Breaking News

မောင်လူပေ - ကိုရိုနာ ၀၂/၀၈/၂၀



မောင်လူပေ - ကိုရိုနာ ၀၂/၀၈/၂၀

(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၀

ကမ္ဘာ့လူဦးရေ (၁၈)သန်း ကူးစက်ခံရပြီး ခြောက်သိန်းကိုးသောင်းခန့် သေဆုံးခဲ့သည်။ လက်တင်အမေရိကနိုင်ငံများ၌ ရောဂါကြောင့်သေဆုံးရသူ နှစ်သိန်းကျော် ရှိလာသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်သူအသစ် ငါးသောင်းကိုးထောင်နီးပါးတွေ့ရှိရပြီး တစ်ထောင့်တစ်ရာကျော် တစ်ရက်အတွင်း သေဆုံးခဲ့သည်။ကူးစက်သူ(၄.၈)သန်းခန့်ရှိလာပြီး တစ်သိန်းခွဲကျော် သေဆုံးခဲ့သည်။

ဘရာဇီးတွင် ကူးစက်သူအသစ် လေးသောင်းခွဲကျော် တွေ့ခဲ့ပြီး တစ်ထောင်ကျော် တစ်ရက်အတွင်းသေဆုံးသည်။ ကူးစက်သူ(၂.၇)သန်းရှိလာပြီး သေဆုံးသူ ကိုးသောင်းသုံးထောင်ကျော်ရှိသည်။

အိန္ဒိယနိုင်ငံ၌ ပြည်ထဲရေးဝန်ကြီးမှာ ရောဂါပိုးကူးစက်ခံထားရသည်။ ကူးစက်သူအသစ် ငါးသောင်းနှစ်ထောင်ကျော်တွေ့ရှိရသဖြင့် စုစုပေါင်း(၁.၈)သန်းအထိ ရှိသည်။ သေဆုံးသူ သုံးသောင်းရှစ်ထောင်ကျော် ရှိလာသည်။

ရုရှားပြည်၌ ကူးစက်သူရှစ်သိန်းခွဲကျော်ရှိလာခဲ့ပြီး တစ်သောင်းလေးထောင်ကျော် သေဆုံးသည်။

တောင်အာဖရိကနိုင်ငံတွင် ကူးစက်ခံရသူ ငါးသိန်းကျော်ခန့် ရှိသည်။ သုံးသန်းခန့်ကို စစ်ဆေးကြည့်ပြီးဖြစ်သည်ဟု ဆိုသည်။ လေးပုံတစ်ပုံတွင် ရောဂါတွေ့ရှိရသည်။ ရှစ်ထောင့်တစ်ရာကျော် သေဆုံးခဲ့သည်။

ဖိလစိပိုင်နိုင်ငံ၏မြို့တော် မနီလာနှင့် အနီးတဝိုက်ကို ဩဂုတ်လ(၄)ရက်ညမှစ၍ နှစ်ပတ်တိတိ တင်းကျပ်စွာ ပိတ်ဆို့ထားမည်ဟု ကြေညာသည်။ ကူးစက်မှုသည် လူတစ်သိန်းကျော်အထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ဩဂုတ်လ(၁၈)ရက်အထိ ကြာမြင့်မည့် ပိတ်ဆို့မှုဖြစ်သည်။ ဗိုင်းရပ်နှင့်တိုက်ပွဲတွင် ရှုံးပွဲနှင့် ရင်ဆိုင်နေရကြောင်း သမ္မတဒူတာတေးက ပြောဆိုပြီး ဆရာဝန်ရှစ်သောင်းခန့်၊ သူနာပြုတစ်သန်းခန့် ကို ကုသရေးအတွက် အသင့်ပြင်ထားကြရန် အမိန့်ပေးခဲ့သည်။

ဗီယက်နမ်တွင် ကူးစက်သူအသစ် (၃၄)ဦးတွေ့ရှိသဖြင့် ကူးစက်သူ(၆၂၀)အထိရှိလာသည်။ သေဆုံးသူလည်း ငါးဦးအထိ ရှိလာသည်။

မြန်မာပြည်၌ ကူးစက်သူအသစ် မရှိခဲ့ပါ။