ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃
(မိုးမခ) ဇန်နဝါရီ ၂၃ ၊ ၂၀၂၄
ကျို့ခေတ် (周 Zhou) စတင်ခြင်း
တရုတ်ပြည်ရဲ့ ပဒေသရာဇ်ခေတ် ရာဇဝင်မှာ ပထမဆုံး မင်းဆက် (ခေတ်) ဖြစ်တဲ့ ရှ(Xia) ခေတ်ဟာ ဘီစီ ၂၀၇၀ မှာ စတင်ပြီး၊ ဘီစီ ၁၆၀၀ မှာ အဆုံးသတ်တာမို့ နှစ်ပေါင်း ၄၇၀ ကြာမြင့်ပါတယ်။ ရှ ရဲ့ ကျဆုံးတဲ့ ဘီစီ ၁၆၀၀ မှာ စတင်တဲ့ ရှန်း(Shang) ခေတ် ဟာ ဘီစီ ၁၀၄၆ မှာ အဆုံးသတ်သွားတာမို့ နှစ်ပေါင်း ၅၅၄ နှစ် ကြာမြင့်ပါတယ်။ ရှန်းခေတ် ကျဆုံးပြီးတဲ့နောက် ကျို့(周 Zhou) ခေတ်က ဆက်တိုက်ပြန်လည်စတင်ပါတယ်။
ပထမဆုံး ရှ ခေတ်ဟာ တိုင်းပြည်ကို စုစည်းတည်ထောင်ခြင်းနဲ့ စတင်ပါတယ်။ ဒါပေမဲ့ သူ့နောက်က ဆက်လိုက်လာတဲ့ ခေတ် နှစ်ခေတ်ဖြစ်တဲ့ ရှန်းခေတ်၊ ကျို့ခေတ် တွေကတော့ တိုင်းပြည်ကို စုစည်းတည်ထောင်တာမျိုး မဟုတ်ဘဲ၊ ရှေ့ကခေတ်ရဲ့ ဗဟို အုပ်ချုပ်ရေးက ညံ့ဖျင်းယိုယွင်းလာချိန်မှာ လက်အောက်ခံ နယ်စား၊ ပယ်စားတွေက ပုန်ကန်ပြီး ထီးနန်းကို လွှဲယူလိုက်ရင်း စတင်တဲ့ ခေတ်တွေ ဖြစ်တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။ ရှ ခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ကျယ် ရဲ့ လက်ထဲက ရှ နိုင်ငံတော်ကို ရှန်းခေတ် ထူထောင်သူ ထန်ဧကရာဇ်က ရယူခဲ့တာ ဖြစ်သလို၊ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ရှင်း လက်ထဲက ရှန်း နိုင်ငံတော်ကို ကျို့ခေတ် ထူထောင်သူ ဝူ (武 Wu) ဧကရာဇ် က ရယူခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကျို့ခေတ်ထူထောင်ခန်း နဲ့ ရှန်းခေတ်ကျဆုံးခန်း ဟာ အကြွေစေ့တစ်ခုရဲ့ ခေါင်းနဲ့ ပန်း လိုပဲလို့ ပြောရမှာပါ။
ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ရှင်း လက်ထက်မှာ တိုင်းပြည်က အစစ အရာရာ ယုတ်လျော့ကျဆင်းလာပါတယ်။ ရှန်းအင်ပါယာရဲ့ လက်အောက်ခံ ပဏ္ဏာဆက်နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ကျို့နိုင်ငံငယ် ဟာ ရှန်းနဲ့အတူ ယှဉ်တွဲရှိနေတဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပါတယ်။ ဘီစီ ၁၂ ရာစုအတွင်း ရှန်းနိုင်ငံတော်ကို ချဲ့ထွင်ရာမှာ ဝေ(渭Wei) မြစ်ဝှမ်းအထိ ကျယ်ပြန့်ရောက်ရှိလာပါတယ်။ ဝေမြစ် ဟာ ရှခေတ်နဲ့ ရှန်းခေတ်တို့ အခြေတည်ဖြစ်ထွန်းရာ မြစ်ဝါမြစ် ထဲ စီးဝင်နေတဲ့ အကြီးမားဆုံး မြစ်လက်တက် တစ်ခု ဖြစ်ပါတယ်။ ကျို့နိုင်ငံငယ်ဟာ ဝေမြစ်ဝှမ်းမှာ ရှိနေတာပါ။ ဒါကြောင့် ကျို့ ဟာ ရှန်းရဲ့ လက်အောက်ခံ နယ်တစ်နယ်အဖြစ် ဘီစီ ၁၂ ရာစုမှာကတည်းက ရှိနေခဲ့တာလို့ ဆိုရမှာပါ။
ယေဘုယျအားဖြင့်တော့ ရှန်း နဲ့ ကျို့ ကြားမှာ ရှေ့ပိုင်းကာလတလျှောက် ဆက်ဆံရေး အလွန်ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ကျို့ရဲ့ အကြီးအကဲ ဝမ် (文)ကို ဧကရာဇ် ရှင်း ကိုယ်တိုင်က “အနောက်ဘက်ဘုရင် (Overlord of West)” ဆိုတဲ့ ဘွဲ့ထူးချီးမြှင့်ခဲ့ပါတယ်။ ဧကရာဇ် ရှင်း ရဲ့ နန်းသက်အစောပိုင်း (ကိုယ်ကျင့်မပျက်စီးဘေးဘဲ တိုင်းရေးပြည်ရာ စိတ်ဝင်တစား စီမံနေသေးချိန်) မှာ ရှန်းအင်ပါယာရဲ့ အရှေ့တောင်ပိုင်းတွေကို စစ်ချီပြီး နယ်မြေချဲ့ထွင်ချိန်မှာ နောက်တန်းမှာထိုင်ပြီး တိုင်းပြည်ကို စောင့်ရှောက်ဖို့ ကျို့ ဘုရင် ဝမ် ကို တာဝန်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ ရှင်း က ပျက်စီးလာသလို၊ ရှန်းအင်ပါယာကလည်း အားနည်းလာပါတယ်။ ဒါပေမဲ့ တပြိုင်နက်တည်းမှာ ကျို့ နိုင်ငံက အင်အားကြီးထွားလာပါတယ်။ ဒါကို ကြောက်ရွံ့လာတဲ့ ဧကရာဇ် ရှင်း ဟာ ကျို့ဘုရင် ဝမ် ကို ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချစေပါတယ်။ အာဏာရှင်တွေဟာ ပြိုင်ဘက်ကို ကြောက်ရင်လည်း ထောင်ချထားတတ်တာ အဲဒီခေတ်ကတည်းကပါပဲလား လို့ တွေးကြည့်စရာပါ။
နောက်ပိုင်းမှာ ဝမ် ကို ပြန်လွှတ်ပေးလိုက်ပေမယ့် ရှန်း ဗဟို နဲ့ ကျို့ အကြားမှာ ဆက်ဆံရေးကတော့ ပြန်မကောင်းလာနိုင်တော့ပါဘူး။ အခြေအနေဟာ တင်းတင်းမာမာ ဖြစ်လာပါတယ်။
ဝမ် ဘုရင်ဟာ ကျို့တပ်ရဲ့ အင်အားကို ချဲ့ထွင်လာပြီး ရှန်းကို သစ္စာခံတဲ့ နိုင်ငံခပ်သေးသေးတွေကို ဆက်တိုက် သိမ်းယူပြီး အင်အားစုစည်းပါတယ်။ တဖက်မှာက ရှန်း ဟာ ဧကရာဇ် ရှင်းရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် အင်အား တဖြည်းဖြည်း ချည့်နဲ့လာနေပါတယ်။ ကျို့ ဟာ တချိန်ချိန်မှာ ရှန်းကို ပုန်ကန်တော့မယ်ဆိုတာကတော့ အဲဒီခေတ်က လူတိုင်း တွေးမိကြမှာပါ။
ဒါပေမဲ့ ဝမ်ဘုရင် ဟာ တိုက်ပွဲကို အဆုံးသတ်အောင် မတိုက်သွားနိုင်ဘဲ ဘီစီ ၁၀၄၆ မတိုင်မီမှာ သေဆုံးသွားပါတယ်။ သားဖြစ်သူ ဝူ က ကျို့ ထီးနန်းကို ဆက်ခံပါတယ်။ ဝမ် ရဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေကို သားဖြစ်သူ ဝူ က ဆက်လက်တာဝန်ယူရတော့မှာပါ။ ဝူ က ရှန်း ကို မတိုက်ဘဲ နှစ်အနည်းငယ် စောင့်ကြည့်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အဓိက အကြောင်းအရင်းကတော့ နှစ်ချက်ရှိပါတယ်။
ပထမအချက်က ရှန်း ဧကရာဇ် ဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ်ခံ ဖြစ်တာကြောင့် အဲဒီဗျာဒိတ် ရုတ်သိမ်းခံရချိန်အထိ စောင့်ရမယ်ဆိုတဲ့ အဲဒီခေတ်ရဲ့ နိုင်ငံရေးအယူအဆကြောင့်ပါ။ ဒါက ယုံကြည်မှုဆိုင်ရာ အကြောင်းပြချက်ဖြစ်ပြီး လက်တွေ့မကျပါဘူး။
ဒုတိယ အကြောင်းပြချက်ကတော့ လက်တွေ့ပိုကျပါတယ်။ ကျန်းကျိယာ (Jiang Jiya) လို့ခေါ်တဲ့ ပညာရှိအမတ်မင်းက ခဏစောင့်ဖို့ ပြောလို့ပါ။ (ကျန်းကျိယာ နဲ့ သူ သင်ကြားပို့ချခဲ့တဲ့ လျှို့ဝှက် စစ်ရေးဗျူဟာ ၆ ချက်အကြောင်းကို သီးခြား ဆွေးနွေးပါဦးမယ်။)
အဲဒီလို စောင့်နေရင်း တဖြည်းဖြည်းနဲ့ ဧကရာဇ်ရှင်း နဲ့ သူ့မိဖုရား တကျီ က ပြည်သူတွေကို ဖိနှိပ်လွန်းအားကြီးပြီး၊ ဘယ်သူမှ နန်းတော်အကြောင်း၊ ဧကရာဇ်အကြောင်း၊ နိုင်ငံရေးအကြောင်း စကားမဟရဲလောက်အောင် ဖြစ်လာပါတယ်။ အဲဒီအခြေအနေက ရှန်းပြည်ဟာ အင်အားအနည်းဆုံး အနေအထားကို ရောက်ရှိနေတာကို ပြနေတာ ဖြစ်တယ်လို့ ကျန်းကျိယန်က ယူဆပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ ရှန်း ကို ဝင်တိုက်ဖို့ ကျန်းကျိယာ နဲ့ ဝူဘုရင်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဘီစီ ၁၀၄၅-၁၀၄၆ မှာ တော်လှန်ရေးကြီး စတင်ပါတယ်။ အဲဒီလို တော်လှန်ရာမှာ ဝူ ဘုရင်ကိုယ်တိုင် တပ်သား ၅၀,၀၀၀ ကို ဦးစီးပြီး ထွက်တိုက်တယ်လို့ ဆိုပါတယ်။ စစ်ရေးဗျူဟာ ချမှတ်ပေးသူကတော့ ကျန်းကျိယာ ဖြစ်ပါတယ်။
ဒီလိုနဲ့ မုယယ်တိုက်ပွဲ (Battle of Muye) ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ နေရာဟာ ရှန်း ရဲ့ မြို့တော်ဖြစ်တဲ့ ယင် (Yin殷) (ဒီနေ့ခေတ် အန်းယန် မြို့) နဲ့ ၃၅ ကီလိုမီတာ အကွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ပွဲဖော်ဆောင်ချိန်မှာ ရှင်း ဧကရာဇ်ရဲ့ တပ်အတော်များများက အရှေ့ဘက်ကို စစ်တိုက်ထွက်နေချိန် ဖြစ်တယ်လို့ ဆိုပါတယ်။ ရှန်း တပ်တွေ တစ်ဖက်မှာ စစ်မျက်နှာ ဖွင့်ထားရချိန်ကို အခွင့်ကောင်းယူပြီး ကျို့ တပ်တွေက ဝင်တိုက်တာ ဖြစ်ပါတယ်။
တိုက်ပွဲအစမှာ ကျန်းကျိယာ ဟာ တပ်အချို့ကို ဦးဆောင်ပြီး တပ်သား ၁၀၀ လောက်ကို တိုက်ပွဲခေါ်တဲ့ ဗုံတွေ တီးစေတယ်လို့ ဆိုပါတယ်။ အဲဒီအခါ ယင် မြို့စောင့်တပ်တွေဟာ ကျန်းကျိယာရဲ့ တပ်တွေကို တိုက်ဖို့ ထွက်လာကြပါသတဲ့။ အဲဒီတပ်တွေကို ကျန်းကျိယာက အနောက်တောင်အရပ်ကို မျှားခေါ်သွားပါသတဲ့။ အဲဒီအချိန်မှာ ကျို့တပ်တွေက ယင် မြို့တော်ကို ဝိုင်းပတ်ချေမှုန်းကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရှင်း ဧကရာဇ်မှာလည်း မြို့စောင့်အဖြစ် ချန်ထားတဲ့တပ်တွေကကို ကျို့တပ်ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်း ဧကရာဇ်က သူ့ဘက်က အသာရစေဖို့ သူ့လက်အောက်ခံ နယ်မြေတွေက ကျွန် ၁၇၀,၀၀၀ ကို ဆင့်ခေါ်ပြီး လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်တဲ့ စစ်သည်တွေမဟုတ်ဘဲ အရပ်သားတွေကို အချိန်တိုအတွင်း သင်တန်းပေး၊ လက်နက်တပ်ဆင်ခိုင်းခဲ့ပုံပါပဲ။
ဒါပေမဲ့ ပြဿနာက အဲဒီလို ထပ်ထည့်လိုက်တဲ့ စစ်သည်တွေဟာ စစ်မြေပြင်မှာ ကျို့တပ်တွေနဲ့ တွေ့တဲ့အခါ ရှန်း ဧကရာဇ်ကို ကာကွယ်ဖို့ ကျို့တပ်တွေကို တိုက်ရမယ့်အစား၊ ကျို့တပ်တွေနဲ့ ပေါင်းပြီး ရှန်းတပ်တွေကို ပြန်တိုက်ကြတော့တာပါ။ ဒီဘက်ခေတ် စကားနဲ့ ဆိုရင်တော့ သေနတ်ပြောင်းလှည့်တယ်လို့ ဆိုကြမယ် ထင်ပါတယ်။ တကယ်တော့ အဲဒီလို ကျို့ ဘက်ကို ဘက်ပြောင်းသွားသူတွေက ရှန်း ဧကရာဇ်ရဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကို အရင်ကတည်းက မနှစ်မြို့နေကြသူတွေ ဖြစ်နေတာပါ။
ဒါပေမဲ့ ရှန်း ဧကရာဇ် ဘယ်လောက်ဆိုးဆိုး၊ ငါတို့ဧကရာဇ် မှ ငါတို့ ဧကရာဇ်ပဲ ဆိုပြီး နောက်မဆုတ်တမ်း ဆက်မိုက်တဲ့ ရှန်း တပ်သားတွေလည်း ကျန်နေပါသေးတယ်။ ဒါကြောင့် တိုက်ပွဲက ပိုပြင်းထန်ပြီး၊ သွေးထွက်သံယို ပိုများပါတယ်။ တိုက်ပွဲအပြီးမှာ ကျို့ က အနိုင်ရပါတယ်။
ရှင်း ဧကရာဇ် က နန်းတော်ကို မီးရှို့ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်။ မသေခင် သူ့ကိုယ်သူ ကျောက်စိမ်း အစရှိတဲ့ အဖိုးတန်ရတနာတွေ နန်းဆောင်အလယ်မှာ ပုံပြီး၊ အဲဒီအပုံထဲမှာ သေသွားတာလို့ ဆိုပါတယ်။ တိုက်ပွဲပြီးချိန်မှာ ဝူ က ရှင်းရဲ့ မိုက်ဖော်မိုက်ဖက် မိဖုရား တကျီကိုလည်း သတ်ပစ်လိုက်ပါတယ်။
ဒီအဖြစ်အပျက်တွေဟာ ရှန်းခေတ် အဆုံး နဲ့ ကျို့ခေတ် အစ ကာလတွေကို ကျို့ ဘက်မျက်နှာစာက မြင်တွေ့ရပုံတွေပါ။ အဲဒီနှစ်ခုကို သီးခြားစီ ခွဲထုတ်လို့ မရပါဘူး။ ဒါကြောင့် ဒီမှတ်စုတိုကို ကျို့ခေတ် စတင်ခြင်း လို့ ခေါင်းစဉ်တပ်ထားပေမယ့် ရှန်းခေတ်နိဂုံး လို့ မှတ်ယူရင်လည်း ရမှာပါ။
ခေတ်ဟောင်း တစ်ခုကို အဆုံးသတ်ဖို့ ကြိုးစားနေခြင်းဟာ ခေတ်သစ်တစ်ခု အစပြုနေခြင်းပဲ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar