Breaking News

လှကျော်ဇော - စစ်ပွဲကိုနိုင်ဖို့ ဘာတွေလိုသလဲ



လှကျော်ဇော - စစ်ပွဲကိုနိုင်ဖို့ ဘာတွေလိုသလဲ

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၀


ကျွန်တော်တို့ ကိုယ်နဲ့မဆိုင်တဲ့နယ်မြေကို တလက်မမှ မလိုချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘိုးဘွားတွေ ချန်ထားပေးခဲ့တဲ့နယ်မြေကိုလည်း တလက်မမှ အဆုံးမခံနိုင်ပါဘူး။

တရုတ်သမ္မတလည်းဖြစ်၊ တရုတ်စစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီကျင့်ပင် စစ်ရေးပြအခမ်းအနားတခုမှာ ပြောသွားတာပါ။

ကျွန်တော်တို့ စစ်ကို မတိုက်ချင်ဘူး။ စစ်ကို မလိုလားဘူး။ ဒါပေမဲ့ စစ်တိုက်ရမှာကို မကြောက်ပါဘူး။ ကျွန်တော်တို့ရဲ့ အဓိကအကျိုးစီးပွားတွေကို ထိခိုက်လာရင်တော့ စစ်တိုက်ရမှာပဲ။ စစ်ကိုတိုက်ရပြီဆိုရင်လည်း ဘယ်လောက်အရင်းအနှီးပေးရပေးရ နိုင်အောင်တိုက်မှာပဲ။ ဒီအတွက် ဘက်ပေါင်းစုံက ကျွန်တော်တို့ပြင်ဆင်ထားပြီးသားပါ။

အခုတလော အိန္ဒိယနဲ့တရုတ်နယ်နိမိတ်ပြဿနာ၊ တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှုများ၊ ထိုင်ဝမ်ပြဿနာ  စတဲ့ကိစ္စများ ဆုံကျလာနေတာနဲ့ ဆက်စပ်ပြုလုပ်တဲ့ တရုတ်ရုပ်မြင်သံကြား စကားဝိုင်းဆွေးနွေးပွဲ တပွဲမှာ တရုတ်ပါမောက္ခတယောက် ပြောသွားတာပါ။

ဒါဖြင့် တရုတ်က စစ်ကို ဘယ်လိုတိုက်ဖို့ ပြင်ဆင်ထားသလဲ။

၁၂-၉-၂၀၂၀နေ့ထုတ် ဂလိုဘယ်တိုင်းသတင်းစာမှာ အယ်ဒီတာချုပ် ဟူရှီကျွင်းရဲ့ဆောင်းပါးတစောင်မှာအရိပ်အမြွက် သွားတွေ့ပါတယ်။

(https://www.globaltimes.cn/content/1200595.shtml)

တချို့အချက်များကို လေ့လာ ဆန်းစစ်ကြည့်ရအောင်ပါ။

တရုတ်ပြည်သူတွေဟာ စစ်ကို မလိုချင်ပါဘူး။ ဒါပေမဲ့ တရုတ်ပြည်အနေနဲ့ အိမ်နီးနားချင်းနိုင်ငံ အတော်များများနဲ့ (အမေရိကန်ရဲ့ အားပေးအားမြှောက်မှုနဲ့) နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒီထဲက နိုင်ငံတချို့က အခုလို အမေရိကန်ရဲ့ဖိအားတွေ တရုတ်ပြည်က ခံနေရချိန်မှာ အခွင့်ကောင်းယူပြီး တရုတ်ကို အကဲစမ်းချင်လာပါတယ်။ တရုတ်က သူတို့နဲ့စစ်ရေးအရ ရင်ဆိုင်ရဲမှာမဟုတ်၊ ရင်ဆိုင်ချင်မှာမဟုတ်လို့ အထင်ရောက်နေကြပါတယ်။ ဒါကြောင့် စစ်ရေးအရ ဘက်ပေါင်းစုံ ပြင်ဆင်ထားကြရမှာပါ။

စစ်ကိုတိုက်ရာမှာလည်း စိတ်လိုက်မာန်ပါ အလွယ် ပေါ့ပေါ့တွေးပြီး မတိုက်သင့်ဘူး။ တိုက်ရင်လည်း နိုင်အောင်တိုက်ရမယ်။

စစ်နိုင်ရေးမှာ အချက် (၂) ချက် ပြည့်စုံရမယ်။

၁။ စစ်မြေပြင်မှာ ရန်သူကို အပြတ်နိုင်ရမယ်။ ဒါက စစ်အင်အားပြင်ဆင်မှုနဲ့ ဆိုင်တယ်။

၂။ ကျင့်ဝတ်အရ တရားမျှတရမယ်။ (morally justified)

ဒါက ပိုအရေးကြီးပါတယ်။

အထူးသဖြင့် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံမဟုတ်တဲ့ တရုတ်အတွက် သိပ်လိုအပ်ပါတယ်။ တရုတ်အနေနဲ့မိမိနဲ့နယ်မြေအငြင်းပွားနေရတဲ့ အိမ်နီးနားချင်းနိုင်ငံ ဘယ်နိုင်ငံနဲ့မဆို စစ်ဖြစ်လာရင် နိုင်မယ်ဆိုတာ အသေအချာပါ။ ဒါပေမဲ့ တရုတ်အနေနဲ့ စစ်ပွဲသာနိုင်ပြီး နိုင်ငံတကာရဲ့ထောက်ခံမှု စာနာမှု မရရင် အမေရိကန်ရဲ့တရုတ်ဆန့်ကျင်ရေးတပ်ပေါင်းစု ဖွဲ့နေမှုကို သွယ်ဝိုက်စွာအားပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာက အင်အားနည်းသူဘက်ကို ပိုစာနာတတ်ပါတယ်။

ဒါကြောင့် တရုတ်တို့အနေနဲ့ အိမ်နီးနားချင်းများနဲ့စစ်ပွဲမရင်ဆိုင်မီ လုပ်ရမယ့်အချက်တွေက

၁။ နဂိုရှိရင်းစွဲအနေအထားကို (status quo) ဖောက်ဖျက်သူဟာ တရုတ်မဟုတ်ဘဲ တဘက်လူဖြစ်ကြောင်းမြင်သာ ရှင်းလင်းအောင် လုပ်ရမယ်။

၂။ ရှုပ်ထွေးလှတဲ့အခြေအနေတွေအောက်မှာ ရန်စ သူဟာ တဘက်လူဖြစ်ကြောင်း ရှင်းလင်းအောင်လုပ်ဖို့ လိုတယ်။

၃။ စစ်မတိုက်ခင် တရုတ်အနေနဲ့ တင်းမာမှုတွေကို ရှင်းဖို့ အလွန်ခက်ခဲတဲ့ သံခင်းတမန်ခင်း သို့မဟုတ် နိုင်ငံရေးအရကြိုးပမ်းမှုတွေကို အစွမ်းကုန်လုပ်ဆောင်ခဲ့တယ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းက မြင်လာအောင်သဘောပေါက် လက်ခံလာအောင် အရင်လုပ်ရမယ်။

၄။ ပထမဆုံးသေနတ်ဖောက်သူဟာ တရုတ်မဟုတ်ဘဲ တဘက်လူဖြစ်ရမယ်။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းအမြင်မှာ ရှင်းနေဖို့လိုတယ်။

၅။ အခြေအနေအရမ်းဆိုးလာပြီး သိပ်လိုအပ်လာလို့ တရုတ်ဘက်က ပထမဆုံး သေနတ်ဖောက်ရရင်လည်း အရင် သတိပေးရမယ်။ (ultimatum)

ဒါမှသာ တရားမျှတတဲ့စစ်ပွဲကို တည်ကြည်ဖြောင့်မတ်စွာ စတင်နိုင်မှာဖြစ်ပါတယ်။


ဒီလို အခြေအနေမျိုးနဲ့ပြည့်စုံပြီးဆိုရင် ကျွန်တော်တို့ တရုတ်တွေအနေနဲ့ လိုအပ်တဲ့ဘယ်စစ်ပွဲကို မဆို ဆင်နွှဲနိုင်ပါတယ်။ တရုတ်အနေနဲ့ နယ်မြေအငြင်းပွားနေရတဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့သာမက အမေရိကန်နဲ့ပါ (တရုတ်ကမ်းရိုးရေပြင်နားမှာ) စစ်ပွဲဖြစ်လာရင် စစ်ရေးအရ နိုင်မှာပါ။ စစ်ပွဲမစခင် အထက်ပါအဆင့်များအတိုင်းလုပ်ဆောင်ထားနိုင်ရင် ကမ္ဘာအသိုင်းအဝိုင်းကလည်း (ဘယ်သူတွေ ဘယ်လို ပုံဖျက်ပုံဖျက်) တရုတ်ဟာအားနည်းသူကို အနိုင်ကျင့်သူမဟုတ်ဘဲ တခြားရွေးလမ်းမရှိလို့သာ စစ်တိုက်ရတာဆိုတာ လက်ခံနိုင်မှာ။

တရုတ်ရဲ့ တိုးတက်မှုဖြစ်စဉ်ကာလမှာ အနှောင့်အယှက် အဖျက်အဆီးအမျိုးမျိုး တွေ့မှာပါ။ ကျွန်တော်တို့အနေနဲ့ရိုးရိုးကုပ်ကုပ် သေသေဝပ်ဝပ် စိတ်အေးအေးထားပြီး တွေ့ရှိလာတဲ့အခက်အခဲ အရှုပ်အထွေးအမျိုးမျိုးကိုတည်ငြိမ်စွာ ရင်ဆိုင်ရပါလိမ့်မယ်။ အမေရိကန်အားကိုးနဲ့ ကျွန်တော်တို့အပေါ်  ဖိနှိပ် ချိုးနှိမ်ဖို့ အကဲစမ်းလာနိုင်တဲ့ အင်အားစု အငယ်အမွှားများ (small opportunistic forces) ကို ရင်ဆိုင်ဖြေရှင်းရာမှာ အင်အားသုံးအပြတ်အသတ် အမြန် မဖြေရှင်းသင့်ဘဲ၊ အလွန်ရှုပ်ထွေးလှတဲ့ တင်းမာတဲ့ အခြေအနေတွေအပေါ် တဖြည်းဖြည်း တစစီ တစစီ အေးအေးဆေးဆေး ဖြေရှင်းရပါလိမ့်မယ်။ ဒီလိုမျိုးစမ်းသပ်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင်တတ်ဖို့ လိုပါတယ်။


ဒါတွေကတော့ အဲဒီဆောင်းပါးက ပေးချင်တဲ့ သတင်းစကားများပါ။

တကယ်တော့ တရုတ်အနေနဲ့ အခုအချိန်မှာ အမေရိကန်ရဲ့ဖိအားကို ဘက်စုံက ခံလာရချိန်မှာ အဓိက ရင်ဆိုင်ရမယ့်သူကိုသာ ပစ်မှတ်ထားပြီး ကျန်အင်အားစုများကို တတ်နိုင်သမျှ ကြားချထားနိုင်ဖို့ ကြိုးစားတာပါ။

ဒီဆောင်းပါးမှာ သူတို့ပြောချင်တဲ့နိုင်ငံကို အမည်တပ်မထားပေမဲ့ အိန္ဒိယ ကို ရည်ရွယ်ပုံရပါတယ်။

အခုဖြစ်နေတဲ့ တရုတ်-အိန္ဒိယ နယ်နိမိတ်အငြင်းပွားမှု (ထိခိုက်မှု) တွေ မှာ ဖြေရှင်းနည်းတွေကို ဒီဆောင်းပါးပါ အချက်များအတိုင်း တစ တစ တဖြည်းဖြည်း စိတ်ရှည်လက်ရှည် တိုးတိုး လုပ်နေတာတွေ့ရပါတယ်။

ရှေ့တန်းတပ်က တပ်မှူးအချင်းချင်းကြား (အပတ်စဉ်နီးပါး လုပ်နေပါတယ်။ အခုနောက်ဆုံး ၂၀-၉-၂၀၂၀ နေ့ကလုပ်တဲ့အစည်းအဝေးမှာ အတော် အပြုသေဘာဆောင်တယ်လို့ ကြေညာသွားပါတယ်။) ကာကွယ်ရေးဝန်ကြီးအချင်းချင်းကြား နိုင်ငံခြားရေးဝန်ကြီးအချင်းချင်းကြား ပြောဆိုညှိုနှိုင်းလုပ်ဆောင်နေမှုများ ဟာ အလွန်စိတ်ဝင်စားဖွယ်နဲ့ လေ့လာဖွယ်တွေ တွေ့နေရပါတယ်။ ဆွေးနွေးပွဲ များအကြား ဆက်ဆံရေးအနိမ့်အမြင့် တင်းမာမှုအပြင်း အပျော့ အမျိုးမျိုး ရှိ ပေမယ့် အဆက်မပြတ်ဆွေးနွေးနေနိုင်မှုဟာ အပြုသဘောဆောင်ပါတယ်။ ဒီလိုနည်းနဲ့ အချင်းချင်းကြားဖြစ်ပေါ်နေတဲ့ အထင်အမြင်လွှဲမှားမှုတွေ၊ အမြင် မကြည်မှုတွေစတာတွေကိုတဖြည်းဖြည်း ဖြေရှင်းနိုင်ပြီး ယုံကြည်မှုကို တဆင့်တိုး တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခများအတွက်လည်း ဖြေရှင်းပေးနိုင်မယ့် ယန္တရားသစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။

အခုလည်း အိန္ဒိယက တရုတ်ရဲ့ကုန်စည်တွေနဲ့ ပတ်သက်လို့ရော၊ တရုတ်ရဲ့အပျော့ထည်(app) အများအပြားအပေါ်မှာရော ပိတ်ဆို့မှုတွေ ဒဏ်ခတ်မှုတွေ လုပ်နေပေမယ့် တရုတ်က လက်တုံ့မပြန်ပါဘူး။ ဒါ့အပြင် တရုတ်ပြည်သူတွေ အိန္ဒိယအပေါ် စိတ်မခုစေဖို့ အိန္ဒိယခေါင်းဆောင် တချို့ရဲ့ အပြုသဘောဆောင်တဲ့ ပြောဆိုချက်တွေကို လုပ်ဆောင်ချက်တွေ တရုတ်မီဒီယာတွေက မကြာခဏ ထုတ်ဖော်ပြသနေပါတယ်။

ဥပမာ - အသေအကျေ ရှိခဲ့တဲ့ ဇွန်လအရေးအခင်းအပြီး ဝန်ကြီးချုပ် မိုဒီက တရုတ်တွေ တို့နယ်နိမိတ်ထဲ ဝင်ရောက်မှု မရှိခဲ့ပါဘူ ဆိုတဲ့စကားကို အကြိမ်ကြိမ်ကိုးကားတာ။

တရုတ်-အိန္ဒိယ ပဋိပက္ခကို ဝင်ကူညီ ဖြေရှင်းပေးပါရစေ ဆိုတဲ့ သမ္မတထရန်မ့်ရဲ့ ကမ်းလှမ်းချက်ကို မိုဒီက လက်မခံတာ ...  စတာတွေ။

အဲသလိုနည်းတွေနဲ့ တရုတ်က မိမိရဲ့အဓိက ပြိုင်ဖက်မဟုတ်တဲ့ အိန္ဒိယနဲ့ဆက်ဆံရေးကို တတ်နိုင်သမျှ ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားနေတာ တွေ့ရပါတယ်။

ဒါတွေကတော့ အဓိက အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရချိန်မှာ ကျန်ပြဿနာတွေအပေါ် အာရုံလွှဲမသွားအောင် လုပ်ဆောင်နေတဲ့ တရုတ်ရဲ့သေနင်္ဂဗျူဟာခြေလှမ်းအချို့ ဖြစ်ဟန်ရှိပါတယ်။ ရှုပ်ရှုပ်ထွေးထွေး ပဋိပက္ခပေါင်းစုံ ရင်ဆိုင်နေရတဲ့ နိုင်ငံများအတွက်လည်း လေ့လာစရာ ကောင်းပါတယ်။

ပြည်တွင်းပဋိပက္ခမျိုးစုံကြုံနေရတဲ့ ဗမာနိုင်ငံအဖို့ကတော့ တချို့ အခွင့် ကောင်းချောင်းနေသူများရဲ့ ထောင်ချောက် အမျိုးမျိုး (ဘာသာရေး၊ လူမျိုးရေး၊ ရပ်ရေး ရွာရေး စသဖြင့်) ကို ပြည်သူလူထုတရပ်လုံး အလွန်သတိကြီးစွာထား ရှောင်ရှားပြီး မိမိတို့ရဲ့ အဓိကဘေးအန္တရယ်ကြီးဖြစ်တဲ့ စစ်အာဏာရှင်စနစ် (ဒါကို ကာကွယ်ပေးထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ) တိုက်ဖျက်ရေးကိုသာ ဦးတည်ချက်ရှိရှိ စုပေါင်း တိုက်ပွဲဝင်ရမှာဖြစ်ပါကြောင်း။

လှကျော်ဇော
၂၂-၉-၂၀၂၀