Breaking News

မောင်စွမ်းရည် - မြန်မာသဒ္ဒါကျမ်းကို ပထမဆုံးပြုစုသူမှာ အမေရိကန်တဦးဆိုပဲ



မောင်စွမ်းရည် - မြန်မာသဒ္ဒါကျမ်းကို ပထမဆုံးပြုစုသူမှာ အမေရိကန်တဦးဆိုပဲ

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၀

မြန်မာစာ၊ မြန်မာစကားမှာ ‘သဒ္ဒါ’မရှိဘူးလို့ တချို့က တတ်ယောင်ကား နပ်ယောင်ကားများက ရမ်းသမ်းပြီး ပြောဆိုလေ့ရှိခဲ့ကြပါတယ်။ သဒ္ဒါ ဆိုတာက ဘာသာစကားတိုင်းမှာ ရှိတယ်။ တကယ် စင်စစ် မရှိတာက ‘မြန်မာသဒ္ဒါစာအုပ်’၊ ‘မြန်မာသဒ္ဒါကျမ်း’ ဖြစ်ပါတယ်။

သဒ္ဒါ ဆိုတာက စကားရဲ့အစိတ်အပိုင်းများ ဆက်စပ်ပုံကို ပြောတာပါ။ ကတ္တား၊ ဝါစက၊ ကံ စတဲ့ အစိတ်အပိုင်းတွေပေါ့။ နာမ်၊ နာမဝိသေသန၊ ကြိယာဝိသေသန၊ ဝိဘတ်၊ သမ္ဗန္ဓ ဆိုတာတွေက သဒ္ဒါ အစိတ်အပိုင်းတွေပေါ့။

‘နာမ်’ ဆိုတာ ‘အမည်ဟူသရွေ့ကို ခေါ်သည်’တဲ့။ ငယ်စဉ်က ကျက်မှတ်ခဲ့ရတာက အရာဝတ္ထုတွေရဲ့ အမည်ကို ဆိုလိုတာပါ။ လူ၊ ခွေး၊ ကြောင်၊ ဖောင်တိန်၊ ပန်းကန်၊ စားပွဲ၊ ကုလားထိုင်၊ ကား၊ လှည်း၊ မြစ်၊ ချောင်း၊ တော၊ တောင် ဆိုတာ အမည်တွေပေါ့။ အဲဒါတွေဟာ အားလုံး ‘နာမ်’တွေချည်းပဲပေါ့။ နာမ်တခုဟာ ဝါကျထဲမှာ ဘယ်လိုနေရာက နေသလဲ။

ဥပမာ- (၁) လူက ခွေးကို ရိုက်သည်။

(၂) ခွေးက လူကို ကိုက်သည်။

ဝါကျ (၁) မှာ လူက ပြုလုပ်သူ။ ပြုလုပ်သူ ဆိုတာ သဒ္ဒါသဘောအရ ‘ကတ္တား’။ လူ ပြုလုပ်တာကို ခံရတာက ‘ခွေး’။ ခွေးကို သဒ္ဒါသဘောအရ ‘ကံ’တဲ့။ ‘ရိုက်’ ဆိုတာ ဘာပြလုပ်သလဲ ဆိုတာ ပြောပြတဲ့ စကားလုံး။၊ အဲဒါကို သဒ္ဒါသဘောအရ ‘ကြိယာ’တဲ့။

ဝါကျ (၂) မှာတော့ ခွေးက ပြုလုပ်သူ ‘ကတ္တား’။ လူက ခံရသူ ‘ကံ’။ နေရာချင်း လဲလိုက်ပြီ။ ဒီတခါ ပြုသူ ခွေးက ဘာပြုသလဲဆိုတော့ ‘ကိုက်’ခြင်းကို ပြုတယ်။ ‘ကိုက်’က ကြိယာ ဖြစ်သွားပြီ။

အဲဒီထဲက နာမ်တေွကို ကတ္တားနေရာ၊ ကံနေရာ အလဲအလှယ်ထားလို့ ရတယ်။ လူနဲ့ ခွေး နေရာလဲလို့ ရတယ်။ ပြုသူနဲ့ ခံသူ နေရာလဲလှယ်နိုင်တယ်။ လူနဲ့ ခွေး ဆိုတဲ့ ‘နာမ်’တွေကို ထပ်ချဲ့လို့ရသေးတယ်။ ဥပမာ- ဝသောလူ၊ ပိန်သောခွေး။ ဝသောခွေး၊ ပိန်သောလူ၊ အဲဒီ ‘ဝသော’၊ ‘ပိန်သော’ ဆိုတဲ့ စကားလုံးတွေဟာ နာမ်ဖြစ်တဲ့ လူနဲ့ ခွေးတို့ကို ထူးခြားအောင် လုပ်ပေးတယ်။ ဒါကြောင့် သူတို့ကို အထူးပြုတဲ့ စကားလုံးတွေကို နာမ်အထူးပြုစကား ‘နာမဝိသေသနစကား’လို့ ခေါ်တယ်။

ရိုက်၊ ကိုက် ဆိုတဲ့ ကြိယာတွေကိုလည်း အထူးပြုလို့ရတယ်။ ချဲ့ထွင်လို့ရတယ်။ ဥပမာ- ပြင်းထန်စွာ ရိုက်တယ်။ ‘သာသာလေး’ ရိုက်တယ်။ အဲဒီ ‘ပြင်းထန်စွာ’တို့၊ ‘သာသာလေး’တို့ ဆိုတာ ‘ကြိယာဝိသေသန’တဲ့။ အဲသလို စကားရဲ့ အစိတ်အပိုင်းတွေကို ခွဲခြားသတ်မှတ်တာလည်း ပညာတခုပဲ။ သဒ္ဒါပညာပေါ့။

ကျွန်တော်တို့ ကျောင်းသားဘဝမှာ ပဉ္စမတန်း (၅ တန်း)ကစပြီး သဒ္ဒါသင်ရပါတယ်။ ပဉ္စမတန်းကနေ ဆယ်တန်းအထိမကဘူး။ တက္ကသိုလ်အထိ သင်ရဦးမှာတဲ့။ သဒ္ဒါအပြင် ဝါကျဖွဲ့ထုံးကျမ်း ဆိုတာတွေ လည်း ရှိသေးတယ်။ အဲဒီလို ကျောင်းသုံးသဒ္ဒါစာအုပ်တွေ ကျောင်းတွေမှာ သင်ဖို့ အဆင့်ခွဲပြီး စနစ်တကျ ရေးသားပြုစုပေးသူကတော့ မြန်မာတက္ကသိုလ်မှာ ပထမဆုံး မြန်မာလူမျိုး ပါမောက္ခ၊ ပထမဆုံး မြန်မာလူမျိုး တက္ကသိုလ်ကျောင်းအုပ် ဖြစ်သူ ဒေါက်တာဖေမောင်တင်တဲ့။ မြန်မာလူမျိုး ခရစ်ယာန်ဘာသာဝင် ဖြစ်ပေမယ့် ဗုဒ္ဓကျမ်းစာ ပါဠိစာပေကျမ်းဂန်များကို ကမ္ဘာကျော် တဖက်ကမ်းခတ် တတ်ကျွမ်းသူ ဖြစ်ပါတယ်။ မြန်မာကျောင်းသုံးစာအုပ်တွေကိုလည်း သူငယ်တန်း၊ မဟာတန်းအထိ သုံးဖို့ ကိုယ်တိုင် ရေးသားပြုစု၊ တည်းဖြတ် ထုတ်ဝေခဲ့သူ မြန်မာစာပေ ကျေးဇူးရှင်ကြီး ဖြစ်ပါတယ်။ မွေးကတည်းက ခရစ်ယာန် ဖြစ်ပါတယ်။

ဆရာကြီးဖေမောင်တင် ပါမောက္ခချုပ် ဖြစ်နေချိန် (ကျောင်းအုပ်ဆရာကြီး ဖြစ်နေချိန်)မှာ ကျောင်းသား မောင်ရှုမောင်ဟာ အကျင့်စာရိတ္တမကောင်းလို့တဲ့၊ ကျောင်းထုတ်ခံရဖူးတယ်။ မောင်ရှုမောင်ဟာ နောင်အခါ နိုင်ငံအကြီးအကဲ ဖြစ်လာတော့ ဦးဖေမောင်တင်ကိုယ်တိုင်က ကျောင်းထုတ်ခဲ့တာ မဟုတ်ပေမယ့် ဦးဖေမောင်တင်ကို အငြိုးထားတယ်။ ဦးဖေမောင်တင် မရှိမှ သူက အာဏာရှိလာတော့ ဦးဖေမောင်တင်ရဲ့ တပည့်တဦးကို ‘ခရစ်ယာန်ကြီးရဲ့တပည့်’ ဆိုပြီး အလုပ်ဖြုတ်ပစ်ခဲ့ဖူးတယ်။ ဒါကြောင့် တက္ကသိုလ်ဆရာတွေက လန့်နေပြီး ဦးဖေမောင်တင် အကြောင်းကို လေသံတောင် မဟရဲကြဘူး။ ခုတော့ မြန်မာစာဌာနက ရုပ်တုတွေ ဘာတွေ လုပ်ပြီး ပူဇော်သမှုပြုထားပါတယ်။ ‘ပူဇာစ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ’။



ခရစ်နှစ် ၁၈၀၀ ကျော်လောက်က အမေရိကန်လူမျိုးတယောက် ဗမာပြည်ကို ရောက်လာပြီး ခရစ်ယာန် သာသနာပြုတယ်။ ဗမာပြည် ဆိုတာ မြို့တော် ‘အင်းဝ’ကို ဆိုလိုတယ်။ အင်းဝ နေပြည်တော်မှာ နန်းတက်နေသူက ဘကြီးတော် တဲ့။ ခရစ်ယာန်သာသနာပြုသူကတော့ ‘ဂျဒ်ဆင်’ တဲ့။ မြန်မာမှုပြုပြီး ခေါ်ကြတာ ‘ယုဒသန်’ တဲ့။ သူက ခရစ်ယာန်သာသနာပြုဖို့ မြန်မာစာ မြန်မာစကားကို မြန်မာပညာရှိတွေနဲ့ ဘုန်းကြီးလူထွက်တွေထဲမှာ သင်ယူတယ်။ သင်ယူပြီးတော့ ကိုယ့်ဘာသာတတ်ရင် ပြီးရောဆိုပြီး နေတာ မဟုတ်ဘူး။ သူ့နောက်က ရောက်လာမယ့် သာသနာပြု ပုဂ္ဂိုလ်တွေအတွက်လည်း စာအုပ်တွေ ပြုစုခဲ့ပါတယ်။ ဒါတင်ဘယ်ကမလဲ။ ‘ဘိုင်ဘယ်’ ခေါ် ‘ခရစ်ယာန် သမ္မာကျမ်းစာ’ ကိုလည်း မြန်မာဘာသာ ပြန်ဆိုခဲ့ပါတယ်။ (သမ္မာကျမ်းစာ စာအုပ်ရဲ့ နာမည်အပြည့်အစုံမှာ The Holy Bible ဖြစ်ပါတယ်။) အဲဒီသမ္မာကျမ်းစာရာယ်၊ သဒ္ဒါကျမ်းစာရယ်၊ အဘိဓာန်ရယ် အဓိကသုံးမျိုး သုံးအုပ်ကို သူ မကွယ်လွန်မီ (၁၈၄၉ မတိုင်မီကာလအတွင်းမှာ) ရေးသားပြုစုခဲ့ပါတယ်။ ခုဆိုရင် နှစ်ပေါင်း ၁၇၀ ကျော်ပြီဆိုတော့ နှစ် ၂၀၀ ဘက်ကို နီးခဲ့ပြီ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ထဲမှာ ယုဒသန်ဝ်ကျောင်းကို ကျောင်းသား ကျောင်းသူတိုင်း သိကြပါတယ်။ ကောလိပ်ဂျင်နေဝင်း တို့၊ အင်္ဂလိပ်စာဆရာ၊ သတင်းစာဆရာ ချစ်သိန်းဦးတို့ဟာ ယုဒသန် ဝ်ကျောင်းမှာ ဘုရားဝတ်ပြုခဲ့ကြသူတွေ ဖြစ်ပါတယ်။

နာမည်ကျော် ယုဒသန်ကောလိပ်ကျောင်းသား တယောက်ကိုတော့ မှတ်မိသေးပါစ။ ကိုအောင်ကျော် လေ။ မဲဇလီကုန်းသား ကိုအောင်ကျော် တဲ့။ ‘အာဇာနည် ဗိုလ်အောင်ကျော်’လို့ ကျောင်းသားတွေက ခေါ်ကြပါတယ်။ အဲဒီဂျဒ်ဆင်ကောလိပ်ကတော့ ဂျဒ်ဆင်ဝတ်ကျောင်းကနေ အနောက်ဘက်က လမ်းမကြီးကို ဖြတ်ကူးလိုက်ရင် တွေ့ရတဲ့ အဆောက်အအုံပါပဲ။ ဒါတွေကတော့ ကျွန်တော်တို့ ရန်ကုန်ရောက်မှ သိဖူး၊ မြင်ဖူးတာတွေပေါ့။ ရန်ကုန်မရောက်ခင်ကတော့ ‘ဂျဒ်ဆင်အဘိဓာန်’ပါပဲ။ တခါတလေ ပျင်းရင် ဂျဒ်ဆင်အဘိဓာန်ထဲက စကားလုံးတွေကို လေ့လာရတာ ပေါရာဏလို့ ပြောရမယ့် စကားလုံးတွေ များပြီး လွမ်းစရာကောင်းလှပါတယ်။ စာရေးဆရာ မောင်စင်ကြယ်က ယုဒသန်အတ္ထုပ္ပတ္တိကို ဘာသာပြန်ထားပါတယ်။ ဂျဒ်ဆင်ရဲ့ မြန်မာစာကို မလေ့လာဖူးသေးရင် မြန်မာစာပေသမားလို့ မခေါ်နိုင်သေးပါ။

စာမူက ကျွန်တော့်ဆီမှာပါ။ ပုံနှိပ်ဖြစ်အောင် ကြိုးစားပါမယ်။

မောင်စွမ်းရည်

၂၀၂၀ ဖေဖော်ဝါရီ ၁၇ ရက်