Breaking News

မြင့်ကျော် - မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန် ကြည့်ခြင်း(၃)



မြင့်ကျော် - မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန် ကြည့်ခြင်း(၃)

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၀

အခုလို မီဒီယာဖွံ့ဖြိုးမှုအကြောင်းနဲ့ပတ်သက်လို့ ပြန်ငဲ့ကြည့်တဲ့ ပြန်သုံးသပ်တဲ့ စာလေးတွေရေးတော့ ဘယ်ကစပြီး ဘယ်မှာဆုံးရင်ကောင်းမလဲတွေးကြည့်မိပါတယ်။ ဖြစ်စဥ် မှတ်တမ်းသဖွယ် အချက်အလက်တွေချည်းရေးရင်လည်း စိတ်ဝင်စားစရာကောင်းမှာမဟုတ်ဘူးလို့ တဖက်ကတွေးမိပြန်ပါတယ်။ 

စိတ်ဝင်စားစရာကောင်းတဲ့ မှန်ကူကွက် ဟိုတကွက်သည်တကွက်နဲ့ ရေးပြတာမျိုးဆိုကောင်းမလားလည်း တွေးမိပြီး စိတ်ထဲပေါ်လာတဲ့ စိတ်ထဲစွဲမှတ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ချိတ်ဆက်ရေးသွားဖို့ တွေးမိပါတယ်။
ပထမဆုံး အမှတ်ရတဲ့ မှန်ကူကွက်တကွက်ကတော့ ကျနော်တို့ မီဒီယာလောကနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ပြန်ကြားရေးဝန်ကြီး ဆရာဖေနဲ့ပတ်သက်တာပါ။ ဆရာဖေ ဝန်ကြီးဖြစ်ပြီးခါစ ၂ လလောက်အကြာမှာ မဇ္စျိမကစီစဥ်တဲ့ မီဒီယာပေါ်လစီ စားပွဲဝိုင်းဆွေးနွေးပွဲ မှာတုန်းကဖြစ်ပါတယ်။ 

နေရာကတော့ ကန်တော်ကြီးပဲလေ့စ်လို့ စိတ်ထဲမှတ်မှတ်သားသားနဲ့ မှတ်မိပါတယ်။ အဲဒီပွဲမှာ ဆွေးနွေးပွဲအပြီး နေ့လည်စာစားကြတဲ့အခါ လူချင်းဆုံတော့ ကျနော်က “ဆရာ ကျနော်ကတော့ သတင်းမီဒီယာတွေ မေးလာရင် ပြောစရာရှိတာပြောရမှာပဲ “ အသိပေးစကားပြောလိုက်တော့ ဆရာဖေက ကျနော့်ကို ဘာပြန်ပြောသလဲဆို “ ကိုမြင့်ကျော်လည်း ကိုမြင့်ကျော်အလုပ်လုပ် ကျနော်တို့လည်း ကျနော်တို့အလုပ်လုပ်ကြတာပေါ့” လို့ မျက်နှာမပျက် ပြန်ပြောခဲ့ပါတယ်။ 

အဲဒီအချိန်က ကျနော်လည်း စိတ်ထဲမှာရှိတဲ့အတိုင်း ကျနော်တို့နဲ့ စာနယ်ဇင်းကောင်စီယာယီမှာ လုပ်ဖေါ်ကိုင်ဖက်ဖြစ်ခဲ့သူ ကိုယ်တွေလိုပဲ သတင်းလွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့်ကိုယုံကြည်သူ ဆရာအဖြစ် အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ 

..

..
အမှန်တကယ်လည်း မီဒီယာကိစ္စတွေနဲ့ပတ်သက်လို့ရှိရင် အများနဲ့ဆိုင်တဲ့ ကိစ္စတွေဖြစ်လို့ လူချင်းခင်မင်ရင်းနှီးတာက ခင်မင်တာတပိုင်း ပြောသင့်တာကို ပြောရမယ့် အပိုင်းကတပိုင်းလို့ နားလည်ထားတာကြောင့် ဆရာဖေကို အဲဒီပွဲမှာ ပြောခဲ့တာပါ။ 

အဲဒီပွဲမှာပဲ သတင်းမီဒီယာသမားထဲက တဦးက ဆွေးနွေးရာမှာ ဒီမိုကရေစီနိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိသင့်ဘူးဆိုပြီးဆွေးနွေးသွားသလို နောက်တဦးကတော့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းမီဒီယာ၊ သတင်းဌာနတွေကို ပံ့ပိုးကူညီသင့်တယ် ဆိုတာဆွေးနွေးသွားပါတယ်။ အထက်က ဆွေးနွေးချက်တွေအဆုံး ဝန်ကြီးရဲ့ အချုပ်စကားပြောတဲ့ အလှည့်မှာတော့ ဝန်ကြီးက ဘယ်လိုချေပခဲ့သလဲဆို. တချို့က ဒီသစ်ပင်ကြီးကမရှိသင့်ဘူးလို့ဆိုတယ် ခုတ်လှဲသင့်တယ်လို့ဆိုတယ်၊ တချို့ကတော့ ဒီသစ်ပင်အရိပ်ကို ခိုချင်တယ်၊ ဒီသစ်ပင်က အကျိုးရလဒ်ကို တောင်းခံတယ် ဒီလိုဆွေးနွေး ပြောဆိုတာတွေက ရှေ့နောက်မညီကြဘူးဆိုတဲ့ သဘောနဲ့ တုံ့ပြန်ချေပသွားတာလည်း ကျနော် ခုချိန်ထိ အမှတ်ရနေဆဲပါ။ 

...
...
မနေ့တနေ့ကတော့ လွှတ်တော်မှာ စစ်ကိုင်းတိုင်းဒေသကြီး က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးရဲထွဋ်ကလည်း နိုင်ငံပိုင်မီဒီယာမရှိသင့်တော့ဘူးလို့ ဆွေးနွေးသွားပြီး ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိုင်ငံပိုင်မီဒီယာကို ရပ်ဆိုင်းဖို့က စောလွန်းနေသေးကြောင်း ခုခံပြောဆိုသွားပါတယ်။ ဒုဝန်ကြီးက ပြောသွားတဲ့အကြောင်းပြချက်ကတော့ မြန်မာနိုင်ငံကပြောတဲ့ မြန်မာ့အကြောင်း Myanmar Narrative ပေါ်ထွက်ဖို့ရာ နိုင်ငံပိုင်မီဒီယာရှိဖို့ လိုသေးတယ်လို့ဆိုသွားပါတယ်။ 

သို့သော် နိုင်ငံပိုင်မီဒီယာက ပြောတဲ့ မြန်မာ့အကြောင်းနဲ့ ပုဂ္ဂလိကမီဒီယာ တနည်းအားဖြင့် လွတ်လပ်တဲ့မီဒီယာကပြောတဲ့ မြန်မာ့အကြောင်း ဘယ်ဟာက နိုင်ငံတကာအသိုင်းအဝိုင်းကို ယုံကြည်မှုရစေနိုင်သလဲဆိုတာက ကျနော့်ခေါင်းထဲ ပေါ်လာတဲ့ မေးခွန်းပါ။ 

...
...
တကယ်တော့ ၂၀၁၃ ခုနှစ်ကတည်းက နိုင်ငံပိုင်မီဒီယာကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်အသွင်ပြောင်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေ Public Service Media Bill မူကြမ်း တင်သွင်းခဲ့ပါတယ်။ 

အဲဒီအချိန်က စာနယ်ဇင်းကောင်စီယာယီက PSM ဆိုတာကို မူအရလက်ခံပြီး အဲဒီဥပဒေကြမ်းပါ အချက်အလက်အချို့ကိုတော့ လက်သင့်မခံခဲ့ပါဘူး၊ ကောင်စီက အချက် ၉ ချက်နဲ့ ထောက်ပြထားတဲ့ စာပေးပို့ပြီး အဆိုပါမူကြမ်းကို ပြင်ဆင်ဖို့ စာပေးပို့ခဲ့ပါတယ်။ 

...
၂၀၁၃ ခုနှစ် ဇွန်လ၈ ရက်နေ့မှာ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က PSB ဥပဒေကြမ်းနဲ့ပတ်သက်လို့ မီဒီယာရှင်းလင်းပွဲ တစ်ရပ်ကို သိမ်ဖြူလမ်းခန်းမမှာ ပြုလုပ်ပါတယ်။ ကျနော်လည်း အဲဒီရှင်းလင်းပွဲကို မီဒီယာအဖွဲ့အစည်းကိုကိုယ်စားပြုပြီး တက်ရောက်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာကို အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ် ဆက်လက်ထုတ်ဝေမယ် ဆိုတာကို သဘောမတူကြောင်း၊ ကမ္ဘာမှာ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ အများပြည်သူဝန်ဆောင်မှုသတင်းစာဆိုတာ မရှိကြောင်း၊ ဥပဒေကြမ်းမှာပါဝင်တဲ့ အများပြည်သူဝန်ဆောင်မှု သတင်းစာအနေနဲ့ ကြော်ငြာကို ဆက်လက်လက်ခံမယ်ဆိုတာကို သဘောမတူကြောင်း ဆွေးနွေးခဲ့ပါတယ်။
....

အဲဒီလို PSM bill နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ သတင်းမီဒီယာပေါ်မှာ ဖေါ်ပြနေကြတာကြောင့် သက်ဆိုင်တဲ့ ပြည်သူ့လွှတ်တော်ကော်မတီ တစ်ခုဖြစ်တဲ့ အားကစား၊ ယဥ်ကျေးမှုနဲ့ ပြည်သူဆက်ဆံရေးကော်မတီက သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ တချို့သော သတင်းးသမားတွေကို ပါဖိတ်ပြီး ရှစ်မိုင်လမ်းဆုံက ဟိုတယ် ရန်ကုန်မှာ တွေ့ဆုံကာ မီဒီယာနယ်ပယ်ဘက်က အမြင်တွေသဘောထားတွေကို မေးမြန်းခဲ့ကြပါတယ်။ 

အဆိုပါ PSM bill နဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ ယာယီက တရားဝင်ကန့်ကွက်ပြောဆိုမှုပေါ်မူတည်ပြီး သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ လွှတ်တော်ကော်မတီက သက်ဆိုင်ရာလွှတ်တော်ကော်မတီက ဝန်ကြီးဌာန၊ ကောင်စီတို့ကို နေပြည်တော် ဖိတ်ကြားပြီး နှစ်ဘက်တင်ပြချက်ကို ကြားနာခဲ့ပါတယ်။ အဆိုပါ ကြားနာပွဲကို ဝန်ကြီးဌာနဘက်က ဝန်ကြီးဦးအောင်ကြည် ကိုယ်တိုင်တက်ရောက် ဆွေးနွေးခဲ့တာပါ။ 

ဝန်ကြီးရဲ့ ပါဝါပွိုင့်တင်ပြချက်မှာ သတင်းမီဒီယာပလက်၃ မျိုးရဲ့ ပြန့်နှံ့မှု ရာနှုန်းကို ဖေါ်ပြခဲ့ပြီး ရေဒီယိုက အများဆုံး ၃၅ % ဒုတိယ ရုပ်သံက ၂၃% နဲ့ တတိယ သတင်းစာက ၁၂ % လို့ပါရှိပါတယ်။ ဝန်ကြီးရဲ့ တင်ပြဆွေးနွေးမှု အပြီးကောင်စီဘက်က ဆွေးနွေးချက်တွေထဲ အခုလို ပျံ့နှံ့မှုကိန်းဂဏန်းအရ ဆို အများပြည်သူဝန်ဆောင်မှုမီဒီယာကို ရုပ်သံနဲ့ ရေဒီယိုမှာသာ လုပ်ဆောင်ပြီး ပျံ့နှံ့မှု အနိမ့်ဆုံးဖြစ်တဲ့ သတင်းစာကို ဘာလို့ဆက်လုပ်တော့မှာလဲလို့ စောဒက တက်ဆွေးနွေးခဲ့တာလည်း မှတ်မိနေပါသေးတယ်။ 

....
အဲဒီနောက် ဒီ PSM ဥပဒေကြမ်းက ၁နှစ်ကျော်ကြာ လွှတ်တော်မှာ အတည်မပြုနိုင်ဘဲ ရှိခဲ့ရာက ၂၀၁၅ နှစ်မတ်လလယ်မှာ ပြန်ကြားရေး ဝန်ကြီးဌာနကပဲ PSM bill ကို လွှတ်တော်တင်ထားရာကနေ ပြန်ရုပ်သိမ်းသွားပါတယ်။ 

အဲဒီတုန်းက သတင်းဖေါ်ပြမှု တချို့မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနဘက်က ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ပြီးတင်သွင်းမယ်လို့ ပြောဆိုထားပေမယ့် ၂၀၁၅ ခုနှစ်ကုန်မှာ ရွေးကောက်ပွဲလည်း ရှိတာကြောင့် ပြန်ပြီးမတင်သွင်းဖြစ်တော့တာ တွေ့ရပါတယ်။ 

...
....
ဒါတွေ ပြန်ရေးပြရခြင်းက နိုင်ငံပိုင်မီဒီယာကို အများပြည်သူဝန်ဆောင်မှုမီဒီယာ အသွင်ပြောင်းရေး နဲ့ပတ်သက်လို့ အရင်က ဘာတွေဖြစ်ခဲ့ပြီး အခုလက်ရှိအခြေအနေက ဘယ်ကိုရောက်နေလဲဆိုတာ သိစေချင်တာဖြစ်ပါတယ်။ 

ယခင်က ကျနော်တို့နဲ့ အတူစာနယ်ဇင်းကောင်စီယာယီမှာ တွဲပြီးလုပ်ကိုင်ခဲ့တဲ့ ဆရာဖေ၊ ဆရာဦးအောင်လှထွန်းတို့က အခု ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ယူနေကြတာ ၄ နှစ်ကျော် ၂ နှစ်ကျော် အသီးသီးရှိကြပါပြီ။ 

သတင်းမီဒီယာနယ်ပယ်က တချို့ကလည်း ဆရာဖေ ဝန်ကြီးဖြစ်သွားလို့ အမြင်တွေ သဘောထားတွေ ပြောင်းသွားတာလားလို့ မေးခွန်းထုတ်တာမျိုး မကြာခဏကြားရ ဖတ်ရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဘာကြောင့်လည်းလို့ မကြာခဏတွေးကြည့်မိပါတယ်။ အစိုးရဖြစ်သွားလို့ အစိုးရလို့ စဥ်စားတာလား၊ လွတ်လပ်ခွင့်ထက် အုပ်ချုပ်ရလွယ်ကူဖို့ ထိန်းချုပ်ဖို့ အမြင်ကို ဦးစားပေးတာလားလို့ ကောက်ချက်ချမိပါတယ်။
 
ဒါနဲ့တဆက်ထည်း အဲဒီ ၂၀၁၆ မေလက အဖြစ်အပျက်တခုကို အမှတ်ရနေပါသေးတယ်။ 

အဲဒါက ဘာလဲဆိုတော့ နှစ်စဥ်ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေလ ၃ ရက်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာကျင်းပတော့ အစဥ်အလာအတိုင်း ပြန်ကြားရေးဝန်ကြီး တက်ရောက်ပြီး ကောင်စီနဲ့ သတင်းသမားအဖွဲ့အစည်းတွေလည်း တက်ရောက်ကြပါတယ်။ အဲဒီပွဲကို ကျနော်လည်း မြန်မာဂျာနယ်လစ်ကွန်ရက်ကို ကိုယ်စားပြုပြီးတက်ရောက်ပါတယ်။ ပွဲအပြီး ပြန်ကြားရေးဝန်ကြီးက ကောင်စီ၊ သတင်းသမားအဖွဲ့အစည်းများနဲ့ အခန်းတခန်းမှာ တွေ့ဆုံပြီးမီဒီယာအရေးကိစ္စတွေ ပြောဆိုကြပါတယ်။
...

...
သတင်းသမားအဖွဲ့တွေနဲ့ ပြန်ကြားရေးဝန်ကြီးတွေ့တယ် ဆိုတော့ သတင်းထောက်တချို့က သတင်းတော့ဖြစ်ပြီဆိုပြီး တွေ့ဆုံတဲ့အခန်းထဲမှာ ဓါတ်ပုံလည်းရိုက်၊ ဆွေးနွေးကြတာကိုလည်း အစအဆုံးနားထောင်နေခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာတော့ သတင်းထောက်ကိုရန်နောင်က ကျနော့်ကို “သတင်းတပုဒ် ရပြီလားလို့ စောင့်နားထောင်နေတာ ဆရာတို့တွေက အချင်းချင်းဆိုတော့ ဘာမှလဲ သိပ်မပြောကြဘူး” လို့ မှတ်ချက်ပေးပါတယ်။ သူကတော့ တဖက်နဲ့တဖက် အချေအတင်ပြောကြမယ့် ပွဲလို့မျှော်လင့်ထားပုံရပါတယ်။ ကျနော်တို့တွေ လူချင်းရင်းနှီးနေတာကြောင့် ပြောရမယ့်ကိစ္စတွေ အရင်လို တည့်တည့် မပြောကြတော့ဘူးလားလို့ သူက မြင်တာဖြစ်ပါတယ်။


သြဂုတ် ၂၇ ၊ ၂၀၂၀ခု