Breaking News

ဇင်လင်း - ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အောက်က ၂၀၂၀ ရွေးကောက်ပွဲ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး

စစ်တွေမြို့တွင်း တစ်နေရာကို ယမန်နေ့ (ဩဂုတ် ၂၀)က တွေ့မြင်ရစဉ် (ဓာတ်ပုံ - Myanmar Now)

ဇင်လင်း - ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အောက်က ၂၀၂၀ ရွေးကောက်ပွဲ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး

(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၀

မကြာမီ သမိုင်းတင်ရမည့် ၂၀၂၀ ပါလီမန်ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်။ အချိန်အားဖြင့် ရက် ပေါင်း ရှစ်ဆယ်ခန့်သာ လိုတော့သည်။ သို့ဆိုသော်လည်း ဤရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရုံဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရပြီဟု ဆိုလျှင် မှားလိမ့်မည်။ လက်ရှိ ဒီမိုကရေစီခရီးတွင် အဓိက ပိတ်ဆို့နေသည့် အရာမှာ ဒီမိုကရေစီနှင့် သဟဇာတမဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ ရွှေဟုဆိုသော်လည်း ကြေးတစ်မတ်သားရောနှောထားပါက ရွှေစင်ဟု မဆိုနိုင်သကဲ့သို့ဖြစ်သည်။ ယခုလည်း ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ မဝင်ဘဲ လွှတ်တော်နေရာ နှစ်ဆယ့်ငါး ရာခိုင်နှုန်းပေးထားရသည်ဖြစ်ရာ ရွေးကောက်တင်မြှာက်ခံကိုယ်စားလှယ် ရာနှုန်းပြည့်ဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် မဟုတ်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဒီမိုကရေစီ စစ်စစ် လွှတ်တော်ဟု ခေါ်၍မရနိုင်တော့ပေ။ သို့သော်လည်း အစိုးရ အဖြစ်တာဝန်ယူရသည့် အနိုင်ရပါတီအနေဖြင့်မူ ၁၀၀% တာဝန်ခံရပေသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြား ချက်အရ စင်္ကာပူ နိုင်ငံသို့ ၂၀၁၈ ခုနှစ် သြဂုတ် ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေးရက်ကြာ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း သြဂုတ်လ ၂၁ ရက်နေ့တွင် Grand Hyatt ဟိုတယ်၌ ပြုလုပ်သည့် ၄၃ ကြိမ်မြောက် Singapore Lecture ဟောပြောပွဲ တွင် “မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်များနှင့် ရှေ့ဆက်ရမည့်ခရီး” ဟူသော ခေါင်းစဉ်ဖြင့် ပြော ကြားခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနို်င်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို နိုင်ငံတကာ က သိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ရာစုနှစ်၏ နောက်ဆုံးလေးပုံ သုံးပုံကာလအတွင်း မြန်မာနိုင်ငံသည် အဓိက အကူးအပြောင်း သုံးခုကို ဖြတ်သန်းခဲ့ရပြီး လွတ်လပ်ရေးကြိုးပမ်းမှု အကူးအပြောင်းကာလ၊ စစ်အာဏာရှင်စနစ် အကူး အပြောင်းကာလတို့နှင့် နှိုင်းယှဉ်ကာ လက်ရှိ အကူးအပြောင်းကာလသည် အခက်အခဲများနှင့် အရှုပ်ထွေးဆုံး ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ရ ရက်နေ့စဉ်သတင်းက ဖေါ်ပြသည်။

Singapore Lecture မိန့်ခွန်း ထဲ၌ လက်ရှိ မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံ တကာက အထူးစိတ်ဝင်စားနေသော ရခိုင်ပြည်နယ် အကြပ်အတည်းအခြေအနေများကို နိုင်ငံတော်၏အတို်င်ပင်ခံ ပုဂ္ဂိုလ် က အဓိကထား ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာ့စီးပွားရေး ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ ကျန်းမာရေး ပညာရေး လူမှုရေး ဆိုင်ရာ စိန်ခေါ်ချက်များနှင့် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးတွင် တွေ့ကြုံရသော နိုင်ငံရေး စိန်ခေါ်ချက်များကို လည်း ရှင်းလင်း ပြောဆို ခဲ့ကြောင်း ကြားသိရသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ကို အဓိကထားလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူလက်ချာ မူဝါဒ ဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဖွဲ့စည်းပုံပြင်ရေးသည် အသွင်ကူးပြောင်းရေးအတွက် အဆုံးအဖြတ် ပေးမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု နိုင်ငံတော်၏ အတို်င်ပင်ခံပုဂ္ဂိုလ် က ပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့အစိုးရဲ့ ရည်မှန်းချက်တရပ်ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဒါကို ပြန်ပြီး အလေးထား ပြော ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အဆုံးသတ်တဲ့နေရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံတရပ် အပြီးသတ်ရေးဆွဲချမှတ်မှု ပါ၀င်ရမှာ ဖြစ်ပါတယ်။ အခုအထိတော့ ဒါ ဖြစ်မလာသေးပါ ဘူး။ ဒီအတွက် ညှိုနှိုင်းဆွေးနွေးမှုတွေနဲ့ တဖြေးဖြေးလုပ်သွားရမယ်လို့ ကျမတို့ ရည်မှန်းထားပါတယ်။” ဟု ဗွီအိုအေသတင်း သို့ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်မှတဆင့် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေခြင်း မပြီးမြောက်သေးသည်ကို မည်သို့သော နည်းလမ်းများဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားဖို့ရှိပါသလဲ” ဆိုသည့် စင်္ကာပူနိုင်ငံသား သံတမန် တဦး၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဖြေကြားသွားကြောင်း ဗွီအိုအေသတင်း၌ ဖေါ်ပြသည်။

“လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှှုန်း ပါ၀င်နေတာကို ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါ တယ်။ ဒါပေမယ့် ဒါတွေကို ဆက်လက်ညှိနှိုင်း မှုတွေကနေတဆင့် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မျက်ခြေမပြတ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နည်းမကျ တဲ့ အပိုင်းတွေ ရှိနေပါသေးတယ်။ ဒီအပိုင်းတွေက အတိတ်က စစ်တပ်နဲ့ ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီကဏ္ဍအားလုံးကို စေ့စပ်ညှိနှိုင်းပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

ဒီမိုကရေစီနိုင်ငံ တခုတွင် အရပ်သား အစိုးရအဖွဲ့အတွင်း တပ်မတော်ကိုယ်စားလှယ် ပါ၀င်ခွင့် မရှိသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုနေသော်လည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆက်လက် အားထုတ်လုပ်ဆောင်ကြရာ၌ အဖုအထစ်များ အခုအခံများကို ဆက်တိုက် ကြုံတွေ့နေရဆဲဖြစ်သည်။ ဒီမိုကရေစီ စံချိန် စံညွှန်းနှင့် ဆီလျော်သော အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်ရေးကိစ္စသည် အချိန်ယူ ဆောင်ရွက်သင့်သည် ဖြစ်သော် လည်း၊ ပြည်တွင်းစစ်ရေးပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားများ တောင်းဆိုနေသော နိုင်ငံရေးတန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး စသည်တို့ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ဆုံး ထွက်ပေါ်လာရေးသည် ပဓါနကျသည့် လိုအပ်ချက်ဖြစ်နေပေသည်။

ယခု ၂၀၂၀ သြဂုတ်လ ၁၃ ရက်နေ့ နေပြည်တော်၌ ကျင်းပသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှု ညှိနှိုင်းအစည်းအဝေး(JICM)တွင် ယင်းစာချုပ်မှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းကြောင်း ထင်ထင်ရှားရှားရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လမ်းစဉ်တစ်ခု အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူ ရှာဖွေနိုင်ခဲ့ပြီဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ဒီကနေ့မှာတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းတွေကနေ ကွဲပြား ခြားနားမှုတွေကြားက အားလုံးသဘောတူ လက်ခံနိုင်တဲ့ အဆင့်လိုက် လမ်းစဉ်တစ်ခု အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူ ရှာဖွေနိုင်ခဲ့ကြပါပြီ။ အဲဒါကတော့ နှစ်ဖက် ငြိမ်းချမ်းရေးအဖွဲ့တွေက တင်ပြလာခဲ့တဲ့ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး စတုတ္တအကြိမ်အစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ရဲ့ မူကြမ်းပဲ ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ဟာ ကျမတို့ ရင်ဆိုင်တွေ့ဆုံနေရတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ် ဆက်ပြီး ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှားဖော်ပြနိုင်တော့မှာဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ပြီးပြည့်စုံတဲ့ စာချုပ်ဖြစ်ပြီလားဆိုရင် မပြည့်စုံသေးဘူးဆိုတာ အမှန်အတိုင်း ရှုမြင်ကြဖို့ အမှန်အတိုင်း လက်ခံကြဖို့ လိုအပ်ပါတယ်။ ၂၀၂၀ အဆင့်အလိုက် အကောင်အထည်ဖော်မှုတွေမှာ အဆင့်လိုက် ခေါင်းစဉ်ကြီး ၈ ခုကို ဖော်ထုတ်နိုင်ကြပေမယ့် အသေးစိတ် ဆက်သွားကြရမယ့် လုပ်ငန်းစဉ်တွေကို ဆက်ပြီး ညှိနှိုင်းကြရဦးမှာဖြစ်ပါတယ်။ အဆင့်လိုက်သွားမယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်အချိန်မှာ ပြည်နယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဘယ်လို ရေးဆွဲကြမလဲ။ ပြည်ထောင်စုနဲ့ ပြည်နယ် အာဏာခွဲဝေမှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဘယ်လိုသွားကြမလဲ။ ဘယ်အဆင့်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးတွေကို ဘယ်လို ပုံစံနဲ့ လုပ်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေကို ဟန်ချက်ညီ ဖော်ဆောင်ဖို့ အသေးစိတ် ကျမတို့ ဆက်ပြီး ညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၂၀ နိုဝင်ဘာ (၈) တွင် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ ဆောင်ရွက်နေရ စဉ် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်တကွ နိုင်ငံတကာဆက်ဆံရေး အပါအဝင် ကဏ္ဍအသီးသီး၌ စိန်ခေါ်မှု အမျိုးမျိုးနှင့်လည်း ရင်ဆိုင်နေရပေသည်။ ထို့ပြင် ၂၀၂၀ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပြဿနာကိုလည်း သတိမလစ်စေဘဲ ကြီးကြပ်ဆောင်ရွက်နေရသည်။ အထူးသဖြင့် လာမည့် နိုဝင်ဘာအထိ ကိုဗစ်-၁၉ ရောဂါ မပျံ့ပွားရေး ဆက်လက် ထိန်းချုပ်ရန် လိုအပ်ပါက၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်ကို စီမံဆောင်ရွက်ရမည့် အခြေအနေဖြစ်လာနိုင်သည်။

လတ်တလော အရေးပေါ်နိုင်ငံရေး ကလိန်ဉာဏ်ဆင်မှုတစ်ခု ကိုလည်း လူထုအနေဖြင့် နားမယောင်မိစေရန် ရှင်းလင်း လမ်းပြရန်လိုနေသည်။ အခြားမဟုတ် လာမည့် ရွေးကောက်ပွဲတွင် ပြည်သူများအား မဲမပေးဘဲနေစေရန် No Vote Campaign လှုံ့ဆော်မှုများ ရှိနေသည်။ ဒီမိုကရေစီလူ့အဖွဲ့အစည်း တစ်ခုကို ဖန်တီးရာ၌ ပြည်သူလူထု၏ ဆန္ဒမဲဖြင့် တာဝန်ထမ်းဆောင်မည့် အစိုးရတစ်ရပ် လိုအပ်နေသည်။ လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရန် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ(CSOs)၏ ပူးပေါင်းကူညီဆောင်ရွက်မှု ရရှိရန် ကြိုးပမ်းသင့်သည်။

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မဲပေး ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဆိုပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည် ဟု သိရသည်။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲ ကျင်းပစဉ်ကာလများတွင် ပဋိပက္ခများ၊ အငြင်း ပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုလည်း ကော်မရှင်ကဆိုသည်။ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဆင့် ဆင့်ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်၍၊ မဲရုံလုံခြုံရေးအတွက် အထူးရဲများ ခန့်အပ်တာဝန်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ် သည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဆိုရှယ်မီဒီယာပေါ်၌ သတင်းအမှားများ၊ အမုန်းစကား ဖြန့်ဝေမှုများကို တားဆီးကာကွယ်ရန်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှန်ထုတ်ပြန်ခြင်းကို ကော်မရှင်ရုံးတွင် ထုတ်ပြန် ပေးလျက်ရှိသည််ဟု သိရသည်။ ရွေးကောက်ပွဲတွင် လူထုအကျိုးကို အမှန်တကယ် ဆောင်ရွက်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လူထုက ရွေးချယ်နိုင်ရန်သတင်းကျင့်ဝတ်နှင့်အညီ သတင်းဖေါ်ပြသော သတင်းမီဒီယာများ၏ အကူအညီ မရှိမဖြစ် လိုအပ်ကြောင်း ဂရုပြုသင့်သည်။ ယခု ၂၀၂၀ ရွေးကောက်ပွဲသည် လက်နက်မဲ့ စစ်ပွဲဖြစ်သည်။ နိုင်ငံရေးအမြင် အယူအဆ မတူညီကြသော နိုင်ငံရေးပါတီ များ အကြား အာဏာပိုင်ရေးအတွက် အကျိတ်အနယ် ယှဉ်ပြိုင်သည့် စစ်ပွဲဟု ဆိုနိုင်သည်။ ဒီမိုကရေစီ တည်ဆောက်ရေးဘက်နှင့် ဒီမိုကရေစီကျင့်စဉ်ကို ဆန့်ကျင်နေသော အာဏာရှင်အုပ်စုတို့အကြား နိုင်ငံရေးအာဏာရရှိရေးအတွက် အားပြိုင်ကြသည့် သမိုင်းဖြစ်ရပ်လည်း ဖြစ်သည်။

မျက်မှောက် အခြေအနေအရပ်ရပ်ကို ပေါင်းရုံးသုံးသပ်ရလျှင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသော် လည်း ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်နေဆဲ ရှိသည်။ အနည်းဆုံး ရွေးကောက်ပွဲနေ့ မတိုင်မီ စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံးဖြစ်နေသော ရခိုင်ပြည်နယ်တွင် ယာယီအပစ်အခတ် ရပ်စဲအောင်လုပ်သင့်သည်။ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲများကျင်းပနိုင်ရန် အစိုးရနှင့် တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော် AA နှင့် ညှိနှိုင်းဆွေးနွေးသင့်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိသည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နယ်မျှ မကျန်ရစ်စေဘဲ ဆန္ဒမဲပေးနိုင်ရန် ‘အစိုးရ’၊ ‘တပ်မတော်’ နှင့် ‘တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း’ (EAO) အားလုံး စိတ်သဘောထား ကျယ်ကျယ်ပြန့်ပြန့် ထား၍ ပူးပေါင်းဆောင်ရွက်မှသာ ပြည်သူအားလုံး ပါဝင်ခွင့်ရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပနိုင်မည်။ နိုင်ငံရေး ခေါင်းဆောင်အားလုံး စိတ်ရှည်မှု အမြင်ကျယ်မှုဖြင့် မတူကွဲပြားသည့် အမြင်များကို ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်မှသာ တစ်နိုင်ငံလုံး အပစ်ရပ်နိုင်မည်။ နိုဝင်ဘာ (၈) ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံးရှိ မဲဆန္ဒရှင်များ စိုးရိမ်မှု ကင်းစွာ ဆန္ဒမဲပေးနိုင်မည်။

ယင်းသို့သော အခြေအနေများကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ရခိုင် ပြည်နယ်တွင် ကျင်းပရန် အစိုးရနှင့် တပ်မတော် (သို့မ ဟုတ်) ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရက္ခိုင့်တပ်တော် AA နှင့် ညှိနှိုင်းဆွေးနွေးရန် နည်းလမ်းရှာ သင့်သည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)အ နေဖြင့် အကြမ်းဖက်လုပ်ရပ်များ မပြုလုပ်ရန် အစိုးရက သတိပေးလျှက်ရှိ သည်။ ဩဂုတ် ၂၁ရက်ကပြုလုပ် သည့် ၂၁ရာစုပင်လုံညီလာခံ သတင်းစာရှင်းလင်းပွဲ၌ ရခိုင်ဒေသ အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းစဉ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ထိုသို့ သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုအခါ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါ စိုးရိမ်ရသည့် အခြေအနေသို့ရောက်ရှိနေသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မိပြီး အလေးထားဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောသည်။ စစ်တွေနှင့် မြောက်ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ရက်ဆက်တွေ့လာရသည်ဟု ဆိုသည်။ သြဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းတစ်ပတ်အတွင်း ကိုဗစ်လူနာ ၄၅ ဦးရှိလာသည်ဟု သတင်းများ၌ ဖေါ်ပြသည်။

ဩဂုတ်လ ၂၁ ရက်နေ့က စစ်တွေမြို့ပေါ်၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ကြောင်း သတင်းများအရ သိရသည်။ တစ်မြို့လုံး အပြင်မထွက်ကြဘဲ နေအိမ်အတွင်း၌သာ နေကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၂၂ ရက် နေ့စွဲပါ ကြေညာချက် ကို စစ်တွေမြို့တွင် သက်ဆိုင်ရာအာဏာပိုင်တို့က ထပ်ဆင့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် တစ်ခုလုံး တွင် ကိုရိုနာ-၁၉ ရောဂါ ကူးစက်ခံရသူ ၆၁ ဦး ရှိ၍ သြဂုတ် ၂၂ ရက်အထိ တစ်နိုင်ငံလုံး ကူးစက်ခံရသူ ၄၃၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။ 

ယင်းသို့သော အခြေအနေတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနေဖြင့် ပြည်သူလူထု၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးသင့်ပြီဖြစ်သည်။ တိုက်ပွဲများ ယာယီမျှဖြစ်စေ ရပ်စဲနိုင်ရန် ကြားခံ အဖွဲ့များမှတဆင့် ဆွေးနွေးသင့်ပေသည်။ စစ်တွေနှင့် မြောက်ဦးမြို့များတွင် ကိုရိုနာ-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသူ များပြား လာသဖြင့် ထိုမြို့နယ်များရှိ ရခိုင်စစ်ရှောင်ဒုက္ခသည်စခန်းများ နှင့် မူစလင်ဒုက္ခသည်စခန်းများတွင် ရောဂါကူးစက်မှု အခြေအနေဆိုးရွားလာမည်ကို စိုးရိမ်နေကြရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသနိုင်ရေးကိစ္စနှင့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နယ်မျှ မကျန်ရစ်စေဘဲ ဆန္ဒမဲပေးနိုင်ရန်ကိစ္စတို့အတွက် အစိုးရ၊ တပ်မတော် နှင့် AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး စိတ်သဘောထားကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ကြရမည့် အချိန်ရောက်နေပြီဖြစ်သည်။ ပြည်သူ အားလုံး ပါ၀င်ခွင့်ရရှိသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် သက်ဆိုင်သူအားလုံး၏ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှု၊ အမြင်ကျယ်မှုနှင့် ဒီမိုကရေစီလိုလားမှု စသည်တို့လိုအပ်သည်။ 

မတူကွဲပြားသည့် အမြင်များကို ဆွေးနွေးညှိနှိုင်း အဖြေရှာ ရေး(Dialogue)နည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်မှသာ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ရနိုင်မည်။ ကိုဗစ်-၁၉ ကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် နိုင်ငံနှင့် ပြည်သူတို့အကျိုးကို ရှေ့ရှုလျှက် AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် အမြန်ဆုံး အပစ်ရပ်ရေး ကြိုးပမ်းသင့်သည်။ နိုင်ငံတော်၏ အနာဂတ်ခရီး ဖြောင့်ဖြူးစေရန် တစ်နိုင်ငံလုံး ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာပေးမည်ဆိုပါက နတ်လူသာဓုခေါ် သည့် ကိန်း ဆိုက်လိမ့်မည်ဟု သုံးသပ်မိပါသည်။။။။