Breaking News

ဧရာ(မန္တလေး) - စရိုက် ၆-ပါးနဲ့ ကမ္မဋ္ဌာန်းတွေ


ဧရာ(မန္တလေး) - စရိုက် ၆-ပါးနဲ့ ကမ္မဋ္ဌာန်းတွေ

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၀

စရိုက် ၆-ပါးနဲ့ ကမ္မဋ္ဌာန်းတွေ အကြောင်းကို သိချင်တယ် ဆိုလို့ပါ။ တိတိကျကျ အသေးစိတ်သိချင်ရင်တော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ကမ္မဋ္ဌာန်းပိုင်းမှာ ဖတ်ကြည့်စေချင်ပါတယ်။

စရိုက်အားလျော်စွာ ကမ္မဋ္ဌာန်း ရွေးနိုင်ဖို့အတွက် “ရာဂ, ဒေါသ, မောဟ, သဒ္ဓါ, ဗုဒ္ဓိ, ဝိတက်” ဆိုပြီး အခြေခံစရိုက် ၆-မျိုးခွဲပြထားပါတယ်။ ဒါပေမယ့် လူတစ်ယောက်က စရိုက်တမျိုးတည်း ရှိနေတတ်တာတော့ မဟုတ်ပါဘူး။ အဖြစ်များရာ, ထင်ရှားရာကိုသာ ထုတ်ပြီးပြောတာပါ။ ဒီ ၆-မျိုးကို combination (မိဿက) တွဲပြီး စရိုက် ၆၃-မျိုး (2⁶ – 1 = 63) လို့ ထပ်ခွဲနိုင်ပါတယ်။ (အဘိဓမ္မာဝတာရဆရာကတော့ ဒီလိုတွဲပြီး မိဿကစရိုက်တွေ ခွဲပြနေတာက သိပ် အကျိုးမထူးဘူး ဆိုပြီး ၆-မျိုးပဲ ပြပါတယ်)။

★ #ရာဂစရိုက် က attraction သဘော၊ ဝတ္ထုအာရုံ ကာမဂုဏ်မှာ မွေ့လျော်တဲ့ သဘောရှိတယ်။ အာရုံတွေကို ရှာမှီးတဲ့သဘော, မစွန့်လွှတ်တဲ့ သဘောရှိတယ်။ အနေအထိုင် သိမ့်မွေ့နူးညံ့ပြီး, သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်တယ်။ ပြုံးပြုံးရွှင်ရွှင် ပျော်ပျော်ပါးပါး နေတယ်။ ဂုဏ်ပကာသန မက်မောတယ်။ ဟန်များတယ်။

ရာဂစရိုက် ရှိသူတွေက အကောင်းမြင်တတ်, ကောင်းကွက်ကို ရှာတတ်လို့ ဘုရား, တရား, သံဃာ, ဒါန, သီလ, ဘာဝနာ စတာတွေရဲ့ ဂုဏ်ကျေးဇူးကို ကြည်ညိုတတ်တဲ့ #သဒ္ဓါစရိုက် နဲ့ နီးစပ်တယ်။ ရာဂစရိုက်ရှိသူတွေ ကုသိုလ်ပြုရင် သဒ္ဓါအား ကောင်းနေတတ်တယ်။ ထို့အတူပဲ သဒ္ဓါစရိုက် ရှိသူတွေက အကုသိုလ်ပြုရင် သဒ္ဓါလွန်လို့ ကျွံပြီး တဏှာရာဂ ဖက်ကို တိမ်းသွားတတ်တယ်။

★#ဒေါသစရိုက် ကတော့ Repulsion/Aversion အာရုံတွေကို တွန်းကန်ဆန့်ကျင်တဲ့ သဘော ရှိတယ်။ အဆိုးမြင် အပြစ်ရှာတတ်တယ်။ ခက်ထန် ကြမ်းတမ်းတယ်။ အလျှင်စလို လုပ်တတ်တယ်။ တခုခုကို လက်လွတ်စပယ် လုပ်ပြီးမှ ကိုယ့်ကိုယ်ကို မကျေမချမ်း ဖြစ်နေတတ်တယ်။ သူတပါးအပေါ် မနာလို ဝန်တိုမှုများတယ်။

ဒေါသစရိုက်ရှိသူက အာရုံတွေနောက်ကို မလိုက်ဘဲ ရှောင်ရှားတဲ့ သဘောရှိသလို၊ #ဗုဒ္ဓိစရိုက် ရှိသူတွေကလည်း အာရုံတွေရဲ့ အပြစ်ကို မြင်ပြီး ငြီးငွေ့တဲ့သဘောနဲ့ ရှောင်ရှားလို့ သဘောချင်းနီးစပ်တယ်။ ကွာခြားတာကတော့ ဒေါသစရိုက်က မြင်မြင်သမျှ မဟုတ်မဟုတ် အပြစ် ရှာချင်နေပြီး၊ ဗုဒ္ဓိစရိုက်ကတော့ တကယ်ရှိနေတဲ့ အပြစ်ကို မှန်မှန်ကန်ကန် ဖော်ထုတ်ပြီး မြင်တတ်တယ်။ ဒေါသစရိုက်ရှိသူက ကောင်းတာလုပ်တဲ့ အခါမှာ အာရုံပေါ်မှာ လွတ်လွတ်ကျွတ်ကျွတ်နဲ့ ဉာဏ်ဝင်နိုင်သလို၊ ဗုဒ္ဓိစရိုက်ရှိသူတွေ အဆိုးဖက် ရောက်သွားရင်လည်း အရာရာကို အပြစ်မြင်ပြီး မထောက်မညှာ ဝေဖန်တတ်တဲ့ သဘောရောက်သွားတတ်တယ်။

★ #မောဟစရိုက် က အာရုံနောက်ကို လိုက်တာလည်း မဟုတ်၊ အာရုံတွေကို ဆန့်ကျင်နေတာလည်း မဟုတ်ဘဲ တွေဝေရှုပ်ထွေးနေပြီး အာရုံပေါ်မှာ ကျကျနန သက်ဝင်နိုင်ခြင်း မရှိတဲ့ Delusion သဘောရှိတယ်။ မောဟစရိုက် ရှိသူတွေက သပ်သပ်ရပ်ရပ် မရှိဘဲ၊ ရှုတ်ရှုတ်ပွပွ ဖရိုဖရဲ နေတတ်တယ်။ တက်တက်ကြွကြွ အမူအယာမရှိဘဲ လေးလံ ထိုင်းမှိုင်းပြီး ပျင်းရိပျင်းရွဲ နေတတ်တယ်။ စိတ်ပျံ့လွင့်ပြီး နေတတ်တယ်။

အာရုံကို ကျကျနန သက်ဝင်နိုင်စွမ်း မရှိရာမှာ မောဟစရိုက်က #ဝိတက်စရိုက် နဲ့ သဘောချင်း နီးတယ်။ ဝိတက်စရိုက်က စဉ်းစားတွေးခေါ်တာလို့ ဆိုပေမယ့်၊ အကောင်းဖက်မှာ အာရုံတခုတည်းကို စူးစိုက်တွေးခေါ်တာမျိုး ဖြစ်နိုင်သလို၊ အဆိုးဖက်ကကြည့်ရင်တော့ အာရုံတစ်တည်းမှာ မနေနိုင်ဘဲ တောင်တောင်အီအီ စဉ်းစား တွေးခေါ်နေတတ်တယ်။ ဒါကြောင့် ဝိတက်နဲ့ မောဟစရိုက် ပေါင်းမိရင် အတွေးထဲမှာ မျောပြီး စိတ်ပျံ့လွင့်နေတာမျိုး ဖြစ်စေ၊ ဇဝေဇဝါ သံသယဝင်နေတာမျိုး ဖြစ်စေ ဖြစ်သွားနိုင်တယ်။ ဝိတက်စရိုက် ရှိသူက ဗုဒ္ဓိနဲ့ တွဲမိရင်တော့ သမ္မာဒိဋ္ဌိရဲ့ ဦးဆောင်မှုနဲ့ သမ္မာသင်္ကပ္ပ ဖက်ကို ရောက်သွားနိုင်တယ်။ ဝိတက်စရိုက် ရှိသူတွေက စကားများတယ်၊ အပေါင်းအဖော် မက်တယ်။

စရိုက်အလိုက် ကမ္မဋ္ဌာန်းရွေးတယ် ဆိုတာက ရာဂ, ဒေါသ, မောဟ, ဝိတက်တို့ရဲ့ အားနည်းချက်တွေနဲ့ ဆန်ကျင့်ဖက် ကမ္မဋ္ဌာန်းအာရုံ၊ သဒ္ဓါ, ဗုဒ္ဓိ, ဝိတက်တို့ရဲ့ အားသာချက်နဲ့ လိုက်ဖက်တဲ့ ကမ္မဋ္ဌာန်းအာရုံကို ရွေးတာပါပဲ။

🍀 သဒ္ဓါစရိုက် ရှိသူတွေက ဂုဏ်ကျေးဇူးကို ကြည်ညိုတဲ့ သဘောရှိလို့ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ ကမ္မဋ္ဌာန်းတွေနဲ့ သင့်လျော်ပါတယ်။

🌺 ရာဂစရိုက် ရှိသူတွေကတော့ တွေ့ကြုံတဲ့ အာရုံတွေပေါ်မှာ ငြိတွယ်သာယာနေတတ်တဲ့ သဘောရှိလို့ ဒီရာဂတွေကို ပယ်ဖျောက်နိုင်ဖို့ အသုဘကမ္မဋ္ဌာန်း, ၃၂-ကောဋ္ဌာသကို ရှုမှတ်တဲ့ ကာယဂတာသတိ ကမ္မဋ္ဌာန်းတွေနဲ့ သင့်တော်ပါတယ်။

🍀 ဗုဒ္ဓိစရိုက် ရှိသူတွေက နက်နက်နဲနဲ ပိုင်းခြားဝေဖန်ရတဲ့ မရဏာနုဿတိ, ဥပသမာနုဿတိ, ဓာတ်ကမ္မဋ္ဌာန်း, အာဟာရကို စက်ဆုပ်ဖွယ် အဖြစ် ရှုရတဲ့ အာဟာရေပဋိကူလသညာတွေနဲ့ သင့်တော်ပါတယ်။

🌺 ဒေါသစရိုက် ရှိသူတွေက ဒေါသကို ပယ်ဖျောက်ပြီး စိတ်ကိုငြိမ်ဝပ် အေးချမ်းစေနိုင်တဲ့ မေတ္တာ, ကရုဏာစတဲ့ ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်းလေးပါး၊ အပြာ (အညို), အဝါ, အဖြူ, အနီ ဆိုတဲ့ အရောင် ကသိုဏ်း လေးပါးကို ရှုမှတ်သင့်ပါတယ်။

🌺 မောဟစရိုက်, ဝိတက်စရိုက် ရှိသူတွေက စိတ်ကို စူးစိုက်စေပြီး သမာဓိရ လွယ်တဲ့ အာနာပါနဿတိ ကမ္မဋ္ဌာန်းနဲ့ သင့်တော်ပါတယ်။

🍁 ကျန်တဲ့ ကမ္မဋ္ဌာန်းတွေကတော့ စရိုက်အားလုံးနဲ့ သင့်တော်တယ်လို့ ဆိုပါတယ်။

⚠ ဒါပေမယ့်လည်း ဘယ်သူက ဘယ်လိုစရိုက်မျိုး ရှိလဲ ဆိုတာကို မှန်းဆရခက်ပါတယ်။ အထက်မှာ ပြောခဲ့တာတွေက ပါဠိတော်တွေ, ရှေးအဋ္ဌကထာကြီးတွေမှာ မလာတဲ့ အတွက်၊ အမှန်လို့ တထစ်ချ မယူဘဲ အာစရိယဝါဒလို့သာ ခြင့်ချိန်ပြီးယူဖို့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက မှတ်ချက်ပေးပါတယ်။ နောက် သုတ္တန်တွေမှာ လူပုဂ္ဂိုလ် တစ်ယောက်တည်းကိုပဲ ရည်ရွယ်ချက်အလိုက် ကမ္မဋ္ဌာန်းမျိုးမျိုး ဟောထားတာတွေ ရှိလို့ ဘယ်စရိုက်က ဘယ်ကမ္မဋ္ဌာန်းနဲ့ သင့်တော်တယ် ဆိုတဲ့ စကားကို အစွဲမထားဘဲ ရည်ရည်ချက် အဓိပ္ပါယ်ကို ရှာကြည့်သင့်တယ်လို့ ဝိသုဒ္ဓိမဂ်မှာ သတိပေးထားပါတယ်။

📌 မေတ္တာ, အသုဘ, မရဏာနုဿတိ, ဗုဒ္ဓါနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်းလေးမျိုးကို အခြားပင်တိုင်ကမ္မဋ္ဌာန်းတွေ မရှုပွားမီမှာ ရှုပွားသင့်လို့၊ #သဗ္ဗတ္ထိကကမ္မဋ္ဌာန်း, #စတုရာရက္ခ ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ မေတ္တာနဲ့ ဗုဒ္ဓါနုဿတိက စိတ်ကို ကြည်လင်နူးညံ့စေပြီး၊ သဒ္ဓါတရား တိုးပွားစေပါတယ်။ စိတ်အားငယ်, စိတ်ဓာတ် ကျနေသူတွေလည်း ပွားသင့်ပါတယ်။ အသုဘနဲ့ မရဏာနုဿတိ ကမ္မဋ္ဌာန်းတွေက ကတော့ မာန်မာနတက်ပြီး ရာဂဖက် ယိမ်းမသွားဘဲ၊ သတိသံဝေဂရပြီး ဝီရိယတွေ တက်လာစေဖို့ ရည်ရွယ်ပါတယ်။