Breaking News

မောင်ရစ် - မေတ္တာနန္ဒဆရာတော် ဒေါက်တာဓမ္မပီယသို့ နောက်ဆုံးဦးချကန်တော့ပန်း

2013 December, at Ngar Gyan Pyan Kyaung (MoeMaKa)


မောင်ရစ် - မေတ္တာနန္ဒဆရာတော် ဒေါက်တာဓမ္မပီယသို့ နောက်ဆုံးဦးချကန်တော့ပန်း

(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၀

ဆရာတော် ဦးဓမ္မပီယ ဩဂုတ် ၁၀၊ မနက်အချိန် (ပစ္စဖိတ်အချိန်) မှာ ဖရီးမောင့်မြို့ ဝါရှင်တန်ဆေးရုံမှာ ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း ကြားသိရလို့ ဝမ်းနည်းစွာဖြင့် ဦးချနှုတ်ဆက် ကန်တော့လိုက်ပါသည် ဘုရား။

ဆရာတော်က သာသနာပြုဘ၀တလျောက်လုံး မရပ်မနား လုပ်ကိုင်နေတဲ့ သံဃာတော်တပါး ဖြစ်ပါတယ်။ နောက်ဆုံး ရောဂါဝေဒနာနဲ့ မေတ္တာနန္ဒကျောင်း (Castrol Valley) ပြန်လည် အနားယူသီတင်းသုံးတဲ့ အချိန်ကာလတိုတီုလေးမှာလည်း ခန္ဒာကိုယ်ကသာ နားနေမယ်၊ စိတ်ကတော့ အနားမယူပါ။ အမြဲတမ်း သာသနာရေး ပညာရေး ပရဟိတအရေး အကြောင်းတွေပဲ ပြောနေ စဉ်းစားနေ သုံးသပ်ဆင်ခြင်နေသူ ဖြစ်ပါတယ်။ အခုတော့ လက်ရှိ ခန္ဒာဇာတ်သိမ်းလို့ အနားရသွားပါပြီ။ သို့သော်လည်း ဘ၀နတ်ထံ ပျံလွန်တော်မူပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ပါရမီစခန်း ခရီးရှည်ကို အရောက် ဆက်လှမ်းနေဦးမည်ဟု ယုံကြည်ပါတယ်။

ဆရာတော်ကို ပထမဦးဆုံး ဆုံသည်က ၂၀၀၆ ခုနှစ် မေတ္တာနန္ဒကျောင်း (ဖရီးမောင့်) မှာ မိုးမခစာပေမိသားစု ၃ နှစ်ပြည့် မိတ်ဆုံပွဲ အခမ်းအနားအလှူ ကျင်းပတုန်းက ဖြစ်ပါတယ်။ ဆရာဦးတင်မိုး၊ ဆရာမောင်စွမ်းရည်နဲ့ ဆရာ ဦးမိုးဟိန်း (သားဂျာနယ်ကျော်) တို့ တက်ရောက် ချီးမြင့်ကြသလို ကျောင်းထိုင်ဆရာတော် ဒေါက်တာဓမ္မပီယကိုယ်တိုင်လည်း ချီးမြှင့်ပါတယ်။ အဲသည်တုန်းက ဆရာတော် ဦးဉာဏိက (စာရေးဆရာ ဉာဏ်ဦးမောင်) ကျေးဇူးနဲ့ ဘုန်းကြီးကျောင်းမှာ အခမ်းအနားအလှူ ရက်ချိတ်ခွင့်ရတာပါ။ ဒေါက်တာဓမ္မပီယက ခရီးယာယီကြွနေရာကနေ အခမ်းအနားရက်နဲ့ တိုက်ဆိုင်ပြီး ပြန်ရောက်လာလို့ ဆရာတော်ကိုယ်တိုင် တက်ရောက်ပြီး မိမိတို့နဲ့လည်း ပထမဦးဆုံး တွေ့ဆုံသိကျွမ်းခွင့်ရတာ ဖြစ်ပါတယ်။

ဆရာတော်က မိုးမခစာပေအဖွဲ့သားများကို မှာကြားတဲ့ ဆုံးမစကားကလည်း မှတ်သားစရာပါ။ လုပ်မယ်ဆိုပြီး ကတိလွယ်လွယ်မပေးကြနဲ့ တဲ့။ ကတိပေးပြီးရင်လည်း မဆုတ်မနစ် ဖြစ်မြောက်အောင် လုပ်ကြပါတဲ့။ လုပ်မယ်ဆိုတဲ့ အလုပ်ကို လုပ်နိုင်အောင်လည်း ကိုယ့်မှာ အစွမ်းသတ္တိရှိအောင်လည်း ဖြည့်ဆည်းကြ တဲ့။ အဲသည်တုန်းက မြန်မာပြည်အရေးလှုပ်ရှားမှုတွေ ပြည်ပမှာ တက်ချီကျချီ ဖြစ်နေချိန်ဆိုတော့ ဆရာတော်က မိမိတို့ကို ရေတိုပဲ လုပ်ပြီး ရေရှည်ခံနိုင်ကြပါ့မလားလို့ စိုးရိမ်စိတ်နဲ့ သတိပေးစကား ပေးထားခဲ့ပုံရပါတယ်။

အဲသည်အချိန်ကတည်းက ဆရာတော်နဲ့ မိမိတို့တတွေ အဆက်မပြတ် ဆက်စပ်မှုတွေ ရှိခဲ့တာ အခု နောက်ဆုံးအချိန်အထိပဲ ဆိုကြရမှာ ဖြစ်ပါတယ်။ ၂၀၀၆ ပြီးလို့ ၂၀၀၇ မှာ ရွှေဝါရောင်သံဃာတော်တို့၏ သပိတ်အရေးတော်ပုံ ဖြစ်ပါတယ်။ ဒေါက်တာဓမ္မပီယနဲ့ ပြည်ပရောက် သံဃာတော်တွေ အားလုံးက မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ ၊ ပီနမ်ဆရာတော်ဘုရားကြီး ဦးပညာဝံသတို့ ဦးဆောင်မှုနဲ့အတူ ရပ်တည်ပြီး သံဃာတော်တွေအရေးကို ရပ်တည်ဆောင်ရွက်ပေးကြပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးအောက် မြန်မာပြည်ကြီး ရောက်တော့လည်း ဆရာတော် ဦးဓမ္မပီယ ကိုယ်တိုင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဝင်ရောက်ဆောင်ရွက်ရပြန်ပါတယ်။ နွယ်ခွေမှာ နာဂစ်သင့် မိဘမဲ့ကလေးတွေအတွက် ဂေဟာနဲ့ ကျောင်းကို အကောင်အထည်ဖော် ဖြန့်ကျက်ရပြန်ပါတယ်။ အဲသည်ကတည်းက ဆရာတော်ဟာ အမေရိကန်ကို ပြန်မလာတော့ပါဘူး။ ၂၀၁၀ မြန်မာပြည်အလှည့်အပြောင်းကာလမှာတော့ဖြင့် ဆရာတော်ဟာ မြန်မာပြည်မှာပဲ သာသနာရေး ဘာသာရေး ပညာရေး ကိစ္စတွေနဲ့ မြုပ်နှံထားလိုက်ပါတေ့ာတယ်။

အဲသည်တုန်းလည်း ဆရာတော် ဦးဓမ္မပီယက ထပ်ပြီး မိန့်မှာစကား ပြောပါတယ်။ သည်အရေးကိစ္စတွေမှာလည်း မိမိအစွမ်းသတ္တိရှိသမျှနဲ့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အဲသည်အခါကျရင် အဲသည်အရေးကိစ္စတွေထဲ နစ်မသွားနိုင်အောင် ရုန်းနိုင်ဖို့ မိမိမှာ အစွမ်းသတ္တိတွေ လိုပါတယ် တဲ့။ ငါကတော့ မိမိဆုံးဖြတ်ထားသည့်အတိုင်း လုပ်ဆောင်ဖို့ မိမိအစွမ်းသတ္တိနဲ့ ဆက်ပြီး သွားတော့မယ် တဲ့။ ဆရာတော်ဟာ အဲသည်အတိုင်း မိမိအစွမ်းသတ္တိတွေနဲ့ သာသနာရေး ပညာရေး ပရိဟိတအရေး တိုင်းပြည်အရေးကို ဆက်လက် ဆောင်ရွက်နေလိုက်တာ ၂၀၀၉ ကနေ အခု နောက်ဆုံး ခန္တာဝန်ချသွားတဲ့ ၂၀၂၀ ဩဂုတ်လအထိပါပဲ။

သာသနာပြု ကျောင်းတွေ တက္ကသိုလ်တွေရဲ့ ပါမောက္ခ၊ ပါမောက္ခချုပ်၊ ဦးဆောင်ဆရာတော်၊ ဌာနမှူး စတဲ့ လောကထဲက ဂုဏ်ထူးတွေ အများကြိး ပြီးတော့ အလုပ်တာဝန်တွေ အများကြီးနဲ့ ဆရာတော် ဦးဓမ္မပီယဟာ မိုးမခမှာလည်း ဝါသနာပါတဲ့ စာပေဆောင်းပါးလေးတွေ ရေးသားချီးမြှင့်ပြီး ကူညီအားပေးခဲ့ပါသေးတယ်။ ဒါတွေဟာ မိမိတို့အတွက် အမှတ်တရ ကျန်ရစ်မှာ ဖြစ်ပါတယ်။

အခုတော့ ဆရာတော်ဟာ မိမိအစွမ်းသတ္တိ အကုန်အစင်နဲ့ လောကအရေး သာသာနာ့အရေးကို ရုန်းပြီးနောက် ပင်ပန်းဆင်းရဲလှတဲ့ ခန္ဒာဝန်ကို ချလျက် ဘ၀နတ်ထံ ပျံလွန်တော်မူ ပါပြီ။ ကျန်ရစ်တဲ့ တပည့်တော်တို့က နောက်ဆုံးဦးချကန်တော့ပြီး နှုတ်ဆက်လိုက်ပါတယ် ဘုရား။

ဆရာတော်၏ ဆောင်းပါးများ အချို့ -
https://blog.moemaka.com/search/label/Ashin%20Dhammapiya