Breaking News

လားရှိုး နဲ့ တောင်ကုတ်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ

မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၃ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨


လားရှိုး နဲ့ တောင်ကုတ်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ

နေ့စဥ် သတင်းတွေထဲ တွေ့နေကျ သတင်းအကြောင်းအရာတခုက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေပဲ ဖြစ်ပါတယ်။ တိုက်လေယာဥ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် နဲ့ လေ့ကျင့်ရေး လေယာဥ်တွေကို ပိုင်ဆိုင်ထားတဲ့ စစ်ကောင်စီရဲ့ လေတပ်က မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေစဥ် အကူအညီရအောင် လေကြောင်းက တိုက်ခိုက်တာအပြင် မြေပြင်က ထောက်လှမ်းရေး သတင်းအချက်အလက်စုဆောင်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ PDF အဖွဲ့တွေ စခန်းချတဲ့နေရာ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ရုံးစိုက်တဲ့ နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF အဖွဲ့တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကို ကောင်းကောင်းမွန်မွန် ကာကွယ်နိုင်တဲ့ လက်နက်နဲ့ ကာကွယ်ရေး စနစ် စတာတွေ မရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို လေတပ်အခြေစိုက်စခန်းတွေက စစ်လေယာဥ်တွေ ပျံတက်လာရင် သတင်းအချက်အလက် ဖြန့်ဝေတဲ့ လုပ်ဆောင်မှုမျိုး၊ ဗုံးခိုကျင်းနဲ့ ဖြန့်ခွဲ စခန်းချနေထိုင်တာမျိုးတွေသာ လုပ်ဆောင်နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။

လူထု အနေနဲ့လည်း စစ်ကောင်စီ ပစ်မှတ်ထားတဲ့ နေရာတွေ၊ ရုံးတွေ၊ လက်နက်ကိုင် တပ်တွေစုဝေးနေတဲ့ နေရာလိုမျိုး၊ အုပ်ချုပ်ရေးရုံးလိုမျိုးတွေနဲ့ ဝေးကွာတဲ့နေရာမှာ နေဖို့က အမြဲတစေ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ မိမိတို့ နေအိမ်တွေမှာ လုံခြုံတဲ့ ဗုံးခိုကျင်းတွေ တည်ဆောက်ဖို့လည်း မတတ်နိုင်ကြတာ၊ အခြေအနေ မပေးတာတွေ ရှိနေကြပြီး ဝမ်းရေးအတွက် အလုပ်အကိုင် ဝင်ငွေ၊ ရိက္ခာရှာဖို့ အဆင်ပြေဆုံးနေရာမှာ ရွေးချယ် နေထိုင်ကြရင်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရနေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပစ်မှတ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် နဲ့ PDF အဖွဲ့ဝင်တွေ ဘယ်လောက် ထိခိုက်မှုရှိ မရှိတော့ တိတိကျကျ မသိရှိနိုင်ကြပေမယ့် အရပ်သား ထိခိုက်မှုနဲ့ သေဆုံးမှုကတော့ နေ့စဥ်လိုလို ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီကို လေယာဥ်ဆီ မရောင်းချဖို့၊ စစ်လေယာဥ်၊ ရဟတ်ယာဥ် အပိုပစ္စည်းတွေ မရောင်းချဖို့ နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်မှုတွေ ရှိနေပေမယ့်လည်း ရာနှုန်းပြည့် အောင်မြင်ဖို့တော့ ခက်ခဲမယ့် အနေအထားလည်း ဖြစ်ပါတယ်။ ရုရှား၊ တရုတ်၊ ဗီယက်နမ် အစရှိတဲ့နိုင်ငံတွေ အနေနဲ့ စစ်ကောင်စီကို နိုင်ငံရဲ့ အစိုးရ အဖြစ် မှတ်ယူထားပြီး ဆက်ဆံနေတဲ့ အနေအထားဖြစ်ပြီး လေယာဥ်ဆီနဲ့ လေယာဥ် အပိုပစ္စည်းတွေကို အဆိုပါနိုင်ငံတွေဆီကနေ ဝယ်ယူရရှိနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံပြည်တွင်းစစ်ဟာ ပြည်ပဝင်ရောက်စွက်ဖက်မှု ရှိတဲ့အနေအထားမျိုး မဟုတ်တာကြောင့်လည်း စစ်ကောင်စီလေယာဥ်တွေကို ပစ်ချနိုင်တဲ့ လေကြောင်းကာကွယ်ရေး လက်နက်မျိုး ဘယ်နိုင်ငံကမှ ပေးအပ်တာ သို့မဟုတ် ရောင်းချတာ ဖြစ်လာနိုင်ခြေ မရှိသေးပါဘူး။ ဒါတွေကတော့ လေကြောင်းရန် ကာကွယ်ရေးစနစ်၊ လက်နက်တွေ လက်လှမ်းမမီနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ခုရက်အတွင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲက ခေါင်းလောင်းဒူ ကျေးရွာကို AA တပ်ဖွဲ့ဝင်တွေ စခန်းချ ဌာနချုပ်လုပ်ထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတယ်လို့ စစ်တပ်လော်ဘီ တယ်လီဂရန် အချို့က ရေးသားထားကြတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ပေမယ့်လည်း အရပ်သား ထိခိုက်မှုတွေပါ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အခုလို တောင်ကုတ်မြို့နယ်ထဲက ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ရက်ပိုင်းတွေက AA လက်နက်ကိုင် အဖွဲ့က သိမ်းယူထားတဲ့ သံတွဲမြို့ကိုလည်း စစ်ကောင်စီလေယာဥ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီနေ့ သတင်းတွေထဲမှာ AA ထိန်းချုပ် လွှမ်းမိုးတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှုအပြင် ရှမ်းမြောက်က အကြီးဆုံးမြို့ လားရှိုးမြို့ကိုလည်း အောက်တိုဘာ ၃ ရက်နေ့ ည ၄ ရက်နေ့ အကူးမှာ လေကြောင်းမှ ၄ ကြိမ် ဗုံးကြဲခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ထိခိုက်မှုနဲ့ သေဆုံးမှု သတင်းအချက်အလက်တွေ မသိရှိရသေးဘူးလို့လည်း ကနဦးသတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

လားရှိုးမြို့လိုမျိုး ရှမ်းမြောက်ဒေသရဲ့ မြို့ကြီးတမြို့ကို လက်လွှတ်ခဲ့ရတဲ့အတွက် စစ်ကောင်စီအနေနဲ့ မြို့ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်လို့မရအောင် ရည်ရွယ်တာ၊ မြို့နေလူထု မြို့ကို စွန့်ခွာသွားဖို့ ရည်ရွယ်ပြီး လေကြောင်းတိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ မြို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေအများစုပဲ ကျန်ပြီး ဘယ်လိုမှ စွန့်ခွာဖို့ မလွယ်ကူတဲ့ မြို့လူထု အနည်းငယ် ကျန်တဲ့အနေအထားမျိုးမှာ မြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ရည်ရွယ်ချက် ထားရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရှမ်းမြောက်ဒေသမှာ လားရှိုးမြို့က စစ်ရေးအရ၊ စီးပွားရေးအရ အရေးပါတဲ့မြို့ ဖြစ်နေပြီး မြို့နေလူထုအဖို့တော့ စိတ်ချလက်ချ နေထိုင်နိုင်မယ့် အနေအထားကို တော်ရုံနဲ့ မရောက်နိုင်သေးဘူးလို့ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar