Breaking News

ကယ်လီဖိုးနီးယား ဆန်ဖရန်ဘေးဧရိယာ တောမီးပတ်လည်ဝိုင်း


ကယ်လီဖိုးနီးယား ဆန်ဖရန်ဘေးဧရိယာ တောမီးပတ်လည်ဝိုင်း

(မိုးမခ)ဩဂုတ် ၂၃၊ ၂၀၂၀

ယခင်တပတ်ကျော်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ မှာ အပူချိန်မြင့်ခဲ့ပြီး အပူဒီကရီ ၁၀၀ ဝန်းကျင် စံချိန်တင်ခဲ့ပါတယ်။ သည်နောက် လွန်ခဲ့တဲ့ တပတ်က အပူလွန်ပြီး လေဖိအားကျဆင်းလို့ ဘေးဧရိယာမှာ လေပြင်းများတိုက်ခတ်ပြီး မိုးကြိုးများ အကြိမ် သောင်းချီပြီး (၁၆,၀၀၀ ကျော်ခန့်) ပစ်ခဲ့ပါတယ်။ အဲသည် မိုးကြိုးများ အပူသင့်သစ်တောများအပေါ်ကျရောက်ပြီး တောမီးများ ထလောင်ရာကနေ ဘေးဧရိယာ၏ အရပ် ၈မျက်နှာပတ်လည်က ဒေသများမှာ တောမီးများလောင်ကျွမ်းရာမှာ ဧကပေါင်း ၁ သန်းနီးပါး ရှိသွားပါပြီ။ မီးခိုးများဟာလည်း ပတ်ဝန်ကျင်အနှံ့ကို ပြန့်ပြီး လေထုညစ်ညမ်းမှုပါ ဖြစ်ပွားလို့ ရပ်နီးရပ်ဝေးလူအများ အသက်ရှုရ ခက်ခဲနေကြပါတယ်။ အိုးအိမ်အများအပြားမီးလောင်ပြီး လူပေါင်း ၁သိန်းခန့် နေအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် လူတွေကို အနီးကပ်မနေကြဖို့ ညွှန်ကြားထားသော်လည်း မီးဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးအလုပ်တွေကိုတော့ အတတ်နိုင်စွမ်း သတိထားပြီး စောင့်ရှောက်မှုပေးနေတာကိုတွေ့ရပါတယ်။

လက်ရှိမှာ မီးသတ်သမား ၁၃,၇၀၀ က နေရာအနှံ့က မီးလောင်မြေတွေကို ငြိမ်းသတ်နေကြပါတယ်။ မီးလောင်နေတဲ့ ဒေသက ၂၄ နေရာ ရှိနေပါတယ်။ အဆိုးဆုံးနေရာက ၅ ခု ရှိပါတယ်။ ခုထိ မီးကို မထိန်းနိုင်သေးပါဘူး။ အခြားပြည်နယ်မီးသတ်တွေအပြင် ကနေဒါနိုင်ငံကိုပါ အကူတောင်းထားပါတယ်။ ပြည်နယ်စောင့်တပ်တွေကိုလည်း ဆင့်ထားတယ် ဆိုပါတယ်။ လေယျာဉ်ပျံတွေ သုံးပြီး မီးသတ်ဆေးတွေ ဖြန့်ကျဲတာနဲ့ ဖြေရှင်းနေကြပါတယ်။ 



ဆန်ဖရန်စစ္စကိုမြို့တော်ကို ဗဟိုထားကြည့်ရင် LNU lightening complex အမည်နဲ့ မီးက ဧက ၃သိန်းကျော်ကို လောင်နေပြီး မြို့တော် မြောက်ဘက်မှာပါ။  မြို့ တောင်ဘက်မှာကတော့ SZU complex လို့အမည်ပေးတဲ့မီးက ဧက ၆သောင်းကျော်ကို လောင်နေပြီး ဆန်တာခရုဇ်မြို့အနားက တောင်တန်းမှာ လောင်နေပါတယ်။ အဲသည် ထဲမှာ မြန်မာတောင်ပုလုဘုန်းကြီးကျောင်းရှိပါတယ်။ အဲသည်က ဘုန်းကြီးတွေကတော့ ဖရီးမောင့် ကုသလကာရီကျောင်းမှာ မီးဘေးရှောင်နေတယ် ဆိုပါတယ်။ မြို့တော်အရှေ့တောင်ဘက်က SCU complex မီးက ဆီလီကွန်ဗယ်လီနဲ့ ဖရီးမောင့်အရှေ့ဘက်မှာ လောင်နေပါတယ်။ သူက ဧက ၃ သိန်းနီးပါး တောမြေတောင်တန်းတွေ နဲ့ လူနေအိမ်တွေကို ခြိန်းခြောက်နေပါတယ်။ ဒါအပြင် ဆန်ဖရန်မြို့တော် ၏ အရှေ့မြောက်ဘက်မှာ ပြည်နယ်မြို့တော် ဆက္ကရန်မန်တို၏ အောက်ဘက်က ဗေးကာဘီးလ်မီးကလည်း လောင်ကောင်းတုန်း ဆိုပါတယ်။ အဲသည် ဆက္ကရန်မန်တိုမြို့တော်နားက မြန်မာဘုန်းတော်ကြီးကျောင်းကတော့ မီးဘေးရှောင်တွေကို ကြိုဆိုပါကြောင်း ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်ထားပါတယ်။