Breaking News

ဟိန်းလတ်မိုး - အဟောင်းဆိုင်

အဟောင်းဆိုင်

ဟိန်းလတ်မိုး

(မိုးမခ) သြဂုတ် ၂၅၊ ၂၀၂၀


ပြက္ခဒိန်ရွက်ကို လှန်ကြည့်လိုက်တော့

စုတ်ပြတ်နေတဲ့ရက်စွဲတွေပဲ ထပ်ပေါ်လာတယ်။


မျှော်လင့်ခြင်းမှာ စီးကြည့်တော့လည်း

ဆေးလိပ်တိုက ဆေးလိပ်ခွက်ကို ရန်အမြဲရှာသလို။


သံစဉ်မရှိပဲ ငါ့ခြေထောက်တွေလှုပ်ခတ်မိသလား

ကျီးကန်းတွေလို အာမရပေမယ့်

ကျီးကန်းတစ်ကောင်လိုကြည့်တတ်လာတယ်။


အိမ်ရှေ့ အိမ်နောက် အိမ်ဘေး အိမ်ပေါ်

အရင်အတိုင်း လှိုင်းကြီးလေထန်

နှေး နှုန်း မြင့် လိုင်းဆွဲအားလို စုပြုံလေးလံ။


ဒီလမ်းဟောင်းပဲ ရမ်းမောင်းနေလို့

ဒီတစ်လမ်းမောင်းလည်း ဖျက်သင့်ပြီ။


စိမ်းဖန့်ဖန့်

ဝင်းလက်လက်

အသစ်စက်စက်တွေက

ပုံပြင်ထဲမှာ ခရီးလွန်နေ။


မျှော်လင့်ခြင်းအလင်းရောင်က

အခု

အဟောင်းတန်းထဲက အဟောင်းဆိုင်မှာ

ဟိုအရင်လို

သစ်ဖို့ 'သ'ရင်း လမ်းပျောက်နေဆဲ ....။