Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၃

တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက  ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၃

ခင်လေး (Aotearoa) 

(မိုးမခ) သြဂုတ် ၂၅၊ ၂၀၂၀

ဒွါဒဿမနေ့၊ သတိပေးချက် အဆင့် ၃

ဒီတစ်ခေါက် သတိပေးချက် အဆင့် ၃ ဟာ အော်ကလန်ကလူတွေ အကုန်လုံးကို အများကြီး ထိခိုက်တဲ့အပြင် နယူးဇီလန် တဝှန်းလုံးကိုလဲ စီးပွားရေးအရရော လူမှုရေးအရပါ ထိခိုက်စေပါ တယ်။ သတိပေးချက် အဆင့် ၃ကို တက်တော့မယ်လို့ စပြောတုန်းက ၃ ရက်ပဲဆိုပေမယ့် တကယ်တမ်းကျတော့ ၂ ပတ်ပြည့်တဲ့နေ့အထိ ထပ်တိုးတော့တာ။ ၁၂ ရက်မြောက်နေ့၊ ဒီနေ့ နေ့လည် ၃ နာရီမှာ ဘာဆက်လုပ်ရမလဲဆိုတာ ပြောမယ်လို့ ကြေညာထားတော့ အားလုံး စိတ်ဝင်တစား သတင်းစာရှင်းလင်းပွဲ စောင့်နားထောင်ကြတယ်။ 

ဝန်ကြီးချုပ်နဲ့ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန်မှာ လမ်းပေါ်မှာလူတွေရှင်းပြီး အိမ်တွေ ဆိုင်တွေ ကားတွေပေါ်မှာ လူတိုင်းလိုလို ကြည့်နေ နားထောင်နေကြကြောင်း သတင်းထောက်တစ်ယောက်က ညနေ ၆ နာရီ သတင်းမှာ ပြောသွား ပါတယ်။ နယူးဇီလန်က ၆ နာရီသတင်းက မြန်မာ့အသံက ၈ နာရီ သတင်းလိုပဲ သတင်းကြီးပါ။ 

 ၂ ပတ်ပြည့်တဲ့ သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့အစား ၃၀ ရက်နေ့ တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်မှာမှာ သတိပေးချက်အဆင့် ၂ ကိုဆင်းကြဖို့ ဝန်ကြီးအဖွဲ့က ဆုံးဖြတ်လိုက်တဲ့အကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ထူးခြားတာတစ်ခုက သတိပေးချက်အဆင့် ၂ နဲ့ အထက်ထုတ်ထားတဲ့အချိန်မှာ လေယာဥ်ပေါ်မှာနဲ့ အများပြည်သူသုံး ပို့ဆောင်ရေးနည်းလမ်းတွေဖြစ်တဲ့ ရထား၊ ဘတ်စ်ကားတို့ကိုစီးတဲ့အခါ မျက်နှာဖုံး နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့ အစိုးရအမိန့်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလိုအမိန့်ထုတ်ထားတဲ့အတွက် မျက် နှာဖုံးနှာခေါင်းစည်းဝယ်ဖို့ မတတ်နိုင်သူတွေအတွက် အခမဲ့ဖြန့်ဝေဖို့ အစီအစဥ်တွေလည်း ရှိကြောင်း ပြောသွားပါတယ်။ 

နောက်တစ်ခုက ဘယ်နေရာသွား ဘာလုပ်ပြီး ဘယ်သူနဲ့ တွေ့တယ်ဆိုတာ contact tracing app သုံးပြီး စာရင်းသွင်းဖို့၊ contact tracing QR code မရှိတဲ့ နေရာတွေအတွက် လိုအပ်ရင် ရေးမှတ်ထားဖို့ကိုလည်း မဖြစ်မနေလုပ်ရမယ်လို့ ပြောသွားပါတယ်။ ဒါမှ တစ်ခုခုဖြစ်ရင် လိုအပ်သလို ချက်ချင်း အကြောင်းကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ခုလောလောဆယ်တစ်ယောက်မှာ ပိုးတွေ့ရင် သူသွားခဲ့တဲ့နေရာတွေမှာ ရှိခဲ့တဲ့သူတွေ ထိတွေ့ခဲ့တဲ့သူတွေအကုန်လုံးကို အကြောင်းကြားပြီး သီးသန့်ခွဲနေဖို့ ညွှန်ကြားပေးနေတယ်လို့လည်း ဆိုပါတယ်။ 

ဒီတစ်ခေါက် ဖြစ်ခါစက သီးသန့် ခွဲနေဖို့လိုတဲ့သူတွေ အားလုံးကို ဟိုတယ်မှာထားတယ်။ ခုထိ အဲလိုပဲလားဆိုတာတော့ သိပ်မသေချာ။ အတိုက်အခံတွေက အဲဒီလိုထားတာတွေကို အစိုးရစရိတ်ကြီးပဲမဟုတ်ပဲ လူတွေကို တစ်စိတ်တစ်ပိုင်းပေးခိုင်းဖို့ ပြောနေသံလည်း ကြားပါတယ်။

 ဒီနေ့ရောဂါထပ်ဖြစ်တဲ့သူ ၉ ယောက်ရှိပြီး ဆေးရုံတက်နေရတဲ့သူ ၁၀ ယောက်ရှိပါတယ်။ အဲဒီထဲက ၂ ယောက်ကတော့ အထူးကြပ်မတ်ကုသဆောင်ရောက်နေပါသတဲ့။ ရောဂါပိုးစတွေ့တဲ့ အော်ကလန်မိသားစုကနေ ကူးတဲ့သူဟာ ၁၄၀ ရှိသွားပြီဖြစ်ပြီး ထပ်တွေ့နိုင်ခြေလည်း ရှိသေးတဲ့အတွက် ဒီအုပ်စုဟာ နယူးဇီလန်က ကိုးဗစ်အုပ်စုတွေထဲမှာ အကြီးဆုံး ဖြစ်သွားပြီလို့ ပြောသွားပါတယ်။ 

ဒီတစ်ခေါက် ဝေါဟာရအသစ်တွေလည်း ကြားရပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက  Genomic sequencing တဲ့။ DNA ထဲမှာရှိနေတဲ့ မျိုးဗီဇအစိတ်အပိုင်းသေးသေးလေးတွေကို အနု စိတ် အတိအကျလိုက်ပြီး စစ်ဆေးတိုက်ဆိုင်ကြည့်လို့ ဘယ်ကလာတယ်ဆိုတာ အတိအကျ ဆုံးဖြတ်ချက်ချပေးနိုင်တဲ့နည်းလို့ ဆိုပါတယ်။ 

အလုပ်ပြုတ်တဲ့သူတွေ ဆိုင်ပိတ်လိုက်ရတဲ့သူတွေလည်း ပြီးခဲ့တဲ့ တစ်ခေါက်ကထက် များပါတယ်။ အော်ကလန်တစ်ခုထဲ အဆင့် ၃ ဆိုပေမယ့် သူက နယူးဇီလန်ရဲ့ အကြီးဆုံးမြို့ ဖြစ်လေတော့ ကျန်တဲ့ မြို့တွေကိုပါ အနည်းနဲ့အများ ထိခိုက်စေပါတယ်။ နယူးဇီလန်နိုင်ငံမှာ တောင်ကျွန်းနဲ့ မြောက်ကျွန်း နှစ်ကျွန်းရှိပါတယ်။ မြောက်ဖက်စွန်းမှာ Northland လို့ခေါ်တဲ့ မြို့နယ်စုကြီး ရှိပြီး မြောက်ဖက်က စရေတွက်ရင် အော်ကလန်က မြောက်ကျွန်းရဲ့ ဒုတိယမြောက် မြို့ပါ။ သူက အချက်အချာကျတဲ့ ဆိပ်ကမ်းမြို့ကြီး ဖြစ်လေတော့ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းကလာတဲ့ ကုန်စည်တွေ အကုန်လုံး နီးပါးဟာ အော်ကလန်ကို မဖြတ်ပဲ Northland ကို မရောက်ပါဘူး။ အသက်ရှူရပ်ပြီး အော်ကလန် ကို ဖြတ်ဆို နောက်နေကြပါသေးတယ်။ အော်ကလန် အဝင်အထွက် ပိတ်ထားပြီး တကယ်လိုအပ် တဲ့ကားတွေပဲ ပေးသွားတော့ မြို့ အဝင်အထွက်မှာ ၅ နာရီလောက် တန်းစီ စောင့်ကြရပါသတဲ့။ 

နေ့စဥ် လမ်းလျောက်ကြသူတွေလည်း ပိုများလာပါတယ်။ ရာသီဥတုကဆိုး၊ မိုးရွာ၊ လေတိုက် (Wuthe- ring Height ထဲက အတိုင်းပဲ)၊ မိုးသီးကြွေ၊ အပူချိန် သုညဒီဂရီနားထိဆိုတော့ နေသာတုန်းလေး ရွေးလျောက်ရကြတာ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကနေသာတော့ ကိုယ်အိမ်ဘေးဘက် ခြံထဲမှာ အပင် လေးတွေ ဟိုရွှေ့ ဒီရွှေ့ လုပ်နေတုန်း မြင်းခွာသံကြားတယ်။ ငါနားကြားလွဲတာနေမှာပါဆိုပြီး ကား ဂိုဒေါင်ထဲမှာအလုပ်ရှုပ်နေတဲ့ အဖေ့ဆီထွက်လာတော့ ဘုရားရေဆိုဖြစ်သွားတယ်။ လှလိုက်တဲ့ မြင်း ကြီး၊ ကြွကြွရွရွနဲ့ ဣန္ဒြေရရ ကိုယ့်အိမ်ရှေ့က လူသွားလမ်းပေါ်မှာ အလှစီးသွားတာ တွေ့လိုက်ရတယ်။ စီးတဲ့သူကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ တွေ့ရသူတွေ အားလုံးကလည်း မပြုံးပဲ မနေနိုင်။ ချစ်စရာကောင်းလိုက်တာ။ ဒီလိုအချိန်မှာ အများကိုမထိခိုက်စေတဲ့ ကိုယ်စိတ်ချမ်းသာတာလေး တွေ အတား အဆီးမရှိ လုပ်နေနိုင်ခွင့် လူတိုင်းမှာရှိနေတာ ချစ်စရာ ဒီမိုကရေစီစနစ်ရဲ့ ကောင်းကွက် တစ်ခုပါ။ 

ဟိုတလောက သတင်းထဲမှာ တွေ့လိုက်တာလေးတစ်ခုကလည်း ပြုံးစရာ။ ကိုယ်ကတော့ မလုပ်ချင် ပါဘူး၊ ဂျပန်မှာရယ် နောက်အာရှနိုင်ငံ တစ်ခုမှာရယ် နိုင်ငံနာမည်တော့မေ့သွားပြီ။ နိုင်ငံခြားသွားဖို့ လေယာဥ်စီးတဲ့အတိုင်း baggage check in  လုပ် နိုင်ငံကူးလက်မှတ်ပြ၊ boarding pass ထုတ်၊ လေ ယာဥ်ပေါ်တက်၊ လေယာဥ် စက်နှိုး၊ လေယာဥ်စာစား၊ လေယာဥ်ဆင်းတဲ့အတိုင်းလုပ်၊ immi -gration ဖြတ်၊ baggage ရွေး၊ ကိုယ်ရောက်ချင်တဲ့နေရာ နိုင်ငံကို virtual reality မျက်မှန်ကြီး တွေနဲ့ ရုပ်ရှင် ကြည့်သလိုကြည့်ပြီး အိမ်ပြန်တဲ့အလုပ်လုပ်နေကြတယ်တဲ့။ စိတ်ဝင်စားစရာပဲ။ 

ကိုယ်ကတော့ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေကိုတွေ့ဖို့၊ အလုပ်လုပ်ဖို့၊ သင်တန်းတက်ဖို့၊ ကျောင်းတက်ဖို့ လေယာဥ်ကိုမစီးလို့မဖြစ်တော့မှသာ စီးတဲ့သူဆိုတော့ စိတ်မဝင်စားပါ။ ခုလောလောဆယ်တော့ အိမ်မှာနေပြီး အသက်ကယ်လိုက်ပါဦးမယ်။

ခင်လေး (Aotearoa)

11:14 p.m. 24.08.2020 Monday