Breaking News

ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၄)


ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၄)

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၀

(7) 8888 - မဲကသာချောင်းနံဘေးက သေဘောဘိုး အေ ဘီ တပ်စခန်း

ရနောင်းက ထွက်လာတဲ့ အုပ်စုကွဲသွားကတည်းက ကိုယ်ဘယ်ကို ခရီးဆက်ရ မလဲဆိုတာ ဆုံးဖြတ်ထားပြီးသား၊ ဘယ်နည်းနဲမဆို ရနောင်းကနေ ဘုရားသုံးဆူကို ရောက်နေတဲ့ ပြောင်ကြီး တို့ ကျော့မှူးတို့ဆီပဲ သွားပေါင်းရတော့မှာကိုး -  ကိုယ့်လူတွေကလည်း အဲဒီမှာ -

"ဘုရားသုံးဆူကို မဲဆောက်ကနေ ဘယ်လိုသွားမလဲ"
"ဘာနဲ့သွားမလဲ"
"လမ်းစရိတ်ကို ဘယ်လိုရှာရမလဲ"

မဲဆောက်မှာ စိတ်လေလေနဲ့ ‌ဈေးဘက်လမ်းလျှောက်ရင်း စက္ကန်းရီးယား ကတည်းက ကျောင်းနေဘက် ကိုယ့်အုပ်စုထဲက "အီဘရာဟင်" ကို သွားဆုံ တယ် ။ မဲဆောက်ဈေးက လက်ကားဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေတာကိုး။

"လာကွာ ထမင်းသွားစားမယ်" 

သူတို့ ဆိုင်လုပ်သားတွေကြား တိုးတိုးဝှေ့ဝှေ့ ပူပူနွေးနွေး စားကောင်းသား၊ ဘာလုပ်မယ်၊ ဘယ်သွားမယ်မေးလို့ -

"ဘုရားသုံးဆူကို ဘယ်လိုသွားမလဲ" မေးကြည့်မိ၊ သူ့စိတ်ကူးကတော့ မော်လမြိုင် ပြန်ဆင်း မုဒုံဘက်ကတစ်ဆင့် ပြန်တက်ရင်ကော။ 

"ဂွတ်အိုင်ဒီယာပါ" ။ သွားမယ်ဆိုရင် သူတို့ဆိုင်က ဖောက်သည် လူတွေနဲ့ ထည့်ပေးမယ်တဲ့။ သူက ကိုယ့်အတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်တာပါ။ ကျေးဇူးပဲ ကုလား ။ မင်းကို အဲဒီလောက် ဘယ်တုန်းကမှ ကျေးဇူးမတင်ဖူးဘူး၊ ဒါနဲ့ပဲ ကျောပိုးအိတ်အဟောင်းလေးထဲ လိုတာလေးတွေ ထည့်၊ အဝတ်တစ်စုံနဲ့ ထွေရာလေးပါး၊ အန်ကယ်ကလည်း ရှိတာလေးတွေ ထုတ်ပေးကူညီရှာတယ်။

 ဆောင်းတွင်းကြီး မနက်စောစောတစ်ခုမှာ ကုလား မိတ်ဆက်ပေးထားတဲ့ ကုန်သည်အုပ်စုနဲ့ ဟိုင်းလက်ကား အမိုးဖွင့် နောက်ဆုံးမှာ ကပ်လိုက်ရ၊ မဲဆောက်က အထွက် အတော်လှမ်းလှမ်း ကော်သူးလေ(ကေအင်ယူ) ဝါးလုံး နဲ့ တားထားတဲ့ ဂိတ်မှာ အားလုံး ကားပေါ်ကဆင်း အစစ်ခံရပြီး ကားပေါ်ပြန်တက်ရာမှာ ကိုယ့်ကို ဂိတ်က ဝါးလုံး ထိုင်ခုံရှည်မှာ ထိုင်ခိုင်းထားပြီး ကားကို ထွက်ခိုင်းပါတယ်။ ကိုယ်တစ်ယောက်တည်း ငေါင်းစင်းစင်း၊ သူတို့က ဘာမှလည်း ဆက်မပြော၊ ကိုယ့်မှာ အကောင်းဆုံးထားဝတ်တဲ့ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်နဲ့ သတ္တုတွင်းဆောင်းဦးထုပ်အနီ၊ အိတ်ထဲမှာ အီဘရာဟင် ပေးလွှတ်လိုက်တဲ့ ဘတ်ငွေ ငါးဆယ်လောက်။ ဒါပဲ ။

ကြာလာတော့ ကိုယ်လဲ သည်းမခံနိုင် ။ ဗိုက်ကဆာ၊ ထမင်းဆိုင်သွား စား၊ ညဘက် တဲအလွတ်တစ်ခုမှာ ညအိပ်၊ မနက်မိုးလင်းတော့လည်း ထို့နည်း လည်းကောင်း၊ ဘာမှ မထူးခြားနား၊ စိတ်ထွေထွေနဲ့ အရက်ရောင်းတဲ့ဆိုင်မှာ ထိုင်ပြီး လော့ခေါင် တစ်ပိုင်းမှာလို့ နေ့လယ်စာနဲ့ မြည်းနေ၊ နဘေးဝိုင်းက ချာတိတ်လေးတွေ စကားသံနားစွင့် ကြည့်တော့ အေဘီ ABSDF ကျောင်းသားတပ်စခန်းကဆိုတာ သိရ။

"အေး ညီလေးတို့ မင်းတို့တပ်က ခေါင်းဆောင်ဘယ်သူလဲကွာ? "
"တပ်ရေးဗိုလ်ကြီးကတော့ ကိုအောင်မြင့်ကြည် ဗျ၊ မော်လမြိုင်က
"ဟုတ်ပြီ ။ မုတ်ဆိတ်လို့လည်း ခေါ်တယ်မဟုတ်လား" ဆိုတော့ ဟုတ်မှဟုတ်ဗျာ ကျောင်းနေဖက်၊ သပိတ်မှောက်ဖက်၊
"အေး ညီလေးတို့ တပ်ပြန်ရောက်ရင် မုတ်ဆိတ်ကို ပြောပေးပါ၊ "ကျော်လွင်အောင်" တစ်ယောက် ကရင်ဂိတ်က တားထားလို့ ဒီဆိုင်မှာ စားရင်းသောက်ရင်းစောင့်နေမယ် အခုချက်ချင်းလိုက်လာပါ လို့ပြောပေးမလား " ဆိုတော့ ကောင်လေးတွေက လှိုက်လှိုက်လှဲလှဲ "ပြောပေးမယ်၊ စိတ်ချ၊ ပြောပေးမယ် အစ်ကို"တဲ့ ။ ခဏနေတော့ သူတို့ ဝိုင်းရှင်းပြီး ဆိုင်ရှေ့က ဟိုင်းလတ်ကားကြမ်းကြီးနဲ့ ပြန်သွားလေရဲ့။ 

ကိုယ်လဲ တစ်စိတ်ကျော်ကျော် မှာ မှန်လာတော့ ကြုံသမျှ ဒုက္ခ အမှုမထားတော့၊ စားရင်းသောက်ရင်း ခပ်ရိပ်ရိပ် အမူးမှာ ကားကြမ်းတစ်စင်း ခပ်ပြင်းပြင်း မောင်းလာ။ ထိုးရပ် ။ ပြေးဆင်းလာတဲ့ အသံတွေ၊ ကိုယ့် ခါးကို ဖက်ပြီး လှည့်ကြည့်တော့ မုတ်ဆိတ် (ခ) အောင်မြင့် ကြည် တစ်ယောက်၊ နောက်က အဖော်နှစ်ယောက်နဲ ။

"ဟေ့ကောင် ကျော်လွင်အောင်၊ ထကွာ လာ လာ တက်တက်" ကားပေါ်တင် တရပ်ကြမ်း မောင်းထွက် ၊ ဝါးလုံးတားဂိတ်ရောက်တော့ ဖွင့်မပေးဘူး။

"ရတယ်၊ တာဝန်ယူတယ်။ ဒါ ကျနော်တို့ မော်လမြိုင် ကျောင်းသားခေါင်း ဆောင်တစ်ယောက်ပဲ၊ ဘာမှမဟုတ်ဘူး၊ ကျနော်တို့ စခန်းဘက် ခေါ်ထားမယ်" 

ကားစက်သံက တစ်ဗြည်းဗြည်း၊ ဝါးတားဂိတ်အဖွင့်မှာ ဝေါခနဲ မောင်းထွက် ။ မဲကသာချောင်းနဘေးက ကရင်အဖွားအိုရဲ့ တဲဆီကို ရောက်ပြီ၊ မုတ်ဆိတ်တို့ နဲ့ တစ်ဝိုင်းထိုင်ဖြစ်ကြတယ်။ ကံသီပေလို့ မုတ်ဆိတ်ရေ ငါတော့ သွားပြီ ထင်လိုက်တာ။

"မင်း လုပ်ချင်တိုင်း၊ သွားချင်တိုင်း သွားလို့မရဘူး ဟေ့ကောင်၊ မင်းဒုက္ခရောက် သွားမယ်၊ ဒါ ကော်သူးလေ နယ်မြေ ဘာမှတ်လဲ" ကျိန်းတယ်၊ အေးပါ မုတ်ဆိတ်ရာ မင်းရှိနေလို့၊ ခဏနေတော့ နောက်တစ်ယောက် "သီဟရွှေ" ရောက်လာတယ်၊ ဝိုင်းက ပိုမြိုင်သွားတာပေါ့။

"မင်း ဒီမှာပဲနေ၊ စားဖို့မပူနဲ့၊ အေးအေးဆေးဆေး ဘာလုပ်မလဲ စဥ်းစား၊ မနက်ဖြန် စခန်းထဲ လိုက်လည်ပေါ့"

အေဘီစခန်းထဲ လိုက်ကြည့်တော့ ကျိုက်သုတ်သပိတ်စခန်းပေါ်မှာ "ဒီမို သင်ပုန်းကြီး သင်ပေးခဲ့ဖူးတဲ့ ကောင်လေးတွေ သွားတွေ့တယ်"

အေဘီ ABSDF စခန်းနားက မဲကသာချောင်းဘေး အဖီးအိမ်မှာ သောင်တင်နေပြန်၊ အဖီးကလည်း သွားမရှိတဲ့ ပါးစပ်နဲ့ လော့ခေါင်ဗူးလေး စုတ်လို့ မူးလာရင် ကရင် အလွမ်းသီချင်းလေးတွေ ဆိုပြတတ်တယ်၊ သူ့ယောက်ျား၊ သားနှစ်ယောက်လုံး တိုက်ပွဲကျကုန်ပြီး၊ ဒီခြေတံရှည်အိမ်လေးမှာ သူတစ်ယောက်တည်း၊ လာနေလိုက် လျှောက်သွား ပျောက်သွားလိုက်နဲ့။

ကိုယ်လည်း နေရင်းထိုင်ရင်း ညနေ ညနေ ခါးထဲက စိမ့်လာတယ်၊ သေဘောဘိုး ငှက်ဖျားတော့ စပြီထင်ပါရဲ့။ တစ်နေ့မှာ ဖျားလိုက်တာ၊ ချမ်းတယ်၊ ချမ်းတယ်၊ ရှိသမျှ ခြုံစောင်တွေ ကိုယ့်ပေါ်ထပ်၊ အခင်း ဂုန်နီအိတ် တွေပါမကျန် ကိုယ့်အပေါ်ထပ်၊ တစ်နာရီကျော်ကျော်လောက် ရီဝေဝေ ခေါင်းထဲမှာ အဲဒီနောက် တရှိန်းရှိန်း ပူလာတယ်၊ စောင်တွေဖယ်၊ အင်္ကျီကအစ ချွတ်ပစ်ချင်တယ်၊ အေးတဲ့နေရာလေးရှာတော့ ချောင်းစပ်က သဲ စိုစိုလေးတွေ ပေါ် သွားထိုင်၊ လှဲအိပ်၊ လူးလှိမ့်၊ ငါတော့ ငှက်ဖျားနဲ့ ရူးလောက်ပါရဲ့။ နောက်တစ်နေ့ သီဟရွှေ ရောက်လာတော့ "မဖြစ်ဘူး၊ ဒီအတိုင်းနေရင် သေသွားလိမ့်မယ်၊ စခန်းထဲက ဆေးခန်းသွားစို့"

ဆေးမှူးက တိရစ္ဆာန်ဆေးကုကျောင်းသား ။ "ကွီနင်း ဒရစ်တော့ ချိတ်မပေးနိုင် ဘူး၊ လက်ကျန်နည်းနေလို့"

"မရဘူးဗျာ၊ ဒီလူသေသွားလို့ မဖြစ်ဘူး၊ သူ့ကို ချိတ်ကိုချိတ်ပေးရမယ်၊ ဒီလူက မော်လမြိုင် သပိတ်သမိုင်းမှာ တောက်လျှောက်ပါခဲ့တဲ့လူဗျ" သီဟရွှေ အတင်းအကျပ်ပြောမှ ကိုယ်တော်ချောက ကွီနင်းဒရစ် ချိတ်ပေးရှာတယ် တမုံ့။

အဖီးအိမ်မှာ တစ်ပတ်ကျော်လာတော့ စိတ်က ဝေလေလေ ဖြစ်လာပြန်၊ အနီးနားက မြေပဲခင်းတွေမှာ အခစား လိုက်ဆွတ်၊ ရလာတဲ့ ပိုက်ဆံနဲ့ အရက် ဝယ်သောက်၊ ညနေဘက် ပုံမှန် အဖျားတက်၊ ပြန်ကျ၊ အိပ်လို့မပျော် ငေါင်းစင်း စင်းနဲ့ ခရစ်စမတ်နေ့ ညရောက်တော့ ညခင်းကြီး ခပ်လှမ်းလှမ်းက မြေပဲခင်း ကို သွား ခိုးဆွတ်၊ တဲရှေ့မှာ ပေါချင်တိုင်းပေါနေတဲ့ ထင်းတွေနဲ့ လူတစ်ရပ်လောက် အမြင့် မီးဖို၊ အောက်ခြေနားမှာ မြေပဲအိုးကြီးချ၊ ရေနွေးကြမ်းနဲ့ မြည်းကြမယ်။

အဲဒီတုန်း မဲဆောက်/သေဘောဘိုးဂိတ်ဘက်က ကားတစ်စင်း ထိုးဆိုက်ပြီး လူငယ်တွေ ဆင်းလာ ဂီတာတွေတီးကြ၊ သီချင်းတွေဆို၊ ကိုယ်တွေဧည့်ခံတဲ့ မြေပဲပြုတ် ပူပူတွေစားကြ၊ ပျော်နေတဲ့သူတို့ကို "ဘယ်သွားမှာလဲ" မေးကြည့်တော့ "ဝလေ ဘက်" တဲ့။ ဒီလမ်းအတိုင်း သွားရင် ဝလေ(ဝေါလေ)ရောက်လား ဆိုတော့ "ရောက်တာပေါ့ လမ်းမှားမထိဘူး၊ တည့်တည့် ဒီအတိုင်းသွား ရောက်ရော" ကောင်းကွာ။ လင်းခနဲ သိသွားလိုက်ပြီ၊ မနက်ဖြန် ဝလေ (ဝေါလေ) သွားမယ်။ အဲဒီမှာ ၈၅-၈၆ တောခိုခဲ့ကြတဲ့ ကျော်မြတ်ငြိမ်း (တောတွင်းရောဂါနဲ့ ဆုံးပါး)၊ အောင်ဆန်းတို့နဲ့ အတူပါသွားတဲ့ သူငယ်ချင်း သန်းဦး ရှိတယ်၊ ကျောင်းဆရာလုပ်နေတယ် . . . . တဲ့။




(8) 8888 - မဲကသာချောင်းဘေးကနေ ဝလေ၊ အဲဒီကနေ ဘုရားသုံးဆူသို့ ဦးတည်


သွားမယ် သွားမယ်နဲ့ တော်တော်နဲ့ မသွားဖြစ်ခင်မှာ အပေါင်းအသင်းတွေနဲ့ အတွေ့အကြုံရှိအောင် မီးသွေးဖုတ်တဲ့ ဖို တစ်ည လိုက်စောင့်ဖြစ်တယ်၊ ကျွန်းပင်ပျိုတွေနဲ့ နေပြောက်မထိုးအောင် ယှက်ထိုးပေါက်နေတဲ့ ကျွန်းတော နက်နက်ထဲမှာ တည်ထားတဲ့ ဖိုပါ။ မြေကြီးကို တူး ထင်းတွေစီ၊ မြက်ရောရာ မြေသားပေါက်တူးတစ်ကော်စာအဖတ်တွေနဲ့ ပြန်ဖုံး တစ်ဘက်ပွင့်ကနေ မီးရှို့ တစ်ညလုံး လူလဲနဲ့ စောင့်ရတာ၊ ဖိုရဲ့တစ်နေရာရာက ပေါက်ပြီး မီးတောက် ထွက်လာရင် ပေါက်တူးနဲ့ မြေတစ်ကော်စာနဲ့ ဖာထေး တစ်ကော်စာနဲ့မရ နောက်တစ်ထပ် ထပ်ပေါက်ထပ်ပြီးဖို့ပြန်၊ ကိုယ့်အလှည့်ပြီးလို့ စောင်စုတ်လေး ခြုံ အိပ်တဲ့အခါ ဆီးနှင်းပေါက်ကြီး တစ်ပေါက်ပြီးတစ်ပေါက် တစ်ဖက်ရပ် တဲလေးရဲ့ ကျွန်းရွက် အမိုးပေါ်ကျ 'ဗောက်' 'ဗောက်' မဲဇာတောင်ခြေ ရတုကို သတိရ။

ဝလေ(ဝေါလေ)သွားတော့လည်း တစ်ယောက်ထည်း။  မြေသားလမ်းပေါ်မှာ ငှက်ဖျားက လူကို အားယုတ်စေတာအမှန် ။ တစ်ဖာလုံလောက် သွားပြီးရင် တစ်ခါနား၊ နေပူကြီးထဲ ထိုင်၊ အမောပြေတော့ ဆက်သွား။ ရောက်ခါနီးပြီ မှတ်လိုက် ။ မရောက်ပြန်သေး၊ အနောက်က ကားတစ်စင်းသံကြားရင် နားရင်း တားမိ ။ မရပ်တော့လည်း ဆက်လျှောက်ပြန်ပေါ့လေ။

သန်းဦးတို့ အိမ်လို့ ပြောတဲ့ ခြံဝင်းရှေ့ရောက်တော့ ကိုယ်က ခရိုခယိုင် ။ ခြေတံရှည် အိမ်ပေါ်က သန်းဦး ဆင်းလာတယ် ။ မသိဝိုးတဝါး မမှတ်မိသယောင်။ နောက်တော့မှ ...

"ဟာ ... သူငယ်ချင်း ကျော်လွင်အောင် ။ဟာ ... ဘယ်ကနေ ဘယ်လိုရောက်လာ ? ? " 

ကိုယ့်ကို တွဲပြီး အိမ်ပေါ်တက် ။ လှေကားက မတ်တော့ မနည်းတက်ယူရတယ်။ ရှိတာ ချကျွေး စကားပြောရင်း တဖြည်းဖြည်း ငှက်ဖျားက တက်လာ ။ ခဏနေတော့ သူ့မိန်းမ ဆေးတပ်ဖွဲ့ဝင်ဆိုလား ရောက်လာပြီး ကွီနင်း ဒရစ် တစ်လုံး လာချိတ်ပေးတယ်။ သန်းဦးပြောပြမှ 'စောကျော်မြတ်ငြိမ်းက စနေဆန်းလို့ အမည်ပြောင်းသတဲ့၊ သူ့ရဲ့ နောက်ဆုံးအချိန်ကိုတော့ အဲဒီနားမှာ သူမရှိ၊ သူမသိ၊ အခု သူ ကိုယ့်ကို လုပ်ပေးနိုင်တာက ...

"မင်းကို မနက်ဖြန် မန်းငြိမ်းမောင်ဆီ ပို့ပေးမယ်"

မနက်စောစော အိပ်ရာကနိုးတော့ သူက ဘူးသီးကျော်နေတယ်၊ ကျောင်းတက် လာတဲ့ ကလေးတွေကို ရောင်းဖို့ဆိုပဲ၊ ကျောင်းဆရာက တပည့်လေးတွေ ဖြတ်သွားတိုင်း 'ဝေါ်လဂေ' အပြန်အလှန်နှုတ်ဆက်ကြ။ ကိုယ့်ကို ထမင်းကြမ်းနဲ့ ဘူးသီးကြော် ဘရိတ်ဖတ် ကျွေးတယ် ။ ရေနွေးကြမ်းတစ်အိုးနဲ့၊ ကိုယ်က သန့်စင်ဖို့ကိစ္စ အနောက်ဘက် သွားမယ်ပြင်တော့ ။ "ပေါက်တူးနဲ့ တစ်သျှူး ယူသွားကွ ဘူးစင်အောက် အဆင်ပြေတဲ့ နေရာ မြေလေးနဲနဲတူး ကိစ္စပြီးရင် ပြန်ဖုံးခဲ့" တဲ့ . . .ဪ ဝလေ ရောက်မှတော့ ဝလေလို ကျင့်ရမှာပေါ့။

နေ့လယ်ဆယ့်နှစ်နာရီကျော်ကျော်လောက် ကျောင်းဆရာ သန်းဦး ပြန်လာလို့ ကိုယ့်ကို ထမင်းကျွေးပြီး
"လာကွာ ၊ နေ့တစ်ဝက် ခွင့်ယူလာတယ်၊ သွားစို့" 

ကားဂိတ်ကို ထွက် ။  မဲဆောက် ကို ကားစီးခဲ့ကြ၊ နာမည်ကြီး 'မန္တလေးထမင်းဆိုင်' ကိုရောက်၊ အတွင်းခန်းထဲ မှာ တီဗီ၊ အောက်စက်တစ်လုံးနဲ့ ပက်လက်ကုလားထိုင်ပေါ်က မစ္စတာ မန်းငြိမ်း မောင်နဲ့ ဆုံပါ့ဗျား။ 

"လာကွာ ထိုင်" 

သူ့ကြည့်ရတာ ရောက်လာမယ်ဆိုတာ သိနှင့်နေပုံမျိုး၊ စကားစမြည်ပြောပြီး၊ သန်းဦးက ပြန်သွားတယ်၊ "မင်း ဒီမှာထိုင် သူ့ပက်လက် ကုလားထိုင်ကို ပေးပြီး ဟော့ဒီအခွေတွေ ကြည့်ရင်း ခဏစောင့်ဦးနော့" ပြောပြောဆိုဆို ထွက်သွားလိုက်တာ ညနေစောင်းထိ။

ကိုယ်လည်း ပျင်းပျင်းနဲ့ သူ့ အခွေတွေစမ်းကြည့်တော့ 'ပါပီလွန်' နှစ်ခွေတွဲ အမုန်းကြည့်ပစ်လိုက်တယ်၊ ပြီးရော။ မျက်လုံးအနားပေးရင်း ငိုက်နေတုန်း ကိုမန်းငြိမ်း ပြန်လာတယ်။

"လာ သွားစို့" ။

နှစ်ယောက်သား ဟိုးချိုး ဒီကွေ့နဲ့ မဲဆောက်ဆင်ခြေဖုန်းက ဆောက်လက်စ တိုက်တန်း ပြီးလက်စ အခန်းတစ်ခုကို ခေါ်သွားတယ်။ သူ စတည်းချတဲ့ အခန်းဖြစ်မယ်။

"ကဲ မင်းဘာလုပ်ချင် ဘယ်သွားချင်လဲ" ဆို၊ သူကမေးတော့ ...

"ကျနော့အဖွဲ့ ရနောင်းကနေ ဘုရားသုံးဆူရောက်နေပြီ၊ သူတို့ကို စည်းရုံးပြီး သေဘောဘိုးဘက်ဆီ ခေါ်လာချင်တယ် ။ ကိုမန်းငြိမ်းတို့ရဲ့ နယ်မြေထဲမှာပဲ (တပ်မဟာ ၆) အတူ ပူးတွဲလှုပ်ရှားချင်တယ်" သူတို့ဆီသွားပြီး ဒီမှာ ဘာတွေ လုပ်နေတယ်ဆိုတာ ပြောပြချင်တယ်။ ဘုရားသုံးဆူကို သွားမှ ဖြစ်မယ်" ဆိုတော့ ... သူက ခေါင်းတငြိမ့်ငြိမ့်နဲ့ ...

"ကျော်လွင်အောင် ... မင်းပြဿနာတက်နေတာ သိလား" 

ကိုယ်အံ့ဩသွားတယ်၊ "သေဘောဘိုး ကော်သူးလေဂိတ်ကနေ စက်ပေါက်ထား (ကြိုးမဲ့စကားပြောစက်နဲ့ လှမ်းပြောထား) တယ်၊ "ဂျင်းအပြာအပေါ်အောက်ဝတ်ပြီး ဦးထုပ်နီနီ ဆောင်းထားတဲ့သူကို တွေ့တဲ့နေရာ ဖမ်း စစ်ဖို့"တဲ့၊  လက်ကလည်း လည်ပင်းကို ဝိုက်ပြတယ်။

 ဩ ဟုတ်လား၊ ဒီလိုလား။

"ကဲ မင်းသွားချင်တဲ့ ဆီ ပို့ပေးနိုင်တယ်၊ ရော့ မင်းအဝတ်တွေ ချွတ်၊ ဒါတွေ ဝတ်" ဆိုပြီး ပျောက်ကြား စစ်ဝတ်စုံ အသစ်ထုတ်ပေးတယ်။ မနေ့တစ်နေ့ကမှ မဲကသာချောင်းထဲ ဖြူဖြူစင်စင်လျှော်ထားတဲ့ ဂျင်းဝမ်းဆက်လေး နှမျောမျောနဲ့ ချွတ်၊ ပျောက်ကြားဝတ်စုံလဲဝတ်၊ သေတ္တာထဲက အပေါ်ဝတ် သင်တိုင်း အသစ်တစ်ထည် ဆွဲထုတ်ပြီး ကိုမန်းငြိမ်း(မောင်) က 

"ဘယ်သွားသွား ဒီသင်တိုင်းကို ဝတ်ထား၊ ဘယ်သူပေးတာလဲ မေးလာရင် 'ဖဒို မန်းငြိမ်းမောင်' ပေးတယ်ပြောပြ" ၊ သူပေးတဲ့ ကရင်သင်တိုင်းက တစ်မျိုးဆန်းတယ်၊ ခေါင်းစွပ်မဟုတ် ဇစ်တပ်ထားတဲ့ ရင်ကွဲ လက်စက အနားသတ်တွေမှာ ထိုးထားတဲ့ အလှကွက်ဆန်းတွေနဲ့ သူတို့ရာထူးတာဝန်အလိုက် အခမ်းအနားတွေမှာဝတ်တဲ့ ဝတ်စုံ (ခုအချိန်ထိ ကိုယ့် သံသေတ္တာထဲ သိမ်းထားရှိနေတုန်း) ပြီတော့ကျောပိုး အိတ်တစ်လုံးထဲ စောင်၊ခြင်ထောင်တစ်ထည်စီထည့်ပြီးလည်းပေးသေးတယ်။

နှစ်ယောက်သား အဲဒီညက တံခါးမတပ်ရသေးတဲ့ ပြတင်း ပေါက်ဘောင်တွေပေါ်ထိုင်ရင်း စကားတွေ ပြောကြ၊ အဓိက ကတော့ "ဒေါက်တာ စင်သီယာမောင်ရဲ့ မောင်လေး 'စနေဆန်း' (ကျော်မြတ်ငြိမ်း) အကြောင်းပါပဲ။ စစ်ကြောင်းထွက်ရင်း တောထဲမှာ ရောဂါသည်းလာတော့ ထမ်းစဥ်နဲ့ အဇင်း -ဝေါလေသွား လမ်းတစ်ဝက်က အိမ်သစ်တစ်လုံးပေါ်မှာ ဆုံးပါးသွားကြောင်း၊ "မင်းအခု အဇင်းကို အရင်သွားရမယ်၊ လူကြုံထည့်ပေးမယ် လမ်းတစ်ဝက်မှာ သူ (ကျော်မြတ်ငြိမ်း) ဆုံးပါးတဲ့နေရာကို ပြပေးလိမ့်မယ်" တဲ့။

နောက်တစ်နေ့ မဲဆောက်ကနေ သူနဲ့အတူ ဝလေကို ပြန်လာခဲ့ကြ၊ လမ်းမှာ ဝက်သားရောင်းတဲ့ ဆိုင်က နှစ်တွဲဝယ်လာတယ်၊ သန်းဦးတို့အိမ်ရှေ့ရောက် တော့ "ဝေး ဧည့်သည်ကို ကောင်းကောင်း ဧည့်ခံနော" ဆိုပြီး သန်းဦးကို ဝက်သား တစ်တွဲလှမ်းပေးတယ်။ မနက်ဖြန်မနက် ကာနယ်ရွှေဆိုင်းအိမ် လိုက်ပို့ဖို့ သန်းဦးကို မှာပြီး "နောက်နေ့ တွေ့မယ်နော " နှုတ်ဆက်ထွက်သွားလေရဲ့။

ဆက်ရန် . . . . . To be continued . . . .

(9) 8888 KNU - တပ်မဟာ (၆) တပ်မမှူး ကာနယ်ရွှေဆိုင်း၊ ၊ နိုင်ငံရေးမှူး ဖူးတာအဲ တို့နဲ့ မိတ်ဆက်ပေးတဲ့ ကိုမန်းငြိမ်း(မောင်)