ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၆)
ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၆)
(မိုးမခ) စကိတင်ဘာ ၁၊ ၂၀၂၀(11) 8888 အဇင်းရွာမှသည် ဘုရားသုံးဆူသို့
ခု ဒီပို့စ်ကို ရေးနေချိန်မှာ မနက်ဖြန်ဆို 8888 နှစ်ပတ်လည်နေ့ရောက်ပါပြီ။ ကိုယ်တွေ တော်လှန်ရေးလုပ်မယ်ဆိုပြီး ကိုယ့်နိုင်ငံထဲက ထွက်ခဲ့ချိန်ကစပြီး ရေးလိုက်တာ ရနောင်း- ဘန်ကောက်-မဲဆောက်-သေဘောဘိုး- မဲဆောက် ထောင်၊ ကော့မူးရာ၊ သေဘောဘိုး အေဘီ တပ်စခန်း၊ ဝေါလေကနေ အခု အဇင်းရွာရောက်ခဲ့ပါပြီ။
ကိုယ့်တွေ ဖြတ်သန်းခဲ့တဲ့ ၁၉၈၂-၈၃ ပုဒ်မ ၅(ည)နဲ့ အင်းစိန်၊ မော်လမြိုင်ထောင်ထဲ အတူရောက်ခဲ့တဲ့ ကဗျာစာအုပ်၊ နိင်ငံရေးလုပ်ဖော်ထဲက နှစ်ယောက် (ကျော်မြတ်ငြိမ်း၊ အောင်ဆန်း) နဲ့အတူ ပါသွားတဲ့ (သန်းဦးနဲ့ အောင်ဆန်းခေါ်သွားတဲ့ ကလေးမလေးတစ်ယောက်) တို့ ၁၉၈၅ မေလကုန်ခါနီးတောခိုခဲ့။ ကျော်မြတ်ငြိမ်းက ဦးဆောင်ပြီး ကေအင်ယူထဲ ဝင်သွားလိုက်တာ လေးလပဲကြာလိုက်တယ်။ တောထဲမှာ သူ (ကျော်မြတ်ငြိမ်း(ခ) စနေဆန်း) ရောဂါနဲ့ ဆုံးပါးခဲ့တာ ၁၉၈၅ စက်တင်ဘာလမှာပါ။ မိုးတွင်းကြီး သွားလာရခက်ခဲချိန်မှာ ဖြစ်တာမို့ ထိရောက်တဲ့ ကုသမှု မည်သို့မျှ မရခဲ့ ကျဆုံးခဲ့တဲ့ လမ်းကြောင်းကို အခု ကိုယ်ကိုယ်တိုင် ရောက်ခဲ့ပြီး၊ သန်းဦးနဲ့ လည်းတွေ့ခဲ့ အောင်ဆန်းခေါ်သွားတဲ့ ကောင်မလေး (အခုတော့ အိမ်ထောင်ရှင် အမျိုးသမီး)အိမ်မှာ သောင်တင်နေခဲ့တာ။
ဦးတည်ရာက ဘုရားသုံးဆူရောက် ရနောင်းက ကျောင်းသားအဖွဲ့နဲ့ သွားဆုံဖို့ပါ။
မိုးလင်း ထမင်းကြမ်းစားပြီး ကိုယ်တစ်ကိုယ်ထဲ ယောင်လည် လည် နဲ့ ဘာလုပ်ရမယ်မသိ၊ အိမ်ရှင် အမျိုးသမီးက ဈေးဝယ် ချက်ပြုတ်နေချိန်မှာတော့ သူတို့ သားလေး ဂျစ်တူးကို ထိန်းပေး၊ အိမ်ရှင် အမျိုးသားက မနက်စာစားပြီး တာနဲ့ သူ့အလုပ်သူသွားလုပ်၊ မှတ်မိသေး၊ မြန်မာသီချင်းရသလောက်နဲ့ ကလေး ချော့သိပ်၊ အိပ်သွားရင် တစ်ခါတစ်လေ အဖူးတို့ ရုံးခန်း သွားလည် ဘုရားသုံးဆူဘက်သွားမယ့် ကားကြုံသတင်းစောင့်၊ တစ်ကယ့်ယောင်ခြာခြာပါ။
တစ်ပတ်လောက်ကြာလာတော့ ဗြုန်းဆို ကားက အိမ်ရှေ့ရောက်လာ၊ ကမန်းကတန်း အထုပ်ဆွဲ နှုတ်ဆက်ချိန်မှာ အိမ်ရှင်မက ဆယ့်ငါးကျပ်တန်နဲ့ ငါးကျပ်တန် လေးသုံးလေးရွက်(စုစုပေါင်း ဗမာငွေ ငါးဆယ်ကျပ် ထင်ပါရဲ့) ကိုယ့်လက်ထဲလာထည့်တယ်။ "မယူပါရစေနဲ့" ကိုယ်က ငြင်းတော့ ...
"ယူသွားပါ ကိုကျော်လွင်အောင်ရယ်၊ ဒီလိုနယ်မြေမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ခွဲကြရပြီဆိုရင် ဘယ်တော့မှ ပြန်မဆုံရတော့ဘူး" တဲ့
ကိုယ့် ရင်ထဲ ထိသွားတယ်၊ ဪ သူ့ကိုယ်တွေ့ အတွေ့အကြုံ အရ ပြောတာ မှတ်တယ်၊ တကယ်ပါပဲ သူနဲ့ ခုထိ (နှစ်ပေါင်း သုံးဆယ်ကျော်) ပြန်မဆုံ ဖြစ်တော့ပါဘူး၊ ကိုယ့်ရည်မှန်းချက် ဦးတည်ရာအတိုင်း ကိုယ်သွားရမှာကိုး။ ကျေးဇူးပါ၊ အခုလို ဧည့်ဝတ်ကျေလို့ ကျေးဇူးအထူးတင်ပါတယ်။
ကားထွက်ချိန်က မှတ်မှတ်ရရ မနက်ခင်း ဆယ်နာရီလောက်ထင်ပါရဲ့။ လမ်းမှာ ဟိုငေး ဒီငေးနဲ့ ဘုရားသုံးဆူဘက် ထွက်လာလိုက်တာ၊ အဖူးတို့ ရုံးက စီစဥ် ထည့်ပေးလိုက်တာမို့ ကားခတောင်းတာ၊ နေ့လည်စာ စားတာ ကားဆရာတွေ ကပဲ ကျွေးပါတယ်၊ သူတို့ စားတဲ့အတိုင်းပါပဲ။ ညနေစောင်းတော့ ရွာတစ်ရွာမှာ ညအိပ်ရ၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း ကိုယ်မသိရ၊ ကိုမန်းငြိမ်းပေး လိုက်တဲ့ ကရင်သင်တိုင်းဖားဖားကြီး ဝတ်ရင်း တစ်ညအိပ်လိုက်ရတယ်၊ မနက် မိုးလင်းတော့ လူငယ်တစ်ယောက်က စခန်းတစ်ခုကို လိုက်ပို့တယ်။
ဝကေ ကိုမန်းငြိမ်း(မောင်) ချိတ်ပေးလိုက်တဲ့ ဖဒို အောင်ဆန်းတို့ စခန်းကို မနက်စောစော မီးခိုးတစ်လူလူနဲ့ မီးလှုံနေကြတဲ့ စခန်းထဲရောက်တော့ ဖဒိုက နှုတ်ဆက်ရင်း "မန်းငြိမ်းမောင် လွှတ်လိုက်တဲ့ လူလား" တဲ့ ။ ဟုတ်ကဲ့ပါဆိုတော့။ "ထိုင်ပါဦး၊ ရေနွေးသောက်" ။ ခဏနေတော့ လမ်းကြမ်းမောင်းလို့ အဆင်ပြေတဲ့ ဒီတီ ဆိုင်ကယ်တစ်စင်း တဝေါဝေါနဲ့ ရောက်လာတယ်။ "ကဲ သူသွားမယ့်နေရာအထိ လိုက်ပို့လိုက်ပါဗျာ" ဆိုတဲ့ စကားတစ်ခွန်းက အတော် ထိရောက်ပါတယ်။
ကျွမ်းကျွမ်းကျင်ကျင်မောင်းနေတဲ့ ဆိုင်ကယ်နောက် သင်တိုင်း တဖားဖားနဲ့ ရှေ့ကမောင်းနေတဲ့ ကိုယ်တော့်ခါးပတ်ကို တင်းတင်းဆွဲ ကိုင်ပြီးပါသွားတာ၊ "ဘုရားသုံးဆူ" ရွာထဲ ရောက်ပြီတဲ့ ။ လူသူမနေတဲ့ ရွာပျက်ကြီးတစ်ခုကို ဖြတ်၊ ကျောင်းသားတွေလို့ ထင်ရတဲ့ လူငယ်တွေနေတဲ့ အိမ်ကိုကျော်လို့ ကိုယ့် မျက်လုံးက ကျီးကန်းတောင်း မှောက်ကိုယ့်အဖွဲ့ကလူတွေ ဘယ်မှာပါလိမ့်။
ဟော ... ကိုယ်မော်လမြိုင်ကထွက်ကတည်းက အတူလိုက်ပါခဲ့၊ ကိုယ့်ရဲ့ သက်တော်စောင့် လုပ်ပါ့မယ် လို့ အာမခံထားတဲ့ ကုလား ကိုမောင်ငယ်က ခြံဝမှာ မားမားကြီးရပ်လိုံ "ဟိုးထားဆရာ၊ ရောက်ပြီ" လို့ တားယူရတယ်။ ခြံထဲမှာ ခြေတံရှည်အိမ်ကြီး တစ်လုံး၊ ကိုမောင်ငယ် က ...
"ဟေး ကိုလေး ရောက်လာပြီဟေ့"
လို့ အော်လိုက် တော့ အိမ်ပေါ်က ပြေးဆင်းလာကြတာ၊ မင်းနောင်၊ ကိုဇော်၊ အောင်မြင့်၊ ဝင်းဆန်း၊ သန်းဗိုလ်၊ သားသား . . . . ။
ဟား ကိုယ့်လူတွေ ဪ ဆုံကြရပြီ၊ ရနောင်းကနေ 1988 စက်တင်ဘာ ကတည်းက ကွဲကွာသွားကြတဲ့ အဖွဲ့တွေနဲ့ အခု 1989 ဇန္နဝါရီလရောက်မှ ပြန်ဆုံကြရ၊ ကိုမောင်ငယ်က ကိုယ့် ကရင်သင်တိုင်းကြီးကို သဘောကျ ချွတ်ခိုင်းပြီး သူဝတ်ကြည့်တော့ အသားမဲမဲ အနီရဲရဲသင်တိုင်းနဲ့ လိုက်ဖက်ချင်တိုင်း လိုက်ဖက်နေပေါ့။
ဆိုင်ကယ်သမား လှည့်ပြန် သွားတာတောင် ကျေးဇူးတင်စကား၊ နှုတ်ဆက်မပြောလိုက်ရ။ ခဏနေတော့ "ရနောင်း ဟတ်စွန်ဖန်ကမ့်က ဝမ်းဖိုးဝမ်းခေါင်းဆောင် 'ကိုပြောင်ကြီး' ကိုတွေ့ ။ သူကလည်း ကိုမောင်ငယ်ကဆီက ကိုယ့်ကရင်သင်တိုင်းကို သဘောကျ ဝတ်ကြည့်တော့ သူနဲ့မှ အလိုက်ဖက်ဆုံး ခေါင်းတုံးပြောင်ပြောင်၊ ဝဖိုင့်ဖိုင့် အရပ်အမောင်း ကောင်း ကောင်းနဲ့သင်တိုင်းက သူ့အတွက် ဖစ် FIT ဖြစ်နေသကိုး။
"ကျနော့ပေးဗျာ"တဲ့ "။ ဆောရီးပါ။ ဒါ ကိုမန်းငြိမ်း(မောင်)ရဲ့ တော်လှန်ရေး လက်ဆောင်မို့ မပေးပါရစေနဲ့" လို့။
"တို့အဖွဲ့ ဒီက မွန်ပြည်သစ် အဖွဲ့ရဲ့ ဂျပန်ရေတွင်း ကမ့် မှာ မဝင်တော့ပဲ၊ ဒီညနေ ဟိုးအရင် ဗိုလ်ရန်နိုင်တို့ အခြေစိုက်တဲ့ 'ဟွေးမလိုင်း'ဘက် ရွှေ့ကြတော့မလို့ ခင်ဗျားရောက်လာတဲ့ အတော်ပဲ"တဲ့ ။
"ဪ ဒီနေရာက ပြောင်းကြတော့မှာကိုး" မင်းနောင်တို့ တစ်သိုက်ကလည်း ကိုယ်ရောက်လာလို့ အားရှိသွားသတဲ့၊ "သွားဆိုလည်း သွားကြတာပေါ့ ဘာတွေ ဆက်လုပ်ဖြစ်မလဲ၊ ကိုယ်လည်း ခုမှရောက်တော့၊ ခေါင်းထဲရောက် လာတဲ့ အချက်အလက်တွေ စီကာစဥ်ကာရှိတုန်း၊ စိတ်မောမောနဲ့ ကျောဆန့်နားခဲ့။
ညနေခင်းမှာ ဘယ်လိုမှ ထင်မထားတဲ့ "အီးတီ (ခ) ပါပ တစ်ယောက် မီနီဘတ်စ်တစ်စင်းနဲ့ ရောက်လာတယ်။
"မင်းက ဘယ်လို ထွက်လာတာလဲ?"
"ကျနော်က မာစတာအဖွဲ့ (အန်ကယ်၊ ထူးအိမ်သင် . . . . တို့ အဖွဲ့နဲ့ ထွက်လာတာ၊ ပြီးမှ လူချင်းကွဲသွားတာ"
"ဟင်၊ အခု ဘယ်မှာ ရောက်နေတုန်း" မေးတော့
" မောင်မောင်ကျော်တို့အဖွဲ့နဲ့ ဘန်ကောက်က 'ဘန်ပူး'ဆိုတဲ့နေရာမှာ၊ ခု (ခေါင်းဆောင်) တစ်ယောက်ကို လိုက်ပို့တာ ကိုလေး၊ တာ့တာ့၊ သွားတော့မယ်နော်" နှုတ်ဆက်ထွက်သွားလေရဲ့။
အဲဒီနေ့ ညနေစောင်း လူတစ်ရာကျော်လောက် ဘုရားသုံးဆူရွာကထွက် ။ တန်းစီ လို့ ထွက်လာတဲ့လူတိုင်းကို ကားတစ်စင်းပေါ်က ရေ တစ်ဘူး၊ မုန့်တစ်ထုပ်စီ ကမ်းပေးနေတယ်။
"ကဲ ဘုမသိ ဘမသိနဲ့ ရွှေ့ကြရပြန်ပြီ ကရင်ဘက်လည်းမသွား၊ မွန်ပြည်သစ်နဲ့ လည်း မပေါင်း 'ဟွေးမလိုင်း' ကိုတဲ့၊ ကိုပြောင်ကြီးက ခေါင်းဆောင်လို့လေ"
ဘာတွေဆက်ဖြစ်၊ ဘယ်တွေရောက်ကြဦးမှာမလဲ မသိ"
(12) 8888 ဘုရားသုံးဆူမှ ဟွေးမလိုင်းသို့ ရွှေ့ပြောင်း အခြေစိုက်
ဘုရားသုံးဆူက ကိုယ့်အဖွဲ့တွေနဲ့ ပြန်ဆုံရတယ်၊ ခြေတံရှည်အိမ်အမြင့်ကြီးပေါ် မှာ ကိုယ့်ညီနဲ့အတူ ကိုဇော်တို့နဲ့ သိုက်သိုက်ဝန်းဝန်းဆိုပေမယ့် ကိုယ်သိချင် မြင်ချင်တဲ့ မျက်နှာတွေ ပျောက်နေတယ်၊ အထူးသဖြင့် ကိုယ်တို့ အဖွဲ့ လှေနဲ့ အတူပါလာတဲ့ လူတွေမတွေ့ရ၊ ကိုဇော်ကိုမေးကြည့်တော့ အားလုံး ရနောင်းက လှည့်ပြန်ကြသတဲ့၊ မုဒုံ၊ ကျိုက္ခမီက အဖွဲ့သားတွေ၊ သံဖြူဇရပ်ကဆို ကိုညီငယ် တစ်ယောက်ပဲ ကျန်တာတွေ့ရ၊ အခြားသူတွေ လက်တွဲဖြုတ်သွားကြပြီ။
ကာနယ် ရွှေဆိုင်းနဲ့ ကိုမန်းငြိမ်းတို့ကို ပြောခဲ့ ကတိတွေ ပျက်ပြယ်ခဲ့ပြီ။
မော်လမြိုင်က ကိုယ်နဲ့ အတူ ထွက်လာတဲ့လူ ရှစ်ယောက်၊ ရှေ့က ထွက်သွား တဲ့ ကိုယ့်ညီ မင်းနောင်နဲ့ မော်လမြိုင် အထူးသဖြင့် ကျိုက်ဖနဲသားတွေကလွဲရင် မရှိတော့ ။ အားလုံးပေါင်းမှ ဆယ်ယောက်ကျော်ကျော်၊
"ကဲ မထူးတော့ပြီ၊ မစ္စတာ ပြောင်ကြီးတို့ အစီအစဥ်အတိုင်း ရွှေ့ရပြောင်းရတော့မှာပေါ့၊ ဘယ် အဖွဲ့ရဲ့ ဦးဆောင်မှုအောက် အခု လိုက်ရွှေ့နေတာလဲ? မေးကြည့်တော့ ဦးနုရဲ့သား "ဦးအောင်နု"တို့အဖွဲ့ (ကျိုက်မရော ဒေါက်တာမြင့်ဆွေ)အဖွဲ့အစီအစဥ်နဲ့ ဟိုးအရင် ၁၉၆၂-၆၃ ပတ်ဝန်းကျင် ဦးနုတို့ တောခိုခဲ့"ပြည်ချစ်ပါတီ"ဝင် ဗိုလ်ရန်နိုင်တို့ အခြေစိုက်ခဲ့တဲ့ နေရာ "ဟွေးမလိုင်း"ရွာနဲ့ အနီး မြှစ်စက်ရုံကိုရွှေ့မှာလို့ ဆိုတယ်။
မွန်ပြည်သစ်ပါတီ အောက်က "ဂျပန်ရေတွင်း" ကျောင်းသားကမ့်မှာ မနေချင်တဲ့လူတွေ၊ ကိုပြောင်ကြီးရဲ့ ရနောင်း ဟတ်စွန်ဖန်ကမ့် က ဘုရားသုံးဆူကို ပြောင်းလာတဲ့ လူတွေ၊ ကိုယ့်အဖွဲ့က မော်လမြိုင်သားတွေ"လူ တစ်ရာကျော်ကျော် နှစ်ရာနီးပါးလောက် တန်းစီပြီး နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ၊ ကြုံသလို တွဲရင်းထွက် လာလိုက်တာ ပင်မ ကတ္တရာလမ်းကို ရှောင်ကွင်းလို့ လယ်ကွင်းတွေဖြတ်၊ တောအုပ် တောင်ကမူလေးတွေ ကျော်၊ ပြည့်လုခါနီး လမင်းကြီးရဲ့ အလင်းရောင်နဲ့ ရှေ့က လမ်းပြနောက် လိုက်ကြ။ ဘယ်လိုမှ ရှောင်လွှဲသွားလို့မရတော့ မှ ကတ္တရာလမ်းမကြီးပေါ်ကို တက်ရတော့မယ့်အပိုင်းမှာ ထိုင်းနိုင်ငံက ရဲ ကင်းလှည့် ကားတွေ သတိမထားဖြစ်အောင် လူတွေကို စိစစ် လွှတ်ပေးတယ် ။ ဆယ်ယောက်ထွက် တစ်ယောက်ချင်းစီ ကိုယ့်ဘာသာကိုယ် သွားနေသယောင် ဆောင်ရသေးသဗျ၊ နှစ်ဖာလုံလောက်တော့ ရှိမယ်၊ ရှေ့နားက တောထဲ ပြန်ဝင်ရမယ့်နေရာမှာ လမ်းပြတစ်ယောက်စောင့်ပြီး ပြောနေတယ်။
ရှေ့ကလူ နောက်လိုက်၊ ရှေ့ကလူနောက်လိုက်၊ . . . . .
ဒီလိုနဲ့ ကားလမ်းမကြီးက ဖယ်ခွာ ရှေ့ကလူတစ်ယောက်ပဲ မြင်ရတော့တဲ့ သစ်ကြီးဝါးကြီးတွေပေါက်နေတဲ့ တောထဲ တကယ့်တကယ် ဝင်ကြရတော့ တစ်ခုခု ကျော်ရမယ်ဆိုရင် ရှေ့ကလူ က နောက်လူကိုပြော၊ လဲနေတဲ့ သစ်လုံးကို ကျော်မယ် ... ကျော်မယ်နော်၊ အောက်ဆင်း လျှိုထဲ ဆင်းမယ် . . . ဆင်းမယ်နော်၊ ရှေ့ကလူက ကိုယ့်ကို ပြော ကိုယ်က နောက်လူကိုပြော။
လမင်းအလင်းရောင်က တကယ့်တောနက်နက်ထဲမှာ တောင်ခပ်မြင့်မြင့်တက်လိုက်၊ ဆင်းလိုက်၊ နောက်ပိုင်းကျ လေလေ၊ မပြောနိုင်ကြလေလေ၊ ညဥ့်နက်လာလေလေ၊ ပေးလိုက်တဲ့ ရေဗူး တွေက ကုန်သွား၊ ရေငတ်ရင် လျှိုထဲရောက် စမ်းချောင်း မှာ ရေဖြည့် ။ ရှေ့က နင်းသွားတဲ့ လူတွေကြောင့် နောက်ကျိနေကောင်း နေပေလိမ့်မယ် အဓိက ကိုယ်ရေမငတ်ဖို့အရေးကြီးတယ်၊
ဒီကြားထဲ . . . မှော်ဘီဘက်ကဆို လား ကိုပြုံးတို့ တစ်သိုက်က မလိုက်တော့ဘူး အိပ်နေရစ်ခဲ့တော့မယ်ဆိုလို့ "ကိုလေး ပြောပါဦး ဒီလူတွေကြောင့် ခရီးဖင့်နေပြီ . . ." "ကိုယ်က"ခင်ဗျားတို့ နေခဲ့လို့ မရဘူး၊ ဒီနေရာမှာ ကျားတွေ၊ ခြင်္သေ့တွေမရှိဘူး၊ ဒါပေမယ့် စပါးကြီး လိုမြွေတွေရှိတယ် ခင်ဗျားတို့ကို မြိုပစ်လိုက်လို့ရတယ်" ဆိုပြီး ခြောက်၊ "ထပါဗျာ သွားစို့"ဆိုတော့ သူတို့လည်း ဒယိမ်းဒယိုင်နဲ့ ထလာခဲ့ကြ၊ သစ်ပင်တွေ ရှင်းတဲ့အခါ ကောင်း ကင်ကိုမော့ကြည့်တော့ သန်းခေါင်ကျော်ခဲ့ပြီ။
အဆိုးဆုံး အပိုင်းက တောင်ကုန်းမြင့်မြင့်တစ်ခုလုံး ဝါးပင်တွေကို ခုတ်လှဲထားတဲ့ တောင်ကုန်းပဲ အတက်ရော၊ အဆင်းပါ မြေပြင်ကို မနင်းခဲ့ရ၊ တုန်းလုံးလဲနေတဲ့ ဝါးပင်တွေပေါ် ဖြတ်ကျော်ရတဲ့ အပိုင်း၊ အောက်ကို လျှောကျ ပြုတ်မကျစေနဲ့၊ ဝါးငုတ်တွေရှိတယ်၊ ရှေ့ကလူက နောက်လူကိုပြော၊ နောက်လူက သူ့နောက်က လူကိုပြော၊ ဝါးလုံးတောင်ကုန်း ဖြတ်ကျော်ခရီး၊ "အီး၊ အား" အသံတွေကြားရ၊ ရှူး တိုးတိုး၊ ရှူး လို့ ဆိုသူက ဆိုကြ။
တောင်ကုန်းအဆင်း လျှိုထဲရောက်တော့ ခြေမျက်စိလောက် စီးနေတဲ့ စမ်းရေမှာ မှောင်နဲ့မဲမဲ မျက်နှာသစ်၊ ရှေ့လူနင်းသွားလို့ နောက်ကျိနေမယ့်ရေကို မငတ်ရုံ သောက်ကြ၊ နောက်ထပ် လမ်းပြေပြေအတက် တောင်ကျောပေါ်ရောက်တော့ နှစ်ဖွဲ့ ကွဲသွားပြန်ပါလေရော၊ လမ်းမှန်တဲ့လူတွေက နားကြပါဦး၊ လမ်းမှားတဲ့ အဖွဲ့ကို သွားခေါ်နေတုန်းမို့ပါ၊ စောင့်ကြပါဦးဆိုတော့ ရောက်ရာနေရာမှာ ထိုးအိပ်တဲ့လူက အိပ်၊ ကိုယ်ကတော့ မအိပ်နိုင်၊ နွမ်းဖတ်ဖတ်နဲ့ လှဲနေတုန်း ဝါးမီးတုတ်တွေနဲ့ လမ်းမှားတဲ့အဖွဲ့တွေ ပြန်ဆုတ်လာကြ၊ "ကဲ ဆက်ထွက်လိုံ ရပြီ၊ ထကြ၊ ထကြ၊ ရှူး တိုးတိုး၊ ထကြ၊ သွားကြဦးစို့။
မနက်အရုဏ်တက်တော့ အမြင့်ဆုံးလို့တော့ ကိုယ်ထင်မိတာပဲ၊ သစ်ပင်အုပ်အုပ်တောင်မြင့်မြင့်ပေါ်အရောက် အရှေ့ဆီမှာ ရောင်နီပျိုးစပြုပြီ၊
"အောက်ဆင်းရင် ဟွေးမလိုင်း ရွာ ရောက်ပါပြီ" တဲ့ ရှေ့လူက နောက်လူတွေ ပြောပြ။ ကိုယ်တွေ သက်ပြင်းချရ၊ ပြေးဆင်းတဲ့လူပြေးဆင်း၊ အလင်းရောင်က ရင့်သထက်ရင့်လာ ဘေးဘီဝဲယာကြည့်တော့ တောင်ပင်လယ်၊ တောသမုဒ္ဒရာ၊ ဘယ်ဘက်ကြည့်ကြည့် တောနဲ့ တောင်စွယ်၊ ဟောဟော ဟဲဟဲနဲ့ အသက်နဲ့ ကိုယ်မြဲလို့ ဘယ်သူမှ အပျောက်အရှမရှိဘဲ တောင်အောက်ရောက်ကြ၊ ရေဗူးတွေ၊ စည်သွတ်ဘူးတွေဝေပေးနေတဲ့အဖွဲ့နဲ့ဆုံတော့
"ရွာဘယ်မှာလဲ?"
ဟွေးမလိုင်း ဘယ်မှာလဲ?"
လိုသေးတယ် ။ ဆက်သွားပါဦးဆိုပြီး ကိုယ်လက်ထဲ စည်သွတ်ဗူးနဲ့ ရေဗူး၊ တစ်ဗူးရောက်လာတယ်၊ ကံဆိုးချင်တော့ "မုန်ညင်းချဥ်ဗူး" ဖြစ်နေတယ် ။ လက်ဆွဲကိုင်းလေးက ဆွဲဖောက် ကိုယ့်လူတွတစ်ယောက်ချင်း ပါးစပ်ထဲ လိုက်ခွံ့ ဆာလောင်နေတဲ့ ဝမ်းဗိုက်ထဲ တစ်ခုခုရောက်သွားတော့ 'အမယ် အားရှိသလိုလို'၊ သည်လိုနဲ့ မနက် ဆယ်နာရီဝန်းကျင်မှာ ရွာအနားကို ရောက်လာခဲ့၊ သစ်ပင်အုပ်အုပ်မှာ ကားသုံးလေးစီးရပ်ထား၊ ထမင်းထုပ်တွေ ၊ ရေဗူးတွေ ဝေပေးနေတယ်၊ အငမ်းမရစားပြီးလို့ လှဲချလိုက်တာ၊ အိပ်ပျော် သွားတယ်။
"ရောက်ခဲ့ပါပြီ၊ ဟွေးမလိုင်း ရေ"
မွန်အများစုနေတဲ့ ရွာကလေးက ပတ်ဝန်းကျင်မှာ ရိတ်သိမ်းပြီး လယ်ကွင်း တချို့၊ ရောက်လာတဲ့ လူတွေက တွေ့ကရာ အိမ်ပေါ်တက်၊ တုန်းလုံးလှဲကြ၊ အိမ်ရှင်တွေခမျာ၊ လူအုပ်စုက များလွန်းတော့ မပြောရဲ မဆိုရဲ၊ လက်ခံရုံအပြင် မငြင်းနိုင်၊ တစ်ညလုံး လျှောက်လာခဲ့ကြတဲ့ အသက်နှစ်ဆယ်ကျော် ကျောင်းသား၊ ကျောင်းသူအရွယ်တွေမို့လည်း ရွာခံလူတွေက ဒီအတိုင်း ကြည့်နေ၊ လက်ခံရုံ အပြင် ရွေးစရာမရှိ၊ အိမ်နှစ်ဆယ်ဝန်းကျင်လောက်ရှိမပေါ့၊ တစ်လမ်းပဲရှိတဲ့ ရွာလယ်လမ်းအတိုင်း ဆက်လျှောက်သွား၊ စမ်းချောင်းတစ်ခု အလွန်မှာ ထိုင်းနိုင်ငံ အလံ လွှင့်ထားတဲ့ တစ်ဖက်နိုင်ငံက ရွာအိမ်တွေ၊ အခုမှ ရောက်လာတဲ့ ကိုယ်တို့ လူတွေကို ကားနဲ့ရောက်နှင့်နေတဲ့ လူအချို့က တား ထားတယ်၊ "စမ်းချောင်းဟိုဘက်မကူးပါနဲ့" တဲ့။ ခဏနေတော့ "မြှစ်စက်ရုံဘက် သွားမယ်၊ ကားပေါ်တက်၊ ကားပေါ်တက်" ဆိုပြီး လိုက်မယ့်သူ မှန်သမျှ ဖိုးဝှီးပစ်ကပ် အမိုးဖွင့် ကားတွေနဲ့ စမ်းချောင်းကို ဖြတ် 'တဝေါဝေါ' သွားကြလေ ရဲ့ ကိုယ်တွေအဖွဲ့ကတော့ အိမ်တစ်လုံးမှာ အားလုံး အိပ်မောကျ လို့နေပြီ။
ဆက်ရန်၊ . . . . . To Be Continued . . .
"ဟွေးမလိုင်း ၊ မြှစ်စက်ရုံနဲ့၊ ဟိုးအရင်က ဗိုလ်ရန်နိုင်တို့ နယ်မြေရောက် ကျောင်းသား(သူ)အဖွဲ့