Breaking News

မြဇင်ယော် - ရောင်းသူဝယ်သူများ

ရောင်းသူဝယ်သူများ

မြဇင်ယော်

(မိုးမခ) သြဂုတ် ၂၆၊ ၂၀၂၀

မနေ့က ညပိုင်း ၇ နာရီလောက်။ မိုးကလည်း မသည်းတသည်းရွာနေ၊ ပတ်ဝန်းကျင်အသံကလည်း မသဲကွဲချိန်။ တခါတခါ ကွက်ကျော်မြင်နေတတ်တဲ့ ဒီဇာတ်လမ်းတွဲတွေ မကြည့်သင့်ပေမယ့် သည်းသည်းမည်းမည်း ကြည့်မိနေချိန်။ အပြင်က ခေါ်သံကြားရတယ်။ ခေါ်နေတာ ကြာပြီထင်တယ်။ အပြင်က ခပ်မှောင်မှောင်၊ မျက်စိက ခပ်မှုန်မှုန်ဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိ။ ထွက်ကြည့်တော့ စက်ဘီးနဲ့ရပ်နေတဲ့ တခါမှ မမြင်ဖူးတဲ့ အမျိုးသမီးတယောက်။ ကိုယ်က ကြောင်ငေးကြည့်နေတုန်း သူက ပန်းကုံးလေးမြှောက်ပြရင်း " သမီးရယ် စပယ်ပန်းကုံးလေး တကုံးပဲကျန်တော့တယ် ၅၀၀ တည်းပါသမီးရယ် ယူပါဦး" ။ ကို့ရိုကားယားကားကြည့်ကောင်းနေတာကို လာနှောက်ယှက်လိုက်သလို ခံစားရတယ်။ "ဟာ မဝယ်ပါဘူး" လို့။ " ၄၀၀ တည်းပေးပါသမီးရယ်၊ ၄၀၀ ပဲပေးပါနော် ဒီတကုံးတည်းကျန်တော့တာပါ" ။ " ဟာ ဟင့်အင်း မယူဘူး"။ စကားကို ခပ်သွက်သွက်ဖြတ်ပြီး အိမ်ထဲပြန်ဝင်မယ်လုပ်ရင်း ဘာရယ်မသိ၊ တခုခုကိုထင့်သွားလို့ ပန်းလာရောင်းသူကို ပြန်ကြည့်မိတော့ အားလျော့သွားတဲ့လက်တွေက စက်ဘီးလေးတွန်းလို့ လေးတိလေးကန်နဲ့ထွက်သွားရှာတယ်။

ကိုယ်ခပ်ငယ်ငယ် ဟန်ဆောင်ပန်ဆောင်ပြောတတ်တဲ့ လူတွေအကြောင်း သိပ်မသိသေးခင်က အင်တာဗျူးတွေဖတ်ရတာ သိပ်ဝါသနာပါခဲ့တယ်။ အကြောင်းအရာတခုခုနဲ့ပတ်သက်ပြီး သူတို့ဘယ်လို မြင်ကြသလဲဆိုတာ စိတ်ဝင်စားတယ်။ အဲ့ဒီ အင်တာဗျူးတွေထဲမှာ တချို့နာမည်ကြီးပုဂ္ဂိုလ်တွေက သူတို့ဟာ သူတို့အပြုအမူနဲ့ ပတ်သက်ပြီး ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘယ်တော့မှ နောင်တမရတတ်ဘူးလို့ ဖြေကြတယ်။ ကိုယ် အံ့သြမိတယ်။ အားကျမိတယ်။ ကိုယ်တော့ ကိစ္စတခုခုရှိပြီဆိုရင် ဆုံးဖြတ်ချက်ချဖို့ တွေဝေဖင့်လေးတတ်တာရယ်၊ တခါတလေ မြန်လွန်းအားကြီးသွားတာတွေရယ်နဲ့ ဘယ်တော့မှ ကွက်တိမကျခဲ့ဘူး။ အချိန်နှောင်းပြီဆိုမှ ဟိုလိုလေးမှ မလုပ်လိုက်ရ၊ ဒီလိုလေးမှ မပြောလိုက်ရနဲ့ မကြာမကြာ နောင်တရတတ်တာပါပဲ။

အခုလည်း ကြည့်ပါ။ ဒီတဒင်္ဂလေးအတွင်း စိတ်ခံစားမှုအရ မဝယ်ဘူးလို့ ဘုတောလိုက်ပြီးမှ ဝယ်မှမဝယ်လိုက်ရ၊ သူ့မှာ မိုးရွာကြီးထဲ လိုက်ရောင်းနေရတာ၊ မရောင်းဘဲနေလို့ရရင် သူလည်းနေမှာပေါ့၊ အခုတော့ ဒီပန်းရောင်းရတဲ့ငွေ ရာဂဏန်းလေးဟာ သူ့အတွက် နောက်တနေ့စာ အရင်းလည်းဖြစ်နိုင်သလို၊ ဆန် ဆီ ဆားဖိုးတို့ ဆေးဖိုးဝါးခတို့လည်း ဖြစ်နိုင်သေးတယ်မလား၊ covid ကာလကြီးမှာ ခက်ခဲနေသူလည်း ဖြစ်နိုင်တယ်။ ငါက ဘယ်လိုကြီးလဲ၊ ဒါ ရိုးရိုးစျေးဝယ်တာထက်ပိုပြီး ရိုးသားစွာဝမ်းစာရှာစားနေသူကို အားပေးလိုက်တာပဲလို့ တွေးလို့လည်းရတာပဲလေ စသဖြင့် အဲ့လိုမျိုးတွေ အကြာကြီးတွေးပြီး စိတ်တွေရှုပ်နေပါလေရော။ ဒါကြောင့် နောင်တမရတတ်ဘူးဆိုသူတွေကို အံ့သြတာ။ အားကျမိတာ။

ကိုယ်နဲ့သိတဲ့အစ်မတယောက်က အမှတ်မထင်ပြောဖူးတယ်။ အင်း ကိုယ့်အတွက်တော့ အမှတ်ထင်ထင်ပေါ့လေ။ သူ မန်ကျည်းရွက်လေးတွေ ဝယ်လာတာ၊၂၀၀ ဖိုးကို နည်းတာမဟုတ်ဘူးတဲ့၊ ဒါတောင် တော်ပြီ မထည့်နဲ့တော့ ချက်လောက်ပြီလို့ ပြောလိုက်ရတာတဲ့၊ ဒီ ၂၀၀ လေးရဖို့ သူ့ခမျာ ဘယ်လောက်အကြာကြီး ခူးရမလဲ မသိဘူးတဲ့။ သူပြောတာကြားရတော့ နားထောင်နေတဲ့ကိုယ်က အံ့သြသွားတယ်။ ကိုယ်ဆိုရင် များများရလေကြိုက်လေပဲ။ ဆစ်ရမှာက ကိုယ့်အလုပ်၊ ရောင်းရမှာက သူ့အလုပ်၊ သူရောင်းနိုင်မှရောင်းပေါ့၊ ကိုယ်လည်း ဝယ်ချင်မှ ဝယ်မှာပေါ့ ။ ဒီလိုမျိုး နေလာခဲ့တာ။ တခါမှ စျေးရောင်းတဲ့လူဘက်မှ ဝင်မတွေးဖူးဘူး။

အဲ့ဒီအစ်မကတော့ ဓာတ်တိုင်ပေါ်တက်ပြီး မယ်ဇလီဖူးတွေ ခူးနေကြတဲ့ ကလေးလေးတွေတွေ့ရင်လည်း သူ့မှာ အမလေး ဒုက္ခပါပဲ ကလေးလေးတွေ သနားစရာ၊ ဓာတ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ မတော်လို့ တိုင်ပေါ်က ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ၊ အဲ့လို သက်စွန့်ဆံဖျားတက်ခူးပြီး မယ်ဇလီဖူးပြုတ်ရောင်းတော့ နို့ဆီဘူး တဘူးမှ ၅၀ လောက် ရတာ၊ တဘူးစာရဖို့ဆို မနည်းခူးရမှာ၊ မဆိုစလောက်လေးနဲ့ မတော်တဆများဖြစ်သွားရင် ဒုက္ခပါပဲ နဲ့ သူဟာ စိတ်ဆင်းရဲနေရှာတယ်။ ကိုယ်တော့ ဓာတ်တိုင်ပေါ်က ကလေးတွေတွေ့ရင် ဟာ အကုန်သေကုန်တော့မှာပဲ ဆိုပြီး အပြစ်ပဲ တင်တတ်တယ်။ သူတို့ကို မစာနာပေးတတ်ခဲ့ဘူး။ သူတို့ဘဝတွေကိုနားမလည်ခဲ့၊ ဂရုဏာလည်း မသက်မိခဲ့ဘူး။ စဉ်းစားကြည့်တော့ အဲ့ဒီအစ်မဆီက သင်ယူလိုက်ရတာတွေမနည်းပါလား။

ကိုယ်တခါစျေးထဲသွားတော့ စျေးလမ်းဘေးမှာ ချရောင်းနေတဲ့ လယ်ကန်စွန်းလေးတွေ ဝယ်တယ်။ တစ်ရာဖိုး ၃ စည်း၊ ၄ စည်းယူသွားတဲ့။ ကိုယ်က ၅ စည်းပေးပါ လို့ပြောတော့ ယူသွားတဲ့။ ဟာ ဘယ်ပြောကောင်းမလဲ အားရဝမ်းသာဖြစ်ပြီးတော့ ၂၀၀ ဖိုးဝယ်ချလာတာ။ ၂၀၀ ဖိုး အများကြီးရတယ်ဆိုပြီး လိုက်ကြွားရတာအမော။ နောက်တနေ့ စျေးအတွင်းထဲအထိဝင်ပြီး စျေးဝယ်ရတော့ အရင်နေ့က ဝယ်တဲ့လယ်ကန်စွန်းအစည်းလောက် မရှိတရှိလေးတွေ တစည်း ၁၀၀ တဲ့၊ ၂၀၀ ဖိုး ၃ စည်းတဲ့၊ ဟာ ဘာကွာတာလဲလို့ မေးကြည့်တော့ သူတို့က တဆင့်သည်တွေတဲ့။ မနေ့ကတွေ့ခဲ့တာ တောသည်တွေဖြစ်နိုင်တယ်တဲ့။ ကိုယ်တို့ဆီမှာ တောသည်ဆိုတာ ရွာကတောင်သူတွေပါ။ ကိုယ့်ခြံထွက် ယာထွက်လေးတွေကို ကိုယ်တိုင်ရောင်းတဲ့သူတွေကို ခေါ်ကြတာလေ။ အဲ့ဒီတုန်း ပိုက်ဆံတရာရဖို့ သူတို့တွေ လယ်ထဲမှာ ဘယ်လောက်ကြာကြာခူးခဲ့ရမှာလဲ မစဉ်းစားတတ်ခဲ့၊ စဉ်းစားရမှန်းတောင်မှ မသိခဲ့ပါဘူးလေ။ ခုနကအစ်မနဲ့ စကားပြောပြီးတော့မှ ကိုယ်ဟာ ရှက်စရာကောင်းတဲ့နည်းနဲ့ စျေးဝယ်ခဲ့တယ်ဆိုတာ သိလိုက်ရတာပဲ။

ကိုယ့်ဆရာမဆိုရင်လည်း သူစျေးသွားတော့ ဆိတ်ဖူးဥလေးတွေ တဆင့်သည်ဆီမှာမေးတာ တစည်း ၂၀၀ တဲ့။ တောသည်ဆီမှာမေးတော့ တစည်း ၇၀ နဲ့ရတယ်တဲ့။ တကယ်ပဲ ၇၀ နဲ့ပေးမှာလားဆိုတော့ ယူပါလို့ ပြောသတဲ့။ ဆရာမက ညည်းတို့ ကိုက်ပါ့မလာအေလို့ မေးတော့ ဒီလိုပဲ ရောင်းတာပါပဲလို့ ဖြေသတဲ့။ ၁၀၀၀ တန်ပေးပြီး ၁၀ စည်းဝယ်တော့ စျေးသည်က အနုတ်မရှိလို့ ထပ်ယူပါဆိုတာ တော်ပြီအေ၊ ငါ စားလောက်နေပြီ၊ အနုတ်လည်းသွားအမ်းမနေနဲ့တော့၊ မစောင့်နိုင်တော့ဘူးဆိုပြီး လှည့်ထွက်လာတယ်တဲ့။ အဲ့ဒီအချိန်မှာ အမျိုးသမီးတယောက်က တစည်းကို ၅၀ နဲ့ထားပါလို့ စျေးဆစ်တာကြားလိုက်ရတော့ ဆရာမဟာ ဒေါသတွေထွက်မိတယ်တဲ့။ တကယ်ဆို စျေးဟာ ထက်ဝက်မက သက်သာနေပါပြီ၊ ဒါကိုပဲ ရရင် ရသလို လူတွေက လက်တဆုံးအထိ နှိုက်ချင်တာ။ ဒီဟာလေးတစည်းရဖို့ တူးရတာ ဘယ်လောက်ကြာမယ်ထင်လဲ၊ ၁၀ စည်းရောင်းရဦးတော့ ဆန်တပြည်ဖိုးမရှိသေးဘူး၊ ဒီလောက်ပင်ပင်ပန်းပန်းလုပ်ထားရတာကို ထမင်း ဟင်းနဲ့ စားနိုင်ဖို့ မလွယ်ဘူး။ လူတွေဟာ ကိုယ်ချင်းလေးများ မစာကြဘူးတဲ့။ ဆရာမစကားနားထောင်ပြီး ကန်စွန်းရွက်ကို မတန်တဆ‌ စျေးဆစ်ပြီးဝယ်ဖူးတဲ့ ကိုယ်ဟာ မကောင်းမှုတခု ကျူးလွန်ထားသူလို အနေကျုံ့သွားတယ်။

ဆရာမစကားနဲ့ အစ်မစကားကိုကြားရပြီး တွေးမိတာတော့ သူတို့နေရာမှာ ကိုယ်ဆိုရင်ကော ဘယ်လိုလုပ်နိုင်မလဲ။ အင်းသေချာတာကတော့ ရရင်ရသလို လက်တဆုံးနှိုက်မယ့်လူထဲပဲ ပါလိမ့်မယ်ထင်ပါရဲ့။ အစ်မနဲ့ဆရာမကို ကြည့်ရတာ သူတို့ဟာ သာမာန်စျေးဝယ်သူတွေ မဟုတ်ဘူး၊ ကိုယ်လို လောဘသားတွေ မဟုတ်ကြဘူး။ သူတို့ စိတ်သဘောထားလေးတွေ ပြည့်ဝလိုက်ကြတာ။ သြော် ဒါကြောင့်မို့ လူတွေနဲ့တွေ့ပြီး လူတွေဆီက သင်ယူကြပါလို့ ရှေးလူကြီးတွေက တိုက်တွန်းကြတာကိုး။ ဒီလိုလူတွေနဲ့သာ စကားမပြောဖြစ်ခဲ့ရင် ကိုယ်ဟာ သူ့ဖက်ကိုယ့်ဖက်ဆိုတဲ့ အသိလေးတွေ၊ စာနာနားလည်ပေးရမယ်ဆိုတဲ့ အတွေးလေးတွေ တွေးရမှန်းတောင် သိခဲ့မှာမဟုတ်ဘူး။

အခုလည်း ကိုယ်ဟာ ဘာမဟုတ်တဲ့ ဇာတ်လမ်းတွဲကြောင့် လောကဓံကို ကြံ့ကြံ့ခံပြီး ရိုးသားစွာ ဝမ်းကျောင်းနေသူ လူတယောက်ကို ဥပေက္ခာပြုမိပါရော။ ဇာတ်ကားနဲ့ လူ ဘယ်ဟာအဓိကလည်းဆိုတာ အချိန်လွန်မှ သိခဲ့ရတယ်မလား။ ကိုယ်ဟာ စျေးဝယ်ရင် စျေးဝယ်တယ်ပဲ မြင်တတ်တယ်၊ များများရဖို့ပဲ တွေးတတ်တယ်၊ စျေးသည်ဘက်က ဝင်ပြီး ကိုယ်ချင်းမစာပေးတတ်သူ။ ဒီအတိုင်းဆိုရင် ကိုယ် ရှေ့လျှောက် ဘဝကြီးကို ဘယ်လိုများ ဖြတ်သန်းသွားရမလဲ စိုးထိတ်မိပါရဲ့။ စျေးဝယ်တဲ့ကိစ္စ လေးမှာတောင် ကိုယ်ဟာ အမြင်မကျယ်ခဲ့၊ အသိမကြွယ်ခဲ့။

ဒါတွေက ဝယ်သူဘက်ကပါ။ ကဲ စျေးသည်တွေ ဘက်ကရောတဲ့။ covid 19 ကာလမှာ နှာခေါင်းစည်းစျေးကွက်ကိုပဲကြည့်ပါ။ စဖြစ်ခါစက တခုကို ထောင်ဂဏန်းအထိ ပေးပြီး ဝယ်သုံးရတယ်။ နောက်တော့ ရာဂဏန်း၊ ပြည်တွင်းကူးစက်မှု မတွေ့ရတဲ့ကာလအတောအတွင်း တခုမှ ဆယ်ဂဏန်းနဲ့၊ ဟော အခု ဗြုန်းခနဲ ပြည်တွင်းကူးစက်မှုတွေလည်း များလာရော နှာခါင်းစည်းစျေးဟာ ကျောက်ခမန်းလိလိ တက်သွားတယ်မလား။ အဲ့ဒီတော့ တချို့ ရောင်းသူတွေလည်း ကိုယ်စျေးဝယ်တုန်းကလိုပဲ ကိုယ့်အတွက်ပဲ သိ၊ ကိုယ့်အတွက်ပဲကြည့်တဲ့ ဝိသမလောဘသားတွေ ဖြစ်ကုန်ကြတယ်မလား။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုဖြစ်ကုန်ကြတယ်။

စျေးထဲမှာ လူတွေ၊ တောစျေးသည်တွေ၊ တဆင့်ခံအမြတ်တင်ရောင်းသူတွေ၊ ဝိသမ လောဘသားတွေနဲ့ စိတ်သဘောထားပြည့်ဝတဲ့‌ ရောင်းသူဝယ်သူတွေ။ ရောင်စုံ အနံ့စုံ အလွှာစုံပါပဲလား။ ကိုယ့်အထင်တော့ ကိုယ်အပါအဝင် လူတိုင်းဟာ စျေးထဲမှာ စျေးရောင်းစျေးဝယ်ကိစ္စတခုကိုသာ ကောင်းကောင်းမွန်မွန် သမာသမတ်ကျကျ လုပ်နိုင်မယ်ဆိုရင် တခြားဘယ်ကိစ္စမှာမဆို အရာအားလုံး တဘဝစာလုံး ဖြောင့်ဖြူးသွားပြီလို့ ထင်မိတာပါပဲ။ ။