Breaking News

မင်းခိုင် - ဒေတာတွေမှာ ကိုယ်ပိုင်ပါးစပ်မရှိဘူး


မင်းခိုင် - ဒေတာတွေမှာ ကိုယ်ပိုင်ပါးစပ်မရှိဘူး

(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၀
(သူ့ဖေစ်ဘွတ်ကနေ ယူပါတယ်)

အမှန်တော့ Brexit ဇာတ်ကားကို ကြည့်ပြီး သတင်းပုံသွင်းခြင်းအကြောင်း ရေးမလို့ပါပဲ။
ဒါပေမဲ့ အခုပို့စ်ကို အရင်ရေးဖြစ်သွားတယ်။

Brexit ဆိုတာ UK ရဲ့ EU က ခွဲထွက်ရေးလှုပ်ရှားမှုပါ။

ခွဲထွက်ရေးကို ခေါင်းဆောင်ခဲ့သူ Boris Johnson က အလွန်ရှေးရိုးစွဲသူအဖြစ် နာမည်ကြီးပြီး လူမျိုးရေးခွဲခွဲခြားခြား ပြောဆိုမှုတွေကြောင့် ခဏခဏဝေဖန်ခဲ့ရတဲ့ နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တယ်။ သူက OUT ဆိုတဲ့ လှုပ်ရှားမှုနဲ့ ခွဲထွက်ရေးအတွက် မဲဆွယ်ပါတယ်။ ဒါပေမဲ့ 2015 DEC ထိ မဲအကြိုရလဒ်တွေမှာ ခွဲမထွက်ရေးဘက်က အားသာပါတယ်။

တကယ်တန်း June 2016 ဆန္ဒခံယူပွဲကျင်းပတဲ့အခါမှာတော့ ခွဲထွက်ဖို့ 51%၊ မခွဲထွက်ဖို့ 48% နဲ့ ခွဲထွက်ရေးသမားတွေ အောင်နိုင်ခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက အဲလိုအောင်နိုင်ဖို့ တစ်ဖက်က သုံးခဲ့တဲ့ နည်းဗျူဟာ၊ အတတ်ပညာပါ။
သူတို့သုံးခဲ့တဲ့ နည်းဗျူဟာက Facebook တို့လို ဆိုရှယ်မီဒီယာတွေကို လက်နက်အနေနဲ့သုံး သွားတာပါ။

ဟာ၊ ဒါများ ဘာအံ့သြစရာရှိလဲ။ ဒီခေတ်ကြီးမှာ လူမှုကွန်ယက်တွေမှာလည်း အပြိုင်မဲဆွယ်ကြမှာပဲ။
မဲဆွယ်ကောင်းတဲ့သူနိုင်သွားတာနေမှာပေါ့လို့ထင်ရင် ... ဟုတ်ကဲ့ ....
တက်တက်စင်အောင်လွဲသွားပါလိမ့်မယ်။

သူတို့က မဲမဆွယ်ပါဘူး။
သတင်းအချက်အလက်တွေနဲ့ တစ်ယောက်ချင်းစီကို လိုသလိုပုံသွင်းသွားတာပါ။
ကာယကံရှင်အနေနဲ့ သူမဲဆွယ်ခံနေရပါလားဆိုတာတောင် မရိပ်မိပါဘူး။

ဒီနည်းဗျူဟာရဲ့နာက်ကွယ်မှာ Cambridge Analytica ရှိပါတယ်။
သူသာမရှိရင် Brexit ကလည်း မအောင်မြင်နိုင်ပါဘူး။

Cambridge Analytica ရဲ့ကြောက်စရာကောင်းတဲ့နည်းဗျူဟာတွေကို မြင်သာအောင် အကြမ်းဖျင်းပြောရရင်
သူတို့ဆီမှာ (ဒီလူဘယ်လိုသီချင်းမျိုးနားထောင်တယ်၊ ဘယ်လိုစာအုပ်မျိုးကြိုက်တယ်၊ ဘယ်လိုအရောင်မျိုးကြိုက်တယ်ကအစ ဘယ်လိုပို့စ်မျိုးကို သဘောကျတယ်၊ ဘယ်လို reaction ပေးတယ် အဆုံး) လူတစ်ယောက်ချင်းစီနဲ့ ပတ်သက်တဲ့ ဒေတာတွေ ထောင်ကျော်ရှိပါတယ်။ အဲ့ဒီဒေတာတွေကို သုံးပြီး စိတ်ပညာရှင်တွေ၊ လူမှုပညာရှင်တွေက ကိုယ်ရည်ကိုယ်သွေးအမျိုးအစားခွဲတဲ့ ပုံစံတစ်ခုကို တည်ဆောက်ပါတယ်။ ခွဲတဲ့အခါမှာလည်း တော်ရိရော်ရိ အကြမ်းဖျင်းခွဲတာမဟုတ်၊ အမျိုးအစားပေါင်း 30 ကျော် (32 ခု)နဲ့ အနုစိတ်သရုပ်ခွဲတာပါ။

ပြီးရင်တစ်ယောက်ချင်းစီအတွက် သူတို့ပေးချင်တဲ့ သတင်းစကားတစ်ခုကို (လူအမျိုးအစားအလိုက်) သင့်တော်မယ့် ပုံစံမျိုးစုံနဲ့ ပေးပါတယ်။ သတင်းစကားတခုတည်းကို ပုံစံကွဲ သုံး လေးဆယ်နဲ့ ထပ်ခါထပ်ခါ ပေးပါတယ်။

ဥပမာ - UK ကိစ္စမှာဆို အဓိကစိုးရိမ်ကြတာ လူဝင်မှုကြီးကြပ်ရေးပါ။ EU အဖွဲ့ဝင်ဖြစ်တဲ့အတွက် ဥရောပက လူတွေကို အတားအဆီးမရှိ ဝင်ခွင့်ပေးထားရပါတယ်။ တစ်ချို့သူတွေ အထူးသဖြင့်သက်ကြီးပိုင်းတွေက ဒီလိုအခြေအနေကို မကြိုက်ပါဘူး။ သူတို့စိတ်ထဲ မလုံခြုံသလိုခံစားရပါတယ်။ နောက်တစ်ချက်က ဥရောပကလာတဲ့သူတွေ အထူးသအဖြင့် လူမည်းတွေ UK မှာ အလုပ်လာလုပ်ကြတော့ UK နိုင်ငံသားတွေ (အထူးသဖြင့်အခြေခံလူတန်းစားတွေ)က သူတို့အလုပ်တွေကို လာလုတယ်လို့ ခံစားရတယ်။ အလုပ်အကိုင်တွေ ဆုံးရှုံးကုန်ပြီလို့ စိုးရိမ်ကြတယ်။

Cambridge Analytica က ဒီစိုးရိမ်ကြောင့်ကြမှု၊ ဒီစိတ်မလုံခြုံမှုပေါ် အခြေခံပြီး ဗျူဟာချပါတယ်။
သူတို့ ကမ်းပိန်းအတွက် ကြွေးကြော်သံက Take Control Back ပါတဲ့။ ငါတို့တွေ မလုံခြုံတော့ဘူး၊ ငါတို့တွေ control မလုပ်နိုင်တော့ဘူးလို့ ခံစားလာရအောင် စကားလုံးပါဝါသုံးပါတယ်။ ဒီစိုးရိမ်မှုတွေ အများဆုံးဖြစ်နိုင်တဲ့ လူတန်းစားကို ပစ်မှတ်ထား၊ သတင်းစကားပါးပါတယ်။

လွယ်လွယ်ပြောရရင် မြွေကြောက်တဲ့သူကို မြွေကိုက်ခံရတဲ့သတင်းတွေ၊ မြွေအန္တရယ်သတင်းတွေ၊ တောအုပ်ထဲ မြွေတွေ့တဲ့သတင်းတွေ .. အဲလိုသတင်းတွေ ခဏခဏပေးပြီး ဒီအရပ်ဒီဒေသဟာ (ဒီတောအုပ်ဟာ) မြွေပေါပါလား၊ ကြောက်စရာကြီးပါလားဆိုတဲ့ ခံစားမှုမျိုးပေါ်လာအောင် လုပ်တာပါပဲ။ သတိထားဖို့က တောအုပ်အကြောင်း အပြည့်အစုံရှင်းပြတာ လုံးဝမဟုတ်ဘူးဆိုတာကိုပါ။ သတင်းပုံသွင်းတယ်ဆိုတာ အဲလိုမျိုးပါ။

တကယ်လည်း မဲရလဒ်တွေအရ သက်ကြီးပိုင်းအများစုနဲ့ အတန်းပညာနိမ့်တဲ့ လက်လုပ်လက်စား အလုပ်သမားတွေဟာ ခွဲထွက်ရေးကို မဲပေးခဲ့ပါတယ်။

Cambridge Analytica ရဲ့ မိခင်ကုမ္ပဏီ ဆိုတာ ဒီ့မတိုင်ခင်ကတည်းက နိုင်ငံပေါင်းစုံမှာ မဲအောင်နိုင်ရေးအတွက် ကူညီပေးတဲ့ ကုမ္ပဏီဖြစ်ပြီး ဒီလိုနည်းပညာကို အကြီးအကျယ်သုံးတာကတော့ ဒီကမ်ပိန်းနဲ့ အမေရိကရဲ့ ထရန့်အောင်နိုင်ရေးတွေမှာပါ။ နည်းပညာကို အကြီးအကျယ်သုံးပြီး အကြီးအကျယ်အောင်မြင်ခဲ့တယ်လို့ ပြောရပါ့မယ်။ အမေရိကမှာလည်း ဘယ်သူမှထင်မထားတဲ့ ထရန့်နိုင်ခဲ့ပါတယ်။ (အခုတော့ လူတွေရဲ့ကိုယ်ပိုင်သတင်းအချက်အလက်တွေကို အလွဲသုံးစားလုပ်မှုနဲ့ ဒီကုမ္ပဏီလည်း ဖျက်သိမ်းခံလိုက်ရပါပြီ)

ပြောချင်တာက တစ်ခွန်းတည်းပါ။

မနက်လင်းတာနဲ့ ဖေ့ဘုတ်ထပွတ်ကြတဲ့၊ ဆိုရှယ်မီဒီယာကြီးစိုးတဲ့ ဒီခေတ်ကြီးမှာ ကျနော်တို့လည်း သတင်းပုံသွင်းခြင်းခံရနိုင်ပါတယ်။

ဒါကြောင့် သတင်းအချက်အလက် (ဒေတာ)တွေကို ကျော်ပြီး ကြည့်သင့်ပါတယ်။

အထူးသဖြင့် ရွှေပြည်လို fake news တွေ၊ over generalization တွေ၊ oversimplification တွေ ပေါများတဲ့ဒေသမှာ သတင်းအချက် မှန်ခဲ့ရင်တောင် အဲ့ဒီသတင်းအချက်အလက်ကို နည်းနည်းလောက်ဖြစ်ဖြစ် ကျော်ပြီးကြည့်မှသာ အမှန်နဲ့ နီးပါလိမ့်မယ်။

တစ်က ဒီဒေတာတွေကို ဘယ်သူက ပြောတာလဲ (ပေးတာလဲ) ဆိုတဲ့အချက်ကို ကြည့်ရပါ့မယ်။ ဘာလို့လဲဆိုတာ့ ဒေတာတွေမှာ ကိုယ်ပိုင်ပါးစပ်မရှိပါဘူး။ အငှားပါးစပ်ပဲရှိပါတယ်။ ဒါကြောင့် ဘယ်သူပြောသလဲဆိုတာကို ကြည့်ပြီး စေတနာကို အကြမ်းခန့်မှန်းနိုင်ပါတယ်။

နှစ်က ဘယ်သူက ပြောပြော၊ ဒေတာဟာ အဓိပ္ပာယ်မပြည့်စုံသေးပါဘူး။ meaningful မဖြစ်သေးပါဘူး။ အဓိပ္ပာယ်ပြည့်စုံဖို့အတွက် နောက်ကွယ်က ဆက်စပ်အကြောင်းအရာတွေကို ဖြည့်တွေးရပါ့မယ်။

ဥပမာ - မင်းဇင်တို့ထုတ်တဲ့ MYANMAR QUARTERLY ဆိုတဲ့ စာစောင်ရှိပါတယ်။
အဲ့ဒီစာစောင်အမှတ် (၃) မှာ အစိုးရသစ် NLD ကို ဝေဖန်သုံးသပ်ထားတဲ့ review တစ်ခုပါပါတယ်။
စကော်လာတွေ ပညာတတ်တွေ ရေးတဲ့ဟန်အတိုင်း ပညာရပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ခန့်ခန့်ညားညားဆောင်းပါးကြီးပါ။

ဆောင်းပါးရဲ့လိုရင်းအချုပ်ကို ပြောရရင် အစိုးရမှာ ခိုင်မာတဲ့မူဝါဒ (အထူးသဖြင့်စီးပွားရေးမှာ) မရှိဘူး။ ဒါကြောင့် မအောင်မြင်ပါတဲ့။ သူထောက်ပြတဲ့အချက်က 2017-18 မှာ အစိုးရဘတ်ဂျက်လိုငွေ များလာတဲ့။ နိုင်ငံခြားရင်းနှီးမြှပ်နံမှု နည်းသွားတယ်။ သူအထူးထောက်ပြတာကတော့ 2008 ခြေဥရဲ့ အကန့်အသတ်ဆိုတာ စစ်ရေး၊ လုံခြုံရေးပိုင်းဆိုင်ရာမှာ ရှိနိုင်ကောင်း ရှိနိုင်ပေမယ့်တဲ့ (ရှိတယ်လို့တောင် ယတိပြတ်မသုံးဘူးနော် ) စီးပွားရေးပိုင်းမှာ ချုပ်နှောင်ထားမှုမရှိတဲ့အတွက် အစိုးရဟာ စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်နိုင်သင့်တယ်တဲ့။ အစိုးရအရွယ်အစား သေးသွားတာကိုလည်း negative view က ကြည့်ရေးသွားတယ်။

အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုပါပဲ။ ဒါပေမဲ့ ခြေဥမှာ စီးပွားရေးပတ်သက်လို့ တရားဝင်ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်မျိုးမရှိဘူးဆိုတာနဲ့ပဲ စစ်ရေး၊ လုံခြုံရေးဟာ စီးပွားရေးနဲ့ မဆက်စပ်ဘူးလို့ ဆွဲယူတာ ဘယ်လိုသီအိုရီအရလည်း ကျနော်တော့ နားမလည်ပါ။

စစ်တပ်ရဲ့ရခိုင်ကိစ္စမှာ ကိုင်တွယ်လုပ်ဆောင်ပုံတွေဟာ နိုင်ငံတကာထိ အကျိုးသက်ရောက်ပြီး ဒါဟာ နိုင်ငံတကာရင်းနှီးမြုပ်နံှမှုပေါ်မှာ သက်ရောက်နိုင်တယ်ဆိုတာ အလွယ်ခန့်မှန်းနိုင်ပါတယ်။

နောက်၊ သူပြောတဲ့ ဘတ်ဂျက် လိုငွေကိစ္စ။
အစိုးရဘတ်ဂျက်လိုငွေများလာရင် အစိုးရအဆက်ဆက်က ငွေစက္ကူတွေ ထုတ်ရိုက်တာပါပဲ။ သူက အလွယ်ဆုံးဖြေရှင်းနည်းကိုး။ ဒါပေမဲ့ ဒီနည်းဟာ ငွေဖောင်းပွ၊ ကုန်ဈေးနှုန်းကြီးစတဲ့ အကျိုးဆက်တွေကို ခံစားရစေတယ်။ ဦးသိန်းစိန်အစိုးရလည်း ဒီနည်းနဲ့ပဲ ဖြေရှင်းခဲ့တာ 205-16 မှာ ငွေစက္ကူရိုက်နှိပ်မှုဟာ 30% ကျော်ထိ ရှိခဲ့တယ်။ ဒါကြောင့်လည်း ငွေဖောင်းပွမှုနှုန်းဟာ 11.4% ထိရှိခဲ့တယ်။

စုအစိုးရဟာ အဲ့ဒီအခြေအနေကို ဆက်ခံရတယ်။ စုအစိုးရတက်ချိန်မှာ နိုင်ငံခြားအရန်ငွေကြေးက နှစ်လခွဲစာပဲရှိတယ်။ ဒီအခြေအနေကိုသာ မကိုင်တွယ်နိုင်ရင် macroeconomic stability ကို အကြီးအကျယ်ထိခိုက်စေမယ်၊ အစိုးရတစ်ဖွဲ့လုံးတောင် ဒေဝါလီခံရနိုင်တယ်လို့ ပါမောက္ခ Sean Turnell က ဆိုပါတယ်။

ဒါကြောင့် စုအစိုးရအောင် ငွေစက္ကူရိုက်နှိပ်ခြင်းကို လျော့ချခဲ့တယ်။ 2017-18 မှာ 12.8 ထိ လျော့ချခဲ့ပြီး ငွေဖောင်းပွနှုန်းကို 6.3 ထိ လျော့ချနိုင်ခဲ့တယ်။ (ညွှန်း Sean Turnell: Myanmar Economy 2017, Novotel Hotel)

ထားပါ၊ ကိန်းဂဏန်းတွေ ဖတ်ရလို့ မျက်စိနောက်ပါမယ်။ ပြောချင်တာက ဒေတာကို ဖြည့်ကြည့်ဖို့ပါ။

FDI ကျသွားတယ်ဆိုရင် စုအစိုးရက စွမ်းအင်လို၊ သတ္တုတူးတာလို သယံဇာတတူးဖော်ခြင်းတွေမှာ ရင်းနှီးမြုပ်နံှမှု မပေးတော့ အကြောင်းကို ဖြည့်ကြည့်ရပါမယ်။ အရင်က FDI ဆိုတာဟာ စွမ်းအင်ကဏ္ဍမှာ အများဆုံးပါ။

Myanmar Quartely (ဒါမှမဟုတ် ISP) ရဲ့ လက်ထောက်ဒါရိုက်တာက အစိုးရရဲ့မူဝါဒတွေ ခိုင်မာမှုမရှိလို့သာ ကောက်ချက်ဆွဲထားတာ၊ စုအစိုးရရဲ့ သန့်ရှင်းတဲ့အစိုးရ၊ ခရိုနီအခြေပြုစီးပွားရေးကနေ ပြည်သူအခြေပြုစီးပွားရေးကို ပြောင်းမယ်ဆိုတဲ့ ဝါဒတွေဟာ တကယ့်ကို လူပြောင်း၊ မူပြောင်း ဗျူဟာတွေပါ။ အောင်မြင်လား မအောင်မြင်လား စဉ်းစားချင်တယ် ဆို ဒီနှစ်ချက်ကို ဖြည့်စဉ်းစားပါ။

နိုင်ငံရဲ့စီးပွားရေးအဆင့်အတန်းကို နိုင်ငံတကာက ဆုံးဖြတ်တဲ့ အညွန်းကိန်း နှစ်ခုရှိပါတယ်။

တစ်ခုက အဂတိလိုက်စားမှု အညွန်းကိန်းနဲ့ နောက်တစ်ခုက Ease of Doing Business ပါ။
အဂတိလိုက်စားမှုအညွန်းကိန်းဟာ 2012 မှာ နိုင်ငံပေါင်း 176 မှာ အဆင့် 172 ၊
2019 မှာ အဆင့် 130 ထိ တက်လာခဲ့ပါတယ်။

Ease of Doing Business အညွန်းကိန်းဟာ 2014 မှာ အဆင့် 177 ချိတ်ပါတယ်။
2019 မှာ အဆင့် 165 ဖြစ်လာပါတယ်။

နောက်၊ စုအစိုးရက ရွေးကောက်ပွဲမှာ ခြေဥပြင်ဖို့၊ ငြိမ်းချမ်းရေးရဖို့စတဲ့ ကတိကဝတ်တွေ ပေးခဲ့ပါတယ်။
ဒါပေမဲ့ ထင်သလောက်ခရီးမပေါက်ခဲ့တာ အားလုံးအသိပါ။
စုအစိုးရဟာ အလကားအစိုးရပါ၊
ကတိကဝတ်တွေကို အကောင်အထည်မဖာ်နိုင်ခဲ့ဘူးလို့ ပြောရင် အဲ့ဒီ့ဒေတာ အမှန်ပါ။

ဒါပေမဲ့ ဒေတာရဲ့အဆက်အစပ်တွေဖြစ်တဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တပ်က အခရာ​ဖြစ်နေတယ်ဆိုတဲ့ အမှန်တရားကို
ပထမအကြိမ်ပင်လုံညီလာခံကို စပြီး ရက်ပိုင်းအတွင်းမှာပဲ KIA ကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တာတွေ၊
ကရင်မှာလည်း နယ်ခြားစောင့်တပ်နဲ့အစိုးရပေါင်းပြီး DKBA အပေါ် ထိုးစစ်ဆင်တာတွေကစလို့ ပင်လုံညီလာခံမှာ လက်နက်ကိုင်နဲ့ တပ်ကသာ အကြိတ်အနယ်ဆွေးနွေးကြတယ်ဆိုတဲ့ ပကတိနောက်ခံကားချပ်တွေကိုပါ ပြောပြဖို့လိုပါတယ်။

တခြားနိုင်ငံတွေလို အစိုးရနဲ့ လက်နက်ကိုင်တပ်ဆိုတဲ့ ဘက်နှစ်ဖက်သာ ဆွေးနွေးရတာမျိုးမဟုတ်ဘဲ အစိုးရ၊ တပ်၊ လက်နက်ကိုင်ဆိုပြီး သုံးပွင့်ဆိုင်ကြတဲ့ ကိစ္စမှာ အစိုးရရဲ့ အလွန်သိမ်မွေ့တဲ့အနေအထားကို ဖြည့်တွေးရပါမယ်။

စုအစိုးရဟာ တရားဥပေဒစိုးမိုးရေးကိုလည်း အထူးအလေးထားပါတယ်။
ဒါပေမဲ့ ဗစ်တိုရီးယားလို အမှုတွေ၊ နာမည်ကြီးဝရမ်းပြေးတွေကိုတောင် မဖမ်းနိုင်လောက်အောင် ညံ့ဖျင်းတဲ့ တရားဥပဒေစိုးမိုးရေးကို ကြည့်ပြီး စုအစိုးရဟာ ဒီနေရာမှာလည်း တယ်ရှော်တာပါပဲလို့ ပြောရင် အဲ့ဒီဒေတာအမှန်ပါ။

ဒါပေမဲ့ ဒေတာရဲ့အနောက်ကို ဆက်သွားကြည့်ရင် ဒီမြင်ကွင်းဟာ တရားဥပဒေစိုးမိုးရေးဟာ ဘယ်အထိပဲသြဇာရောက်နိုင်သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြပါတယ်။ ဒီလိုလူတွေ၊ ဒီလိုအင်စတီကျူးရှင်းတွေကို မကိုင်တွယ်နိုင်တာဟာ အစိုးရ ညံ့ဖျင်းလွန်းလို့လား၊ တစ်ဖက်က မတရားအခွင့်အရေးအကာကွယ်တွေ ရနေတာလို့လား ဆက်တွေးကြည့်ရင် နောက်ထပ်အမြင်တစ်မျိုးကို ရပါလိမ့်မယ်။

ပြောရရင် ရှည်ပါတယ်။
အချုပ်ပြောချင်တာက ဒေတာတွေရဲ့နောက်ကို နည်းနည်းလောက်ဖြစ်ဖြစ် သွားကြည့်ဖို့ပါ။

နောက်တစ်ခုက ရွေပြည်မှာ over generalization လုပ်ထားတဲ့ oversimplification လုပ်ထားတဲ့ သတင်းပုံသွင်း ပုံမျိုးလည်း ရှိပါသေးတယ်။

ဥပမာ - စည်းလုံးကြပါလို့ပြောရင် ဘယ်သူတွေနဲ့ စည်းလုံးရမှာလဲ ပြန်မေးရပါ့မယ်။
ပြည်သူတွေ ရန်မဖြစ်ကြနဲ့၊ မမုန်းကြနဲ့လို့ ပြောရင် ပြည်သူတွေက ဘယ်သူတွေနဲ့ ရန်ဖြစ်နေတာလဲ၊ ဘယ်သူတွေကို မုန်းနေတာလဲ ပြန်မေးရပါ့မယ်။ အားလုံးသိပေမယ့် တစ်ချို့မသိချင်ယောင်ဆောင်နေတဲ့အချက်ကိုလည်း ထပ်ပြောပါဦးမယ်။ ပြည်သူတွေက စစ်အာဏာရှင်တွေကိုသာ မုန်းတာပါ။ လူပုဂ္ဂိုလ်ကို မဟုတ်ပါဘူး။

ဥပမာ -  စစ်ဗိုလ်ကနေ အသွင်ပြောင်းလာတဲ့ ဦးသိန်းစိန်က မြစ်ဆုံကို ရပ်လိုက်တော့ (ရပ်တာနော်၊ စာချုပ်ပြင်ချုပ်တာမဟုတ်ဘူး၊ ဖျက်ပစ်တာမဟုတ်ဘူး) ဦးသိန်းစိန်ကို လက်ခုပ်တီးကြတဲ့သူတွေဟာ စစ်အာဏာရှင်ကို မုန်းတဲ့ပြည်သူတွေပါ။ ပြောချင်တာက ပြည်သူက သူတို့အပေါ် စေတနာတကယ်ရှိတဲ့သူ၊ အပြောင်းအလဲကို ဖော်ဆောင်ပေးသူလို့မြင်ရင် (အဲ့လောက်အပြောင်းအလဲကိုတောင်) ခွင့်လွတ်ပြီး အစွဲမထားဘဲ လက်ခုပ်တီးနိုင်သူတွေပါ။

စုအစိုးရဟာ စစ်တပ်နဲ့ ညှိမရဘူး၊ တယ်အာဃာတကြီးတာပဲဆိုရင် (ညှိမရဘူးဆိုတဲ့) အချက်အလက်ဟာ မှန်ပေမယ့်
ဘယ်ကြောင့်ညှိမရတာလဲ ဆိုတဲ့နောက်ကွယ်ကို နည်းနည်းသွားသင့်ပါတယ်။

ဥပမာ စုအစိုးရက လွှတ်တော်ထဲ တမတ်သားတွေ အကုန်ထွက်ဆိုပြီးတော့များ တင်းမာသလား။ ဖြည်းဖြည်းချင်း နောက်ဆုတ်ဖို့ ဆွေးနွေးသလား။ လွှတ်တော်ဆွေးနွေးပွဲတွေမှာ ဘယ်သူတွေက ဘယ်လိုသဘောမတူခဲ့သလဲ .. ဒါတွေကို ဖြည့်တွေးရပါ့မယ်။

ဒီလိုတွေပြောနေလို့ စုအစိုးရဟာ အားလုံးကောင်းပါသည်ခင်ဗျား ... လို့ ပြောနေတာ မဟုတ်ပါဘူး။
အမှန်တရားနဲ့ နီးအောင် သွားစေ့ချင်တာပါ။
ဒေတာတွေမှာ အငှားပါးစပ်ပဲရှိတယ်ဆိုတာလေး သတိထားစေ့ချင်တာပါ။

အဓိကက ရွေကောက်ပွဲနီးလာတဲ့အခါ fake news တွေအပြင် လိုချင်တာပဲ ကွက်ပေးတဲ့ သတင်းပုံသွင်းပုံတွေ၊ over generalization လုပ်ထားတဲ့ oversimplification လုပ်ထားတဲ့ သတင်းပုံသွင်း ပုံမျိုးတွေကို အများအပြားတွေ့ရပါလိမ့်မယ်။

အခုမှ မဲစပေးမယ့် လူငယ်အရေအတွက်ဟာ လေးသန်းကျော် ရှိပါတယ်။

သူတို့ရဲ့ပစ်မှတ်က အဲ့ဒီ first-time voters တွေကိုပါ။ first-time voters တွေပေါ် မူတည်ပြီး သတင်းပုံသွင်းခြင်းကို အကြီးအကျယ်လုပ်ပါလိမ့်မယ်။ ဒိလိုပြောလို့ ခုမှစလုပ်မယ်လို့ ပြောတာမဟုတ်၊ နဂိုကတည်းက တစိမ့်စိမ့်လုပ်လာတာကို အရှိန်တင်မယ့်လို့ပြောတာပါ။

ဒီ first voters တွေကိုသာ
အောင်အောင်မြင်မြင် သတင်းပုံသွင်နိုင်ခဲ့ရင် ရွေးကောက်ပွဲရလဒ်ဟာ အပြောင်းအလဲတွေဖြစ်သွားပါလိမ့်မယ်။

ဆက်စပ်ပြီးစဉ်းစားကြည့်ဖို့ကတော့ တစ်ဖက်က အသံကျယ်လာတဲ့ NO VOTE ကမ်းပိန်းနဲ့ပါ။
နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပါဘူး။

NO VOTE logic အကြောင်းကိုလည်း ဆက်ပြောချင်ပါသေးတယ်။