းလုံးလဲ၊ ပြေးကောက်တဲ့ပြီး ကားဆက်ထွက်၊ ခပ်လှမ်း လှမ်းက တဲ တစ်လုံး မှာရပ်၊ ကြက်နှစ်ကောင်ကို အမွေးနှုတ်၊ မီးဖုတ်နေတုံး တဲရှင် ရောက်လာတယ် မျောက်သေတစ်ကောင်ကိုဆွဲလို့ ချက်ချင်းဆိုသလို ကြက်ကင် နဲ့ မျောက်သားဟင်း မနက်စာ စားကြ၊ မျောက်ရဲ့ အရိုး၊ အသားဖွဲ့စည်းပုံက လူနဲ့ အရမ်းတူတော့ ကိုယ်က မြိုမကျ၊ ကြက်ကင်တစ်ဖဲ့ ထမင်းတစ်ဆုပ်နဲ့ မနက်စာပြီးခဲ့ရတယ်။ 

မွန်းတည့်ခါနီးလောက်မှာ 'အဇင်းရွာ' ကို ရောက်ပါတယ်၊ ရွာအစွန် ခြံကျယ်ကျယ်နဲ့ အဖူးရဲ့အိမ်ကို တိုက်ရိုက်သွား အဲဒီမှာ နေ့လည်စာစားလို့ ကားပေါ်က ပစ္စည်းတွေချ၊ ရွာထဲကို အဖူးနဲ့ ကိုယ်ပဲ ကားနဲ့ပြန်ဝင်လာခဲ့ကြ၊ ရွာလယ်လမ်း မပေါ်က အိမ်လေးတစ်အိမ်မှာကားရပ် ။ "ဟေး ဧည့်သည်လာတယ်ဟေ့" အဖူးက လှမ်းအော်တော့ အိမ်ထဲက မိန်းမတစ်ယောက်ထွက်လာပါတယ်၊ 

၈၅/၈၆ မှာ ကျော်မြတ်ငြိမ်း၊ သန်းဦး၊ အောင်ဆန်းတို့ တောခိုတော့ သူ(အောင် ဆန်း)နဲ့အတူ ပါသွားတဲ့ ကောင်မလေး(ခုတော့ ကွမ်းသီးကောက် ပွဲစား တစ်ယောက်နဲ့ အိမ်ထောင်ကျ ကလေးတစ်ယောက်နဲ့)ကို တွေ့ရ၊ သူ့ကို တောမခိုခင် အောင်ဆန်းနဲ့ ကိုယ့်ဆီလာလည်။ တောင်ဝိုင်းက ဘုရားတစ်ဆူမှာ တွေ့ခဲ့ဖူးတော့ သူက ကိုယ့်ကို မှတ်မိတယ်"ဪ ကိုကျော်လွင်အောင်ပါလား" တဲ့ နာမည်တောင် မှတ်မိနေသေး၊

 အဖူးက ...
"ကိုယ့်ဧည့်သည်ကို ဟင်းကောင်းချက်ကျွေးနော့၊ ထားခဲ့မယ်လေး၊ ကားကြုံရှိ ပြောမယ်၊ သူက ဘုရားသုံးဆူသွားမှာ" ပြောပြောဆိုဆို၊ ကားထွက်သွားလေရဲ့။ 

ဆက်ရန်၊ To be continued .......

(11) 88888 ရနောင်းကနေ ဘုရားသုံးဆူရောက် 'ပြောင်ကြီး' တို့အဖွဲ့နဲ့ ဆုံဖို့ တစ်ထောက်နား၊ ကားစောင့် ရင်း အဇင်းရွာ ကွမ်းသီးပွဲစား လင်မယားရဲ့ ဂျစ်တူးလေးကို သီချင်းဆို ထိန်းသိပ်ရင်း အဇင်းရွာမှာ တစ်ပတ်ကြာ၊