Breaking News

နေလင်း - ဝတ်မှုန်တော်လှန်ရေး

ဝတ်မှုန်တော်လှန်ရေး

နေလင်း

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၀


နိုင်ငံပိုင်

စာသင်ကျောင်းများ

သင်တန်းကျောင်းများ

အားကစားကွင်းများသည်

စစ်မျက်နှာအသစ်အသစ်များအတွက်

ရှေ့တန်းရောက်ရှိနေကြပြီ။


မိုးဇာတ်လမ်းလေးထဲ

ကံဆိုးမရဲ့နိုင်ငံငယ်လေးခမျှာ

မီးဝပြီးလှနေတဲ့အိုးတစ်လုံးလို

ဒဏ်ရာများလွန်းသူ

အိုအေစစ်ပန်းကလေးမွှေးတော့မွှေးနိုင်သေးရှာရဲ့။


မိစ္ဆာလင်းနို့မဲတွေရဲ့တမန်တော်တွေက

အသားဖြူလွန်းနေတော့

အသားအရောင်များစွာတို့ခမျှာ

အငိုက်မိသွားရရှာတာပေါ့။


ပိုးကျနေတဲ့ပန်းတစ်ပွင့်ပါလို့

ကမ္ဘာကြီးကိုလက်ညှိုးညွှန်ရပါရင်

နိုင်ငံတော်တွေဆိုတာ

ဝတ်မှုန်လေးတွေနေနည်းနဲ့

သူ့အကန့်လိုက်အကန့်လိုက်လေ။


မထိဘဲဘယ်နေမလဲ

မငြိဘဲဘယ်နေမလဲ

မနာကျင်ရပါဘဲ ဘယ်လိုနေထိုင်နိုင်မှာတဲ့လဲ

မျက်ရည်မြစ်တွေထဲအားလုံးအတူတူ

ရှိသမျှစွမ်းအားတွေနဲ့

တိုက်ပွဲကိုဆက်ပြီး ရင်ဆိုင်နေကြရတယ်။ ။ ။