Breaking News

ဧရာ(မန္တလေး) - ဖွတ်ဦးနှောက်, သိုးဦးနှောက်နဲ့ လူ့ဦးနှောက် အကြောင်း



ဧရာ(မန္တလေး) - ဖွတ်ဦးနှောက်, သိုးဦးနှောက်နဲ့ လူ့ဦးနှောက် အကြောင်း

(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၀

လူနှင့် ဦးနှောက်ထဲက တိရိစ္ဆာန်များ

လူနဲ့ တိရိစ္ဆာန်ရဲ့ ကွာခြားချက်ကို ဆင်ခြင်တုံတရားနဲ့ တိုင်းထွာ ပြောဆိုလေ့ရှိကြပါတယ်။ Evolutionary Science အရ ပြောမယ်ဆိုရင် လူရဲ့ ဦးနှောက်ကို အပိုင်း ၃-ပိုင်းခွဲပြီး ကြည့်နိုင်ပါတယ်။ ပထမဆုံးအပိုင်းကတော့ ဦးနှောက်ရဲ့ အတွင်းဆုံး အာရုံကြောတွေ ဆုံတဲ့နေရာမှာ တည်ရှိပါတယ်။ အသက်ရှုတာ၊ နှလုံးခုန်တာ၊ အစာကျေချက်တာ စတဲ့ ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးပါတယ်။ စဉ်းစားတွေးခေါ်တာ ခံစားတာတွေမပါဘဲ တိရစ္ဆာန်တိုင်းရဲ့ အခြေခံကိစဖြစ်တဲ့ “အိပ်-စား-ကာမ” အလုပ်လောက်ကိုပဲ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အခြေခံဦးနှောက် (primal brain) လို့ ခေါ်ပါတယ်။ တွားသွားသတ္တဝါလို အဆင့်နိမ့်ကျတဲ့ သတ္တဝါတွေမှာ ဒီလို ဦးနှောက်မျိုးလောက်ပဲ ရှိလို့ Reptilian brain, Reptilian complex စသဖြင့်လည်း ခေါ်လေ့ရှိပါတယ်။ ခပ်လွယ်လွယ် “ဖွတ်ဦးနှောက်” လို့ ခေါ်နိုင်ပါတယ်။ အစာရေစာနဲ့ မိတ်လိုက်ဖို့အတွက် တစ်ကောင်နဲ့ တစ်ကောင်၊ အုပ်စု တစ်စုနဲ့ တစ်စု ရန်လို ခြိမ်းခြောက်တာ၊ နယ်လုတတ်တာကလည်း ဖွတ်ဦးနှောက်ရဲ့ အဓိက လုပ်ဆောင်မှုတွေပါပဲ။ ဒီဦးနှောက်အစိတ်ပိုင်းမှာ အတိတ်က အမှားတွေကနေ သင်ခန်းစာယူနိုင်တဲ့ စွမ်းရည်မျိုးလည်း မရှိပါဘူး။

တွားသွားသတ္တဝါတွေထက် အဆင့်ပိုမြင့်လာတဲ့ နို့တိုက်သတ္တဝါတွေမှာတော့ ဒီဖွတ်ဦးနှောက်ရဲ့ အပေါ်မှာ Limbic System ဆိုတဲ့ အလွှာတစ်ခု ထပ်ဆောင်း ဖြစ်ထွန်းလာပါတယ်။ ဒီအစိတ်အပိုင်းက သတ္တဝါတွေရဲ့ အတိတ်က သာယာမှု၊ နာကျင်မှုစတဲ့ ကောင်းဆိုး ဝေဒနာ ခံစားမှုတွေကို မှတ်သားပေးပါတယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကြောက်ရွံ့ခြင်းစတဲ့ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်ဖို့အတွက် အထောက်အကူပြုပါတယ်။ နာကျင်မှုကို ရှောင်ရှားပြီး သာယာမှုကို ရှာမှီးတတ်တယ်ဆိုတာက Evolution Theory သဘောအရကြည့်ရင် မျိုးဆက် ရပ်တည်ရှင်သန်ရေး၊ ဘေးအန္တရာယ်တွေကို အချိန်မီရှောင်ရှားနိုင်ရေး၊ ဘဝလုံခြုံရေးတွေအတွက် အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ မျိုးဆက် ပြန့်ပွားရေးအတွက် ဖိုမသာယာစိတ်နဲ့ မိဘမေတ္တာစိတ်တွေကို နိုးကြွအောင် လှုံ့ဆော်ပေးပါတယ်။

 နို့တိုက်သတ္တဝါတွေက တွားသွားသတ္တဝါတွေထက်စာရင် “အိပ်-စား-ကာမ” လို့ခေါ်တဲ့ အခြေခံတိရိစ္ဆာန်စိတ်ထက် အဆင့်ပို မြင့်တဲ့ မိဘမေတ္တာနဲ့ မိသားစုစိတ်ဓာတ်တွေ ရှိကြပါတယ်။ ကိုယ့်သားသမီးကို ပြုစုစောင့်ရှောက်တာ၊ ကိုယ့်သားသမီး အန္တရာယ်ကြုံလာရင် ကိုယ့်အသက်ကို စွန့်ပြီး ကာကွယ်တာတွေမှာ ဒီဦးနှောက်အစိတ်အပိုင်းရဲ့ လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။ စိတ်ခံစားမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးတဲ့အတွက် စိတ်ခံစားမှုဦးနှောက် (emotional brain) လို့ ခေါ်လေ့ရှိပါတယ်။ ဟိုးရှေးအစောပိုင်းကတည်း အဆင့်ဆင့်ဖြစ်ပေါ်ခဲ့တဲ့ နို့တိုက်သတ္တဝါတွေမှာလည်း ဒီလိုဦးနှောက် အစိတ်အပိုင်းမျိုးတွေ ရှိတာကြောင့် paleomammalian brain လို့လည်း ခေါ်ပါတယ်။ ခပ်လွယ်လွယ် “သိုးဦးနှောက်၊ မြည်းဦးနှောက်” လို့ ခေါ်ချင်ပါတယ်။ 

ဦးနှောက်ရဲ့ ဒီအစိတ်အပိုင်းက လွှမ်းမိုးလာရင် သိုးတွေလို ဆင်ခြင်တုံတရား မပါဘဲ ခံစားမှုသက်သက်နဲ့ ခေါင်းဆောင်နောက် အုပ်စုနောက်ကို တကောက်ကောက် လိုက်တတ်ပါတယ်။ ဒါမှမဟုတ် George Orwell ရဲ့ Animal Farm ပုံဝတ္ထုထဲက မြည်းလို ဆင်ခြင်တုံတရား ရှိသယောင်နဲ့ ခေါင်းမာ နေတတ်ပြီး၊ အရာရာကို သံသယစိတ်တွေ၊ အဆိုးမြင်စိတ်တွေ ပွားနေတတ်ပါတယ်။

အဆင့်အမြင့်ဆုံး နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ချင်ပန်ဇီလို ပရိုင်းမိတ်တွေ၊ အထူးသဖြင့် ဟိုမိုဆေပီယန်လို့ ခေါ်တဲ့ လူသားတွေရဲ့ ဦးနှောက်မှာတော့ Limbic System ရဲ့ အပေါ်မှာ neo-cortex လို့ခေါ်တဲ့ အလွှာက သိသိသာသာ ထင်ရှားလာပါတယ်။ စဉ်းစားဆင်ခြင်တာ၊ တီထွင်ဖန်တီးတာ၊ ဘာသာစကားတွေ၊ သင်္ကေတတွေကို နားလည် အသုံးချနိုင်တာတွေက neo-cortex ရဲ့ အဓိက လုပ်ဆောင်မှုတွေပါ။ ဒါကြောင့် ဆင်ခြင်တုံဦးနှောက် (rational brain) လို့လည်း ခေါ်လေ့ရှိပါတယ်။ ဆင့်ကဲဖြစ်စဉ်မှာ နောက်ဆုံးမှ အသစ်ဖြစ်ပေါ်လာခဲ့တဲ့ အဆင့်အမြင့်ဆုံး နို့တိုက်သတ္တဝါတွေမှာသာ ရှိတဲ့အတွက် neomammalian brain လို့လည်း ခေါ်လေ့ရှိပါတယ်။ ခပ်လွယ်လွယ် “လူ့ဦးနှောက်” လို့ပဲ ဆိုချင်ပါတယ်။

လူမှာ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတယ် ဆိုပေမယ့်လည်း စိတ်ခံစားမှုတွေက ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားတတ်တာမျိုး ရှိပါတယ်။ ကြိုးကို မြွေထင်ပြီး ထခုန်တတ်တာမျိုးက စိတ်ခံစားမှုဦးနှောက်က ဆင်ခြင်တုံဦးနှောက်ကို ကျော်ပြီး လူကို ထိန်းချုပ်လိုက်တာပါပဲ။ ဒါက အရေးပေါ် လုံခြုံရေးသတိ ဖြစ်လို့ လိုအပ်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ချက်ချင်းပဲ ဆင်ခြင်တုံဦးနှောက်ကနေ ဒါက တကယ့်မြွေ မဟုတ်ဘူးလို့ ဆုံးဖြတ်နိုင်ပါတယ်။ တကယ့်မြွေ ဖြစ်နေခဲ့ရင်တောင် ဘာလုပ်ရမယ် ဆိုတာကို အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်ပြီး လုပ်ဆောင်ပါလိမ့်မယ်။ 

ဒါပေမယ့် တခါတလေမှာတော့ ခံစားမှုဦးနှောက်က ဆင်ခြင်တုံဦးနှောက်ကို နေရာပြန် မပေးတော့ပဲ အပိုင်စီးထားလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို emotional hijacking လို့ ခေါ်ပါတယ်။ စိတ်ခံစားမှုကြောင့် မပြောသင့်တာတွေ ပြော၊ မလုပ်သင့်တာတွေ လုပ်ပြီး နောက်မှ နောင်တရ နေရတဲ့ အဖြစ်မျိုးတွေက ဆင်ခြင်တုံဦးနှောက်က ခံစားမှုဦးနှောက်ရဲ့ အပိုင်စီးမှုကို ခံလိုက်ရတာကြောင့်ပါ။ ကိုယ့်ရဲ့ စိတ်ခံစားမှုကို သတိတရားနဲ့ ထိန်းသိမ်းနိုင်အောင် လေ့ကျင့်ထားသူတွေကတော့ ဒီလိုအဖြစ်မျိုး ကြုံတာ နည်းပါလိမ့်မယ်။ သူတို့မှာ ရန်လိုမုန်းတီးစိတ်၊ စိုးရိမ်ကြောင့်ကျစိတ်စတဲ့ အဖျက်စိတ်ခံစားမှုတွေထက်၊ မေတ္တာ-ကရုဏာလို အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေပိုပြီး ဖြစ်တတ်ပါတယ်။

အချို့လူတွေကတော့ ခံစားမှုဦးနှောက်က ဆင်ခြင်တုံဦးနှောက်ကို ခဏတဖြုတ် ပြန်ပေးဆွဲရုံလောက်တင် မဟုတ်တော့ဘဲ၊ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ထားတာတွေကို အကျိုးသင့်အကြောင်းသင့် ဖြစ်လေဟန် rationalize လုပ်ပြီး မိမိကိုယ် မိမိ လှည့်ဖျားပါတယ်။ သူတစ်ပါးကိုလည်း လှည့်ဖျားပါတယ်။ ဒါဟာ ခံစားမှုဦးနှောက်က ဆင်ခြင်တုံဦးနှောက်ကို အာဏာသိမ်းလိုက်တာပါပဲ။ ဒါမျိုးက ဆင်ခြင်တုံတရားကင်းမဲ့တဲ့ တိရိစ္ဆာန်တွေ လုပ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဒါကြောင့် လူ့သမိုင်းတစ်လျောက်မှာ လူတွေရဲ့ ရက်စက်ယုတ်မာမှုတွေက သားရဲတိရိစ္ဆာန်တွေထက်တောင် ပိုပြီး ကြောက်စရာကောင်း နေတတ်တာပါ။

ဒါကြောင့် လူပီသဖို့ဆိုရင် လူ့ဦးနှောက်ထဲမှာ ရှိနေတဲ့ တိရိစ္ဆာန်စိတ်တွေကို အသိဉာဏ်နဲ့ ထိန်းကျောင်းနိုင်ဖို့လိုပါတယ်။ 

အတိတ်အမှားကို သင်ခန်းစာ ယူနိုင်စွမ်း မရှိတဲ့ ဖွတ်ဦးနှောက်လောက်နဲ့ အကြင်နာမေတ္တာမဲ့ ဆင်ခြင်တုံတရားမဲ့ ရန်လို၊ နယ်လုနေလို့ မဖြစ်ပါဘူး။ 

သိုးတွေလို ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု မရှိဘဲ စိတ်ခံစားမှု သက်သက်နဲ့ အများနောက်ကို ရောယောင် လိုက်နေဖို့လည်း မသင့်ပါဘူး။ 

မြည်းတွေလို အရာရာကို အဆိုးမြင်တတ်တဲ့ သံသယစိတ်တွေနဲ့ အမုန်းတရားတွေ ပွားပြီးလည်း မနေသင့်ပါဘူး။ 
ဆင်ခြင်တုံတရား ရှိသယောင်နဲ့ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို အကျိုးသင့် အကြောင်းသင့် ဖြစ်လေဟန် ကိုယ့်ကိုယ်ကို လိမ်ညာလှည့်ဖျားတာမျိုးကိုလည်း ရှောင်ကြဉ်ရပါလိမ့်မယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ရွံ့ခြင်း၊ မိမိကိုယ် မိမိ လှည့်ဖျားခြင်း ဆိုတဲ့ စိတ်ခံစားမှုတွေကို ဆင်ခြင်တုံတရားနဲ့ အမှန်တကယ် ကျော်လွှားနိုင်ပြီး စစ်မှန်တဲ့ မေတ္တာ၊ ကရုဏာစိတ်တွေ ထားနိုင်ပြီဆိုမှသာ လူကို လူလို့ ပီပီသသ ခေါ်နိုင်ပါလိမ့်မယ်။

ဧရာ (မန္တလေး)
၄၊ August  ၂၀၁၈

Ref: Paul D. MacLean, The Triune Brain in Evolution: Role in Paleocerebral Functio