Breaking News

မီးတွေဝိုင်းပြီး ကိုဗစ်ဗိုင်းရပ်ပိုးကြားထဲမှာ ဘေးဧရိယာက ကျောင်းတွေ ပြန်ဖွင့်

 

မီးတွေဝိုင်းပြီး ကိုဗစ်ဗိုင်းရပ်ပိုးကြားထဲမှာ ဘေးဧရိယာက ကျောင်းတွေ ပြန်ဖွင့်

(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၀

ဩဂုတ် ၂၄ ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကက အခြေခံနဲ့ အဆင့်မြင့်ပညာသင်ကျောင်း အတော်များများ တရားဝင်စာသင်နှစ် ပြန်လည်ဖွင့်လှစ်တဲ့ နေ့ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်နှုန်းက မသက်သာသေးသော်လည်း fall 2020 semester ကို ဖွင့်ဖြစ်အောင် ပညာရေးဌာနတွေ က ဖွင့်ကြပါတယ်။ ဖွင့်တယ်ဆိုတာကလည်း အွန်လိုင်းအဓိကထား စာသင်နှစ်အဖြစ် ဖွင့်ကြတာဖြစ်ပြီး hybrid လို့ခေါ်တဲ့ ကပြားစနစ် အွန်လိုင်းနဲ့ ကိုယ်တိုင်တက်ကို အကန့်အသတ်နဲ့ ခွင့်ပြုတယ်လို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘေးဧရိယာမှာ ကျောင်းတွေဖွင့်ချိန် တောမီးတွေ ဝိုင်းပတ်လည် လောင်နေချိန်လည်း ဖြစ်ပါတယ်။ တောမီးခိုးကြောင့် အသက်ရှုရခက်လောက်အောင် လေထုကလည်း ညစ်ညမ်းလို့ နေပါတယ်။

လူဦးရေ ၃၂၈ သန်း (၂၀၁၉ ခုနှစ်) ရှိတဲ့ အမေရိကားမှာ ၂၀၁၈ စာရင်းအရ ကျောင်းသားပေါင်း ၇၆ သန်း ရှိခဲ့ပြီး ယခု စာသင်နှစ်မှာတော့ အခြေခံပညာရေးကျောင်းသား ၅၆ သန်းနဲ့ အဆင့်မြင့်ကျောင်း (ကောလိပ်တက္ကသိုလ်) ကျောင်းသား ၁၉ သန်း ရှိမယ်လို့ ဆိုပါတယ်။ သန်း ၆၀ ကျော်ဟာ အစိုးရကျောင်းတွေ မှာ တက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကျောင်းတွေက အွန်လိုင်းအဓိကသင်တယ်ဆိုကြပေမယ့် ကျောင်းအိပ်ကျောင်းစားတက်ပြီး စာသင်မှ ဖြစ်မယ့် ကျောင်းသားအချို့ကိုတော့ တက္ကသိုလ်ဆောင်တွေမှာ လူဦးရေ ကန့်သတ်ပြီး တက်ခွင့် ပြုပါတယ်။ ဆန်ဖရန်စစ္စကိုစတိတ်တက္ကသိုလ်မှာ အဆောင်နေကျောင်းသား ၁ထောင်လောက် လာလိမ့်မည်လို့ ဆိုပါတယ်။ ယူစီဘာကလေမှာလည်း အဆောင်နေကျောင်းသားတွေ လက်ခံထားတယ်လို့ သိရပါတယ်။ 

ကျောင်းသားတွေကို ကိုဗစ်စစ်ပြီးမှ လက်ခံသလားဆိုတာကိုတော့  ယူစီဘာကလေကတော့ အဆောင်နေကျောင်းသားတွေကို ကိုဗစ်လည်း စစ်၊ Q လည်း ၁ပတ်ကျော် ဝင်ပြီးမှ ကျောင်းဝင်းမှာ သွားခွင့်ပြုတယ်လို့ ဆိုပါတယ်။ ဆန်ဖရန်စတိတ်တက္ကသိုလ်ကတော့ ကိုဗစ်မစစ်ပေးဘဲ health screening ဆိုတဲ့ ကျန်းမာရေး စစ်မေးမှုကိုသာ ပြုလုပ်ပါတယ်။ သည်တော့ အများအားဖြင့် ကောလိပ်ပြန်တက်သူတွေ အခြေခံပညာကျောင်း ပြန်တက်သူတွေဟာ ကိုဗစ်စစ်ဆေးမှု ထိရောက်စွာ မပြုလုပ်ဘဲ အဖျားရှိသလား၊ လက္ခဏာတွေ ပေါ်သလားလောက်သာ စစ်ဆေးပြီး ကျောင်းပြန်တက်ခိုင်းတာမို့ နောင်အကျိုးဆက်ကူးစက်မှုကို ကာကွယ်နိုင်ဖို့ အရေးတယူ မစဉ်းစားဘူးလို့ မှတ်ချက်ချရမလိုပါပဲ။

ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်တွေမှာ ကိုဗစ်ကူးစက်မှု ကာကွယ်ရေးအတွက် မျက်နှာဖုံးတတ်၊ လက်ဆေး၊ လက်အိတ်စွပ်၊ တကိုယ်ရေးသန့်ရှင်းမှုလုပ်ဆိုတဲ့ အခြေခံအဆင့်ကိုတောင် လေးနက်စွာ အရေးတယူ မလုပ်တာကြောင့် ကျောင်းသားတွေအတွက် စာသင်ခန်းထဲဝင် ကျောင်းတက်ဖို့ဆိုတာ စိန်ခေါ်မှု ဖြစ်ပါတယ်။ အခုလည်း ကျောင်းတွေမှာ ကျောင်းသားတွေ လက်ခံ၊ အရေးပေါ်လိုအပ်ချက်အရ ဝန်ထမ်းတွေ ရုံးပြန်တက်ကြလို့ ဆိုပေမယ့် ကျောင်းဆရာတွေ ပါမောက္ခတွေ ကထိကတွေကတော့ ကျောင်းဝင်းထဲကို ပြန်လာမယ့်ပုံ မရှိကြပါဘူး။ ဆရာအများစုက ကျောင်းကို မလာဘဲ အိမ်ကနေပဲ အဝေးရောက်အွန်လိုင်းမှ စာသင်ကြမှာ ဖြစ်ပါတယ်။ ကျောင်းဆရာတွေနဲ့ ဝန်ထမ်းတွေရဲ့ စိုးရိမ်မှုကတော့ ကိုဗစ်ကုးစက်မှု ကာကွယ်မှု ကုသမှုတွေ စနစ်တကျ ချမှတ် ပြဌာန်းထားတာမရှိဘဲ အလုပ်ခွင်ပြန်ဆင်းခိုင်းတာ မဖြစ်သင့်ဘူး။ ဒါကြောင့် အွန်လိုင်းကပဲ ဆက်အလုပ်လုပ်မယ်လို့ သဘောထားပေးကြတယ်လို့ သိရပါတယ်။

ကျောင်းဝင်းထဲ ပြန်ဝင်ပြီး တက်ကြတဲ့ ကျောင်းသားတွေကတော့ ကိုယ့်ဖာသာကိုယ် သတိထားပြီး ပညာသင်ယူကြရမှာ ဖြစ်ပါတယ်။ ကိုယ့်အန္တရယ် ကိုယ့်ဖာသာ ကြည့်ရှောင်ရမှာ ဖြစ်ပါတယ်။ ဆရာတွေကိုလည်း တိုက်ရိုက် တွေ့ဆုံခွင့် မရတဲ့အပြင် အခြားကျောင်းသားအများစုနဲ့ကလည်း အွန်လိုင်းမှာပဲ တွေ့ဆုံတဲ့ အဆင့်ပဲ ရှိဦးမှာ ဖြစ်ပါတယ်။ သည်ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကနေတဆင့် နယူးနော်မယ် ပညာသင်ကြားမှု အဆင့်သစ်တခု ဖော်ထုတ်ဖို့ ပညာရှင်တွေက စောင့်ကြည့်နေကြမယ် ဖြစ်ပါတယ်။