Breaking News

မောင်ရစ် - ၂၀၂၀ ရွေးကောက်ပွဲ ပြည်သူတွေပဲ နိုင်ဦးမှာ မဟုတ်လား

Cartoon Saw Ngo (2015)


မောင်ရစ် - ၂၀၂၀ ရွေးကောက်ပွဲ ပြည်သူတွေပဲ နိုင်ဦးမှာ မဟုတ်လား

(မိုးမခအယ်ဒီတာ့လက်ရေး) ဩဂုတ် ၃၊ ၂၀၂၀

၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ မက်ဆိချ်မှာ လူကိုမကြည့်နဲ့ ပါတီကို ကြည့်ပါ ဖြစ်ပါသည်။ ပြီးတော့ သမတ၏အထက်က နေရာကိုယူမည်ဟုလည်း ပြောခဲ့ပါသည်။ ယခု ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ရက် ၁၀၀ တောင် မလိုတော့ပါ။ ယခု ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကား ၊ မက်ဆိချ် မကြားရသေးပါ ... ပြည်သူလူထုက စောင့်မျော်နေသည်ဟု ထင်ပါသည်။

ကိုဗစ်၁၉ ကပ်ရောဂါကာလကို မြန်မာပြည်သူတို့ ရင်ဆိုင်ကျော်လွှားနိုင်ရန် လူထုကို တိုက်ရိုက်ဆက်သွယ် သတင်းစကားပေးပြီး ခေါင်းဆောင်မှု ပေးသူ ဒေါ်အောင်ဆန်းစုကြည်သည် ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက် သိသာရှင်းလင်းသည့် မတ်စိချ်ကို ပြင်ဆင်ထားပြီး ဖြစ်လောက်မည် ထင်ပါသည်။

၂၀၁၅ မှာတုန်းက ပြည်သူတွေ အနိုင်ရခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ - ရွေးကောက်ပွဲနိုင်တာနှင့် အစိုးရဖွဲ့ခွင့် ရချင်မှ ရသည့် သမိုင်းဆိုးကြောင့် လူထုက ရင်မပြီး စောင့်ကြည့်နေခဲ့ရပါသည်။ ၂၀၁၅ နိဝင်ဘာမှာ နိုင်သော်လည်း ၂၀၁၆ ဧပြီ မေ ကျမှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ပြီး လူထုမှာ ဟင်းချ နိုင်ခဲ့ရတာ ဖြစ်ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ လူထု၏ မဲအများစုဖြင့် အနိုင်ရသော ပါတီက အစိုးရဖွဲ့နိုင်ပြီး တိုင်းပြည်ကို ၅ နှစ်တာ အုပ်ချုပ်ခွင့် ရခဲ့ပါသည်။ အခုလာမည့် ရွေးကောက်ပွဲတွင်လည်း မဲအများစုရသည့် ပါတီက အစိုးရဖွဲ့ပြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ခွင့်ရဖို့အရေး ပြည်သူလူထုက ရင်မပြီး ဆက်လက် ရုန်းကန် ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါသည်။

ပြည်သူတွေက ရင်မပြီး ရုန်းကန်ရင်ဆိုင်ရဦးမည်ဟု ဆိုခြင်းမှာ လူထုမှာ မဲလက်မှတ်ကလွဲပြီး ကျန်တာ သူ့မှာ ဘာမှ မရှိလို့ ဖြစ်ပါသည်။ တပ်မတော်က သူ၏ ကိုယ်စားလှယ် ၂၅% ကို မဲပေးစရာ လုံး၀မလိုပဲ လွှတ်တော်အတွင်း ထည့်သွင်းခွင့် ရှိပါသည်။ လုံခြုံရေးနှင့် လက်နက်ကိုင်များကို အုပ်ချုပ်အမိန့်ပေးနိုင်သော ဝန်ကြီးဌာန ၃ ခုကိုလည်း သူတို့ ကိုင်တွယ်ထားပါသည်။ လက်နက်ကိုင်များကိုလည်း တပ်မတော်အနေဖြင့် တိုက်ရိုက်အုပ်ချုပ်စီမံပါသည်။ ဒုသမတလည်း ခန့်နိုင်ပါသည်။ စစ်လည်း တိုက်နိုင်ပါသည်။ တရားစီရင်ရေးမှာလည်း တပ်မတော်၏ ဩဇာက ခြေကုပ်ယူထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူမှာ အထက်ပါအချက်များမှ အပ ကျန်သည့် လွှတ်တော်နဲ့ လွှတ်တော်က ဖွဲ့ပေးသော အစိုးရအစိတ်အပိုင်းများသာ သူတို့နှင့် သက်ဆိုင်ပါသည်။ သူတို့ မျော်လင့်ပါသည်။ သူတို့ အားကိုးနိုင်ပါသည်။

ဘာဖြစ်လို့ ပြည်သူတွေက တပ်မတော်ကို အားမကိုးနိုင်ဘူးလဲ ဆိုရခြင်းမှာ ပြည်သူတွေက တပ်မတော်ကို မဲဖြင့်လည်း ရွေးချယ် တင်မြှောက်ခွင့် မရှိပါ။ တပ်မတော်ကို တပ်မတော်ကပဲ ရွေးချယ်ထားပါသည်။ တပ်မတော်က ပြည်သူတွေကို ဩဇာခံသည်ဟု လက်တွေ့မှာ မတွေ့ရှိရပါ။ ယခုအချိန်အထိ ပြည်သူများနှင့် တပ်မတော်တို့ကြား ပဋိပက္ခများ ရှိနေပါသည်။ တပ်မတော်သိမ်းထားသော လယ်များ ပိုင်ဆိုင်မှုများ လုပ်ငန်းများကို ပြည်သူတို့က ပြန်လည်တောင်းဆို တိုက်ပွဲများ ပြုလုပ်နေဆဲဖြစ်ပါသည်။ တပ်မတော်ဩဇာအောက်က တရားစီရင်ရေးက ပြည်သူများကို အရေးယူထောင်ချ နေပါသည်။ တပ်မတော်သည် တိုင်းရင်းသားတို့၏ ဒေသများတွင် စစ်ပွဲများ ဆင်နွှဲနေပါသည်။ ပြည်သူတွေက တားမြစ်ခွင့်မရှိပါ။ တားမြစ်ကန့်ကွက်သူများကို တပ်မတော်က အရေးယူပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်များ အဖွဲ့အစည်းများကလည်း စစ်ရေးဖြင့်သာ အဖြေရှာနေဆဲ ဖြစ်ရာ ပြည်သူတို့မှာ မဲလက်နက်ဖြင့်လည်း စစ်ပွဲများကို တားဆီးခွင့် မရှိတာ ထင်ရှားပါသည်။

သို့ဖြစ်ရာ မြန်မာပြည်သူများအတွက် ရွေးကောက်ပွဲ ကျင်းပလာတိုင်း သူတို့ကို အရေးတယူ လူရာသွင်းသည့် မဲလက်မှတ်ကိုယ်စီဖြင့်သာ တိုင်းပြည်၏ ကံကြမ္မာကို ဆုံးဖြတ်ခွင့် ရလိုရငြား ဝင်ရောက် ပတ်သက်နိုင်ကြခြင်း ဖြစ်ပါသည်။ ပြီးရင်တော့ နောက် ၅ နှစ်ကို မိမိကံစမ်းထားသော ထီလက်မှတ်ပေါက်မပေါက် ထိုင်ပြီး ထီတိုက်နေကြရုံသာ ရှိမည် ဖြစ်သည်ဟု ထင်ပါသည်။

သည်လိုဆိုတော့ ရွေးကောက်ပွဲလုပ်တိုင်းမှာ ပြည်သူတွေပဲ အနိုင်ယူခွင့်ကို တပ်မတော်ကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများက သနားသဖြင့် ခွင့်ပြုစေလိုပါသည်။ ရွေးကောက်ပွဲ၏အခြားမဲ့ကာလတွေမှာ ပြည်သူတွေ ဘာများ အနိုင်ရခဲ့ဖူးပါသနည်း။ ရွေးကောက်ပွဲမှာပဲ ပြည်သူတွေ နိုင်ကြရတာ ခွင့်ပြုကြပါလား ခင်ဗျား။