Breaking News

အောင်ဝေး - မစ်ရှီဂန်မဲဇာ (၃) (၄)


အောင်ဝေး - မစ်ရှီဂန်မဲဇာ (၃) (၄)

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၀


မ စ် ရှီ ဂ န် မဲ ဇာ - ၃
အား ... ဘယ်လို ညကြီးလဲ။

အမေရိကန်လူမည်းအပျိုမ
မက်ဒေါ်နယ်ဟမ်ဘာဂါ ကိုက်ဖို့
ပါးစပ်ကို ဟဖြဲလိုက်တဲ့အခိုက်။

၀ပြဲပြဲ မှောင်မိုက်မိုက်သုညထဲ
ဆင်းရဲတွင်းနက်သလို
ညက နက်လေရဲ့။

ဟိုဘက်ရပ်ကွက်
အမေရိကန်လူမည်းအများစုနေတဲ့
ဟိုဘက်ရပိကွက်မှာ
911 အရေးပေါ် မီးသတ်ကားတွေ
လူနာတင်ကားနဲ့ ရဲကားတွေ
မီးရောင်တွေ တလက်လက်နဲ့။

ကိုဗစ်ရောဂါသည်ချင်း
သေနတ်ချင်း ယှဉ်ပစ်ကြသတဲ့
သတင်းက ချက်ချင်း
ခြံစည်းရိုးကျော်ပြီး လွင့်လာတယ်။

ယောကျ်ားချင်း ချစ်လို့ရတဲ့ ဥပဒေမှာ
ယောကျ်ားချင်း ပစ်တာပဲ။

စိတ်ဆင်းရဲလိုက်တာ
မိုးက မလင်းတော့ဘူး။ ။

(သြဂုတ် ၁၈၊ ၂၀၂၀)


မ စ် ရှီ ဂ န် မဲ ဇာ - ၄

နွားသိုးနှင့်မိုး၊ အစိုးမရ။ မြန်မာဆိုရိုးစကားရှိသည်။
အမေရိကမှာ မိုးက ကျနော့်တို့ မြန်မာပြည်မှာလို ရာသီ အချိန် ကာလ သတ်သတ်မှတ်မှတ် မရှိ။ အမေရိကမှာက နွေဦး(Spring)၊ နွေ(Summer)၊ ဆောင်းဦး(Fall)၊ ဆောင်း(Winter) ဆိုပြီး ရာသီ (၄)မျိုးရှိသည်။ မိုးက ထိုရာသီတိုင်းမှာ ရွာတတ်သည်။

အမေရိကန်မိုး၊ အစိုးမရတော့သည်။ အမေရိကန်မှာ နောက်ထပ် အစိုးမရတာတစ်ခုက သေနတ်။ Gun။ အချိန်မရွေး သေနတ်ပစ်ခတ်မှုတွေ( Shootings)တွေ ဖြစ်နိုင်သည်။ ကျနော် ပြည်တွင်းမှာတုန်းက၊ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်က ကိုလမ်ဘိုင်းအထက်တ်းကျောင်း သေနတ်ပစ်ခတ်မှုသတင်းကို ကြားခဲ့ ဖတ်ခဲ့ဖူးသည်။ ၁၉၉၉ ဧပြီ ၂၀။ ၁၅ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ။

အမေရိကမှာ ဥပဒေနှင့်ညီလျှင်၊ လူတိုင်း သေနတ်ဝယ်နိုင်သည်။ လူတိုင်းသေနတ်ကိုင်နိုင်သည်။ သူရို့ဖွဲ့စည်းပုံဥပဒေမှာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ပြဋ္ဌာန်းထားသည်။ ကျနော် ၂၀၀၈ အမေရိက ရောက်လာပြီးတော့လည်း School Shooting, Mass Shooting သတင်းတွေ ခဏခဏကြားရသည်။ (ကိုယ့်အနား ကပ်ပစ်နေတာတော့ မကြုံဖူးသေး)

အမေရိကန် အစိုးရနှင့်လူထုကြားမှာ၊ သေနတ်ထိန်းချုပ်လိုသူနှင့် သေနတ် လွတ်လပ်လိုသူတို့ အငြင်းပွားဆဲ။ အားပြိုင်ဆဲ။ အမေရိကန်ပြည်ထောင်စု မှာ National Rifle Association(NRA) အမျိုးသား သေနတ် အသင်း
ဆိုပြီးရှီသည်။ NRA က သေနတ်ထိန်းချုပ်တာ(Gun Control) ကို လက်မခံ။ NRA က သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသည်။ ထောက်ပံ့သည်။ NRAကို ဘယ်သူမှ မယှဉ်နိုင်။ သေနတ်ယဉ်ကျေးမှုက အမေရိကန်
ယဉ်ကျေးမှု ဖြစ်နေသည်။

ယခု။ ၂၀၂၀။ ကိုဗစ် 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကြီး ကမ္ဘာအနှံ့ ပျံ့ပွား ကူးစက်လာလို့၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက၊ Global Pandemic ကမ္ဘာ့ကပ်ရောဂါဘေးလို့၊ (မတ်လ ထဲမှာ)ကြေညာလည်း ကြေညာလိုက်ရော၊ အမေရိကမှာ သေနတ်တွေ၊ သေနတ်တွေ ရောင်းကောင်းလိုက်ကြ
တာ မပြောပါနှင့်တော့။

ကပ်ကြီးဖြစ်လျှင်၊ စီးပွားပျက်မည်။ လူတွေ အလုပ်အကိုင်မဲ့ဖြစ်မည်။ အငတ်ဘေးဆိုက်မည်။ လူတွေက ငတ်လာရင် လုကြ ယက်ကြမည်။ အကြမ်းဖက်ကြတော့မည်။ အဲဒီလို အမေရိကန်လူကုံထံတွေ၊ လူလတ်တန်းစားတွေက တွေးမြင်ကြသည်။ သူတို့အသက်အိုးအိမ်စည်းစိမ်ကို သူတို့ကာကွယ်ဖို့လိုလာသည်။ သည်တော့ အဲဒီအမေရိကန်တွေ သေနတ်တွေ၊ ကျည်ဆန်တွေ အပြေးအလွှား ဝယ်ယူကုန်ကြတော့သည်။

ကျနော်တို့နှင့်က တခြား။ ကျနော်တို့ အမေရိကန်မဟုတ်တဲ့ အာရှသားတွေက ဆန်တွေ၊ ဆီတွေ၊ စားနပ်ရိက္ခာတွေ ပြေးဝယ်တာလောက်ပါပဲ။ သည်လူတွေ တွေးခေါ်ပုံနှင့်၊ ကျနော်တို့ အာရှသားတွေ တွေးခေါ်ပုံချင်း
မတူ။ သူတို့က ကပ်ဘေးဆိုးကြီးကို သေနတ်နှင့် အဖြေရှာချင်သည်။ ကျနော်တို့က ကိုယ်ချင်းစာတရားနှင့် အဖြေရှာချင်တာ။ သူတို့က သေနတ် နှင့်ကာကွယ်လျှင် လုံခြုံဘေးကင်းမည်ဟု ယူဆသည်။ ကျနော်တို့က
ကိုယ်ချင်းစာတရား၊ မေတ္တာတရားနှင့်ကာကွယ်မှ ဘေးကင်းမည်၊ လုံခြုံမည် ယုံကြည်တာ။ မတူ။

ထို မတူသည့် လူ့အဖွဲ့အစည်း အမြင် နှစ်ခုကြာတွင်၊ ကျနော်က သေနတ်ဆန့်ကျင်ရေးကဗျာတစ်ပုဒ် ရေးလိုက်သည်။ (ထိုစဉ်က ကျနော် Lansing Community College မှာ Creative Writing မေဂျာနှင့် ဘွဲ့ကြိုတန်း တက်နေချိန်ဖြစ်သည်) အတန်းထဲမှာ Assignment တင်ရသည်။ ကျနော်က ထိုသေနတ်ဆန့်ကျင်ရေးကဗျာကို တင်လိုက်သည်။ ထိုဘာသာရပ်ပို့ချသူ ပါမောက္ခမှာ အငြိမ်းစား အမေရိကန်ရေတပ်၊ ရေငုပ်သဘောင်္အရာရှိ
တစ်ဦးဖြစ်သည်။ ပါမောက္ခက အတန်းရှေ့ထွက်ပြီး ထိုကဗျာကို ဖတ်ခိုင်းသည်။ ကျနော် ဖတ်လိုက်သည်။ ကဗျာအဆုံးမှာ ကျနော်က NRA- National Rifle Association အမျိုးသားသေနတ်အသင်းကို၊ အမျိုးသား
အသုဘအသင်းဟု သရော်ရေးလိုက်သည်။ အတန်းထဲမှာ ဆူညံပူညံ အသံတွေ ထွက်လာသည်။ ပါမောက္ခ William Lapham က အတန်းကို ထိန်းလိုက်သည်။

၂၀၁၇ အောက်တိုဘာ (၁)ရက်နေ့၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗေးဂတ်စ်မြို့၊ Mandalay Bay Hotel ရှေ့မှာ ကျင်းပနေတဲ့၊ ကန်းထရီးဂီတပွဲတော် က ပရိသတ်ထဲကို၊ ဟိုတယ်(၃၂)ထပ်ပေါ်ကနေ၊ သေနတ်သမား
Stephan Padock (အသက် ၆၄ နှစ်)ဆိုသူက ပစ်လို့၊ သူအပါအဝင် (၅၉) ဦးသေ၊ (၄၁၃)ဦး သေနတ်ဒဏ်ရာရ။ အဲဒီ အဖြစ်အပျက်ကို ကျနော်က ကဗျာရေးလိုက်ခြငိးဖြစ်သည်။ ကျနော့်ကဗျာကို သေနတ်ကြိုက်သူက
မကြိုက်။ သေနတ်မကြိုက်သူက ကြိုက်သည်။ (Michigan State University- East Lansing မှာ နှစ်စဉ်ကျင်းပသည့် အနုပညာပွဲတော် မှာ ထုတ်ဝေသည့် ၂၀၁၈ အတွက် ကဗျာစာအုပ်ထဲမှာ ဒီကဗျာ ရွေးချယ်
ဖော်ပြခံရပါတယ်)

ကျနော်က မြန်မာဖြစ်၍၊ မြန်မာလိုပဲ မြင်သည်။ သေနတ်ဆိုတာ ... ။
မသာလက်နက်။
လူသတ်လက်နက်။ ။

(သြဂုတ် ၂၀၊ ၂၀၂၀)