Breaking News

ဒေါက်တာသိန်းလွင် - နယ်စပ်ဒေသပညာရေး




ဒေါက်တာသိန်းလွင် - နယ်စပ်ဒေသပညာရေး 

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၀

မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၄) 

ဤအပိုင်းတွင် အင်္ဂလန်မှ ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိပြီးနောက် ၂၀၀၀၊ ၂၀၀၁ နှင့် ၂၀၀၂ အတွင်း ဆောင်ရွက်ခဲ့သည့် ပညာရေးလုပ်ငန်းများအကြောင်း ဖြစ်ပါသည်။

ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာလ ၂၉ ရက်။

နယ်စပ်ဒေသပညာရေး

​ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရတာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ ရှမ်းပြည်ဘက်ကလာတဲ့ ဒုက္ခသည်များကို နေရာချထားပေးတဲ့ လွိုင်တိုင်းလန်း။ ကရင်နီဒုက္ခသည်အများစု နေထိုင်ကြတဲ့ မယ်ဟောင်ဆောင်မြို့အနီးက စခန်းနှစ်ခု။ မယ်စရီးယန်းမြို့အနီးက မဲခေါင်ခါးနဲ့ မယ်ရမို။ မဲဆောက်မြို့ကတဆင့် သွားရတဲ့ မယ်လ၊ နို့ဖိုး နဲ့ အုန်းဖြန် စခန်းများအပါအဝင်၊ မွန််ပြည်နယ်က လာသူတွေကို နေရာချထားပေးတဲ့ ဟလော့ခနီ ဒုက္ခသည်စခန်းများကို ရောက်ခဲ့ပါတယ်။ စခန်းတွေမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းတွေကိုသွားတာပါ။ ကျောင်းသားတွေကို အားပေးစကားပြော၊ ဆရာ ဆရာမများနဲ့ ပညာရေးတာဝန်ရှိသူများကို တွေ့ဆုံပြီး သူတို့ရဲ့ပညာရေးလုပ်ငန်းတွေကို စူးစမ်းလေ့လာတာပါ။

​မဲခေါင်ခါးစခန်းမှာ ABSDF ကျောင်းသားတွေ ဦးဆောင်ဖွင့်လှစ်ထားတဲ့ ရောင်နီဦးကျောင်းရှိပါတယ်။ အဲ့ဒီကျောင်းမှာတော့ လေး၊ ငါးရက် နေခဲ့ပါတယ်။ တစ်ချိန်၊ နှစ်ချိန် စာဝင်သင်ပါတယ်။ ဆရာ၊ ဆရာမတွေနဲ့လည်း ဆွေးနွေးပွဲလုပ်ပါတယ်။ ကိုစိုင်းမြင့်သူ၊ ကိုမောင်မောင်ကြီး၊ ကိုမြတ်သူ၊ ကိုမြင့်ဦး၊ ကိုသိန်းဆန်းနဲ့ မခင်ဆွေလှိုင်တို့ရှိပါတယ်။ မခင်ဆွေလှိုင်က ကျောင်းအုပ်တာဝန်ယူထားပါတယ်။

အခန်းအနားမှူး ကိုမောင်မောင်ကြီး

​ကျွန်တော်က ဟင်္သာတသား ကိုမြတ်သူရဲ့ အိမ်မှာတည်းပါတယ်။ ကပ်လျှက်အိမ်မှာ ကိုမောင်မောင်ကြီးတို့မိသားစု နေပါတယ်။ သူတို့သားလေးက ၃ နှစ်လောက်ရှိပါပြီ။ ကိုမောင်မောင်ကြီးက ၈၈ အရေးခင်းတုန်းက လုပ်သားများကောလိပ်သမဂ္ဂမှာ ပါဝင်ခဲ့ပါတယ်။ နယ်စပ်ဒေသကိုထွက်လာခဲ့ပြီး ABSDF ကို ထူထောင်ရာမှာ ပါဝင်ခဲ့သူပါ။

​ကိုမောင်မောင်ကြီးက ၃ နှစ်ပဲရှိသေးတဲ့သူ့သားကို ကြီးလာရင် ဆရာဝန်လုပ်ရမယ်လို့ ပြောထားပါတယ်။ မနက် မနက်ဆို
“သားကျောင်းသွားရမယ်။ ကြီးလာရင် ဆရာဝန် လုပ်ရမယ်”
“သားကြီးလာရင် ဘာလုပ်မလဲ”
“ချာဝန် လုပ်မယ်”

ဖအေကမေးလိုက်၊ သားကဖြေလိုက်နဲ့ အတော်အတိုင်အဖောက်ညီပါတယ်။ ကလေးကိုစိတ်ဓာတ်တက်အောင် ပြောပုံရပါတယ်။ ဒါပေမဲ့ ဘေးအိမ်မှာနေတဲ့ ကိုမြတ်သူအဖို့တော့ နေ့တိုင်းကြားနေရတာ့ စချင် နောက်ချင်စိတ် ပေါ်လာပါတယ်။ ကိုမောင်မောင်ကြီးက ABSDF ပွဲမှန်သမျှမှာ အခန်းအနားမှူး လုပ်ပြီး မိုက်ကို လက်ကမချတာကိုလည်း အမြင်ကတ်နေပုံရပါတယ်။

​တစ်ရက် ကိုမောင်မောင်ကြီးအလစ်မှာ ကိုမြတ်သူက ကလေးကိုခေါ်ပြီး သင်ပေးပါတယ်။

“သား၊ မင်းအဖေက အခန်းအနားမှူးကွ။ မင်းကြီးလာရင်အခန်းအနားမှူးလုပ်ကွ”
“ဟုတ်ကဲ့”
“သားကြီးလာရင် ဘာလုပ်မလဲ”
“ခန်းနားမူး လုပ်မယ်”
ကလေးကိုစွဲနေအောင် လေး၊ ငါးကြိမ် သင်ပေးပါတယ်။

​ကျွန်တော် မဲခေါင်ခါးစခန်းရောက်ပြီး နောက်နေ့မှာ ကိုမောင်မောင်ကြီးတို့မိသားစုက ကျွန်တော့်ကို ထမင်းဖိတ်ကျွေးပါတယ်။ စခန်းမှာရတဲ့ ဟင်းသီးဟင်းရွက်၊ မျှစ်၊ ဒညှင်းသီး၊ ငါးပိရည်၊ ပဲဟင်းတွေနဲ့ ဖွယ်ဖွယ်ရာရာကျွေးပါတယ်။ ထမင်းဝိုင်းမှာ သူ့သားကို ကျွန်တော်နဲ့ မိတ်ဆက်ပေးပါတယ်။

​“သား၊ ဆရာကြီးကိုပြောလိုက်”
“သားကြီးလာရင် ဘာလုပ်မလဲ”
“ခန်းနားမူး လုပ်မယ်”
သူ့သားပြောတာကို ကိုမောင်မောင်ကြီး ကြားပြီး မျက်လုံးပြူးသွားပါတယ်။
“ဒါ ဟိုကောင် မြတ်သူလက်ချက်ဖြစ်မယ်”
“ဟေ့ကောင် မြတ်သူ လာခဲ့အုန်း”
ကိုမြတ်သူ တစ်ချိုးထဲ လစ်ပါတော့တယ်။ ထမင်းတောင်လာမစားတော့ပါဘူး။

​ကိုမောင်မောင်ကြီးက ရယ်စရာပုံပြင်တွေလည်းပြောတတ်ပါတယ်။ ကျွန်တော်နဲ့တွေ့တိုင်း ပုံပြင်အသစ် အသစ်တွေ အမြဲပြောပါတယ်။ လူချစ်လူခင် ပေါပါတယ်။ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ၊ လူမှုရေးကိစ္စ အစစအရာရာအကူအညီပေးတဲ့သူပါ။ ခုတော့ကွယ်လွန်သွားရှာပါပြီ။

​ABSDF ကဖွင့်တဲ့ကျောင်းမှာ ဗမာစကားပြောတဲ့ကလေးတွေ တက်ကြတာမို့ ဗမာလိုသင်ပါတယ်။ ကရင်ကလေးတွေတက်တဲ့ ကျောင်းတွေမှာ ကရင်စကားနဲ့ သင်ပါတယ်။ စခန်းကကျောင်းတွေက ကိုယ်ထူကိုယ်ထ ဖွင့်ကြတာမို့ လွတ်လပ်ပါတယ်။ ကျောင်းသားတွေရဲ့လိုအပ်ချက်ကို မူတည်ပြီး သင်ပေးကြတာပါ။ ကျောင်းသုံးဘာသာစကားကိုလည်း ကလေးတွေ နားလည်တဲ့စကားနဲ့ သင်ပါတယ်။ 

သင်ရိုးညွှန်းတမ်းကိုတော့ ABSDF ရောင်နီဦးကျောင်းက ပြည်တွင်းအစိုးရကျောင်းတွေမှာသုံးတဲ့ ဖတ်စာအုပ်တွေနဲ့ သင်ပါတယ်။ ကရင်ကလေးတွေတက်တဲ့ ကျောင်းတွေမှာတော့ KNU ပညာရေးဋ္ဌာနက ရေးဆွဲတဲ့သင်ရိုးနဲ့ ဖတ်စာအုပ်တွေနဲ့သင်ပါတယ်။

​အဲ့ဒီအချိန် (သက္ကရာဇ် ၂၀၀၀ မတိုင်မီ) ကာလက KNU ကျောင်းတွေမှာ ဗမာစာမသင်ပါဘူး။ KNU ပညာရေးဋ္ဌာနက ပဒိုစောလားစေးနဲ့တွေ့တော့ ကလေးတွေကို ဗမာစာသင်ပေးဖို့ ကျွန်တော်တိုက်တွန်းခဲ့ပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတွေ တစ်ဦးနဲ့တစ်ဦး ဖလှယ်တဲ့စကားအဖြစ်သုံးဖို့ အကြံပြုခဲ့တာပါ။ နောက်ပိုင်းမှာတော့ KNU ကျောင်းတွေမှာ မိခင်ဘာသာစကား (စကော သို့မဟုတ် ပိုး) ကို ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုပြီး ဗမာစာနဲ့ အင်္ဂလိပ်စာကို ဘာသာရပ်များအနေနဲ့ သင်ကြားပါတယ်။ အောင်မြင်ပါတယ်။

​KNU ကျောင်းတွေမှာ မြန်မာ့ပထဝီလည်း မသင်ပါဘူး။ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်နဲ့တွေ့တော့ သူ့ရဲ့ သူနာပြုဆေးသင်တန်းအကြောင်းပြောပါတယ်။ KNU ကျောင်းတွေက အထက်တန်းပြီးသူတွေ သူနာပြုသင်တန်း တက်ကြပါတယ်။ သူနာပြုသင်တန်းအောင်မြင်ပြီးသူတွေကို မယ်တော်ဆေးခန်းက ကျောပိုးအိတ်မှာ ဆေးတွေထည့်ပြီး ကရင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားကျေးရွာကို ကျန်းမာရေး စောင့်ရှောက်ဖို့စေလွှတ်ပါတယ်။ ကျောပိုးအိတ်ဆေးဝန်ထမ်း (Back Pack Health Workers) တွေလို့ ခေါ်ပါတယ်။ အဲ့ဒီဆေးဝန်ထမ်းတွေက ကျောင်းမှာ မြန်မာ့ပထဝီ မသင်ခဲ့ရလို့ မြန်မာပြည်တွင်းမှာ ခရီးမသွားတတ်ပါဘူး။ တောတွေ၊ တောင်တွေ၊ မြစ်ချောင်းတွေ၊ ရွာတွေရဲ့တည်နေရာတွေကို မြေပုံမှာ မရှာတတ်ကြပါဘူး။

​KNU ကျောင်းတွေက မြန်မာ့ပထဝီကို မသင်တဲ့အကြောင်းက မြန်မာအစိုးရပြဋ္ဌာန်းတဲ့ ပထဝီသင်ခန်းစာမှာပါတဲ့ ပြည်နယ်နယ်နမိတ်တွေ သတ်မှတ်ပုံနဲ့ ပြည်မအစိုးရက ပြည်နယ်တွေအပေါ်လွှမ်းမိုးမှုကို ဘဝင်မကျတဲ့အတွက် မသင်တာပါ။ မြန်မာအစိုးရကျောင်းတွေမှာသင်တဲ့ပထဝီက နိုင်ငံရေးပထဝီ (Political Geography) ဖြစ်နေတာမို့ သဘောထားကွဲလွဲမှု ဖြစ်တာပါ။ ကျွန်တော်က ပဒိုလားစေးတို့ကို မြစ်တွေ၊ ချောင်းတွေ၊ လမ်းတွေ၊ တောတောင်တွေရဲ့တည်ရှိမှုတွေကို ဖော်ပြတဲ့ (Physical Geography) ကိုသင်ပေးဖို့အကြံပြုခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံသို့ ပညာတော်သင် ၆ ဦးစေလွှတ်

​လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ပညာရေးလုပ်ငန်းတွေနဲ့ ဒုက္ခသည်စခန်းတွေကကျောင်းတွေအကြောင်း အတော်အတန် သိရှိလာတဲ့အတွက် နယ်စပ်ဒေသပညာရေးကို မြှင့်တင်နိုင်ဖို့အတွက် ပညာတော်သင် (Scholarship) အစီအစဉ်တစ်ခု ကျွန်တော်လုပ်ပါတယ်။ 

ကျွန်တော့်ကို Scholarship ပေးခဲ့တဲ့ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ Prospect Burma ကို ကျွန်တော် ဆက်သွယ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ အခြေစိုက်တဲ့ Open Society Institute ကိုလည်း ဆက်သွယ်ပါတယ်။ နှစ်ဖွဲ့စလုံးက လိုလိုလားလား အကြောင်းပြန်ပါတယ်။ ကျောင်းသား ၅ ဦးအထိ ထောက်ပံ့ပေးနိုင်ကြောင်း ကမ်းလှမ်းချက် ရရှိပါတယ်။ နယူးကာဆယ် တက္ကသိုလ်က ဆရာမ Mary Wootten တို့နဲ့လည်း ဆက်သွယ်ပါတယ်။ တက္ကသိုလ်ကလည်း လက်ခံသင်ကြားပေးနိုင်ပါတယ်။

​အဲ့ဒါနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပညာရေးဋ္ဌာနတွေက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး အဖွဲ့အစည်းအသီးသီးက အမည်စာရင်းတင်သွင်းလာသူတွေကို ကျွန်တော် ရေးဖြေ၊ နှုတ်ဖြေများ စစ်ဆေးပြီး ၅ ဦးရွေးချယ်ပါတယ်။ 

1. Khun Seng Laphai (Kachin)
2. Naw Mou Lay Khu (Karen)
3. Khu Law Re (Karenni)
4. Nai Weng Tamoik (Mon)
5. U Hla Htay (ABSDF) တို့ဖြစ်ပါတယ်။
ဒီ ၅ ယောက်ကို နယူးကာဆယ် တက္ကသိုလ်၊ ပညာရေးဋ္ဌာနမှာ Bachelor of Philosophy in Education ဘွဲ့ အတွက် စေလွှတ်ပါတယ်။
6. Ms. Nan Lung (Lahu)
ဆဋ္ဌမတစ်ယောက်ဖြစ်တဲ့ မနန်းလုံကိုတော့ M.Ed ဘွဲ့အတွက် လျှောက်ထားစေပါတယ်။ နယ်စပ်ဒေသနဲ့ ဒုက္ခသည်စခန်းတွေက ကျောင်းတွေအတွက် လိုအပ်နေတဲ့ အထူးပညာရေးလိုအပ်ချက်ရှိသော ကလေးများအတွက် ပညာရေး (Special Educational Needs) ကိုသင်ယူဖို့အတွက် ဖြစ်ပါတယ်။ တက္ကသိုလ်ကလည်း လက်ခံပါတယ်။ Prospect Burma နဲ့ OSI တို့ကလည်း Scholarship ပေးပါတယ်။

​ဘွဲ့တွေအသီးသီးရပြီး နယ်စပ်ကိုပြန်လာကြပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှာ ပြန်ပြီး တာဝန်ယူကြပါတယ်။ ဒါပေမယ့် ၆ ယောက်မှာ ၂ ယောက်ပဲ ပညာရေးအလုပ်တွေမှာ မြဲပြီး ၄ ယောက်က ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ တတိယနိုင်ငံမှာ အခြေချဖို့ ပြန်သွားကြပါတယ်။ ကျန်တဲ့ ၂ ယောက်ထဲမှာ Khun Seng က KIA ပညာရေးဋ္ဌာနကဖွင့်တဲ့ ပညာရေးကောလိပ်မှာ ပြန်လုပ်ပေးပါတယ်။ မနန်းလုံက ထိုင်းမြန်မာနယ်စပ်က ဆရာအတတ်ပညာသင်တန်းတွေမှာ တာဝန်ယူပါတယ်။

အော်စလိုတက္ကသိုလ် မြန်မာ့အရေးဆွေးနွေးပွဲ

​ကျွန်တော် ထိုင်းနယ်စပ်ကို ပြန်ရောက်ပြီးမှ နိုင်ငံခြားခရီး နှစ်ခေါက် သွားရပါတယ်။ နော်ဝေးနိုင်ငံနဲ့ ရိုမေးနီးယား နိုင်ငံတွေပါ။ ၂၀၀၀ ခုနှစ်ကုန်ပိုင်း နဲ့ ၂၀၀၁ နှစ်ဆန်းပိုင်းတွေမှာပါ။

​၂၀၀၀ ခုနှစ်၊ စက်တင်ဘာလမှာ နော်ဝေနိုင်ငံ၊ အော်စလိုတက္ကသိုလ်မှာ မြန်မာ့အရေးဆွေးနွေးပွဲ လုပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတာတွေ ဆွေးနွေးကြပါတယ်။ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဒေါက်တာစိန်ဝင်းနဲ့ ၉၀ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဦးဟန်ယောင်ဝေ၊ စီးပွားရေးပညာရှင် ဒေါက်တာ မျိုးညွန့် (သြစတေးလျ) တို့ ပါဝင်တက်ရောက်ပါတယ်။ ကျွန်တော်က ပညာရေးအကြောင်းပြောရပါတယ်။

​ကျွန်တော်လေ့လာထားတဲ့ မြန်မာနိုင်ငံပညာရေးသုတေသနတွေ့ရှိချက်တွေကို ပြောပါတယ်။ နိဂုံးချုပ်မှာ “မြန်မာနိုင်ငံပညာရေးစနစ်ဟာ ကျောင်းသားတွေကို စဉ်းစားတွေးခေါ်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးစေတယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကျွန်တော်စင်ပေါ်ကဆင်းတော့ OSI ရဲ့ အရှေ့တောင်အာရှရေးရာဋ္ဌာနမှာလုပ်နေတဲ့ ဒေါ်မော်ရင်းအောင်သွင် ကျွန်တော့်ကို လာနှုတ်ဆက်ပါတယ်။ အရှေ့ဥရောပနိုင်ငံတွေမှာ စာသင်ခန်းအတွင်း စဉ်းစားတွေးခေါ်တဲ့နည်းလမ်းတွေ အသုံးပြုနေပြီဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်ဝမ်းသာသွားပါတယ်။ ကျွန်တော်ရဲ့ မြန်မာနိုင်ငံပညာရေးတွေ့ရှိချက်မှာ စဉ်းစားတွေးခေါ်တဲ့ အခွင့်အလမ်းဆုံးရှုံးရတာကိုသာသိပြီး စဉ်းစားတွေးခေါ်စေတဲ့ သင်ကြားနည်းတွေ ဘယ်လိုရှိတယ်ဆိုတာ မသိသေးပါဘူး။ ကျွန်တော်စိတ်ဝင်စားကြောင်း၊ လေ့လာလိုကြောင်း ဒေါ်မော်ရင်းကို ပြောကြားခဲ့ပါတယ်။

စာသင်ခန်းအတွင်း စဉ်းစားတွေးခေါ်သော နည်းစနစ်များ

​ကျွန်တော် နော်ဝေးနိုင်ငံမှ ပြန်ရောက်ပြီး မကြာခင်မှာ အရှေ့ဥရောပ၊ ရိုမေးနီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ဝေဖန်ပိုင်းခြားစဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း Reading and Writing for Critical Thinking (RWCT) ညီလာခံတက်ရောက် ရန်ဖိတ်ကြားစာ ရရှိပါတယ်။ OSI ကလည်း ခရီးစရိတ်တာဝန်ယူကြောင်း စာရရှိပါတယ်။ ရိုမေးနီးယား ဗီဇာလျှောက်ဖို့အတွက် ညီလာခံတာဝန်ရှိသူတွေထံ ကျွန်တော်အကြောင်းကြားပါတယ်။ ရိုမေးနီးယားနိုင်ငံက လေဆိပ်ရောက်မှ ဗီဇာ လျှောက်လို့ရတယ် (Visa On Arrival) လို့ ပြောပါတယ်။

​ဒါနဲ့ ကျွန်တော် ဘန်ကောက်ကနေ ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်မြို့ကိုသွားပါတယ်။ လေဆိပ်မှာ Visa On Arrival လျှောက်တော့ ကျွန်တော့်ကို ဝင်ခွင့်မပေးပါဘူး။ ညီလာခံတာဝန်ရှိသူတွေကို ကျွန်တော်ဖုန်းနဲ့ လှမ်းအကြောင်းကြားပါတယ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိနဲ့ သူတို့ချင်း စကားပြောကြပါတယ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိက ကျွန်တော့်ကို ခဏစောင့်ပါ။ သူတို့ရုံးချုပ်ကို လှမ်းမေးမယ်လို့ပြောပါတယ်။

​ခဏသာဆိုတယ် တနေ့နဲ့ တညကြာပါတယ်။ လေဆိပ် Terminal ထဲက ခုံတွေပေါ်မှာပဲ အိပ်ရပါတယ်။ 

နောက်နေ့ မနက်မှာ ကျွန်တော့်ကိုခေါ်ပြီး ဗီဇာမပေးနိုင်ကြောင်း ပြောပါတယ်။ ဆိုက်ရောက်ဗီဇာက Passport ကိုင်ဆောင်သူများကိုသာ ပေးတယ်လို့ပြောပါတယ်။ ကျွန်တော်က ဒုက္ခသည်ခရီးသွားလက်မှတ် Refugee Travel Document ကိုင်ဆောင်ထားသူမို့ သူတို့ရဲ့ဥပဒေအရ ဆိုက်ရောက်ဗီဇာပေးခွင့်မရှိဘူးလို့ ပြောပါတယ်။ နေ့ခင်းဘက် ဘန်ကောက်ကိုထွက်တဲ့ လေယာဉ်ပေါ် ကျွန်တော့်ကို ပြန်တင်ပေးလိုက်ပါတယ်။

နောက်တစ်ပတ် ဆက်ရေးပါမည်။

ဓါတ်ပုံများမှာ
၁။ ၂၀၀၀ ခုနှစ် နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တွင်ကျင်းပသည့် Burma Day in Oslo Conference တက်ရောက်စဉ်။ ဒေါက်တာစိန်ဝင်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာမျိုးညွန့်၊ ဦးဟန်ယောင်ဝေနှင့် မိတ်ဆွေများ။

၂။ ၂၀၀၂ ခုနှစ် မဲရမိုစခန်းတွင် ပြုလုပ်သည့် RWCT သင်တန်း။ RWCT အတွေးအခေါ်နှင့် နည်းစနစ်များကို စတင်ခဲ့သည့် Prof. Jeannie Steele and Prof. Kurt Meredith တို့ကိုယ်တိုင် ဒုက္ခသည်စခန်းများသို့ သွားရောက် သင်တန်းပို့ချပါသည်။

ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာလ ၂၉ ရက်။