Breaking News

ဘုန်းနိုင်လင်း - ပိုးလမ်းမကြီးပေါ်မှာ ( ၂ )


ပိုးလမ်းမကြီးပေါ်မှာ ( ၂ )

ဘုန်းနိုင်လင်း

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၀


စစ်အတွင်းမှာ

ညွတ်ကွင်းကိုသတိထားသလို

ကပ်အတွင်းမှာ

ခပ်ကွင်းကိုဆင်ခြင်ဖို့လို


ကပ်ကို ကပ်ရှောင်ရမယ့်အရေးမှာ

လမ်းပေါ်တက် အုပ်စုဖွဲ့ယောင်နေဦးမလား

တက်ကြွလှုပ်ရှားတဲ့ ပါတီအလံတော်အရေးဟာ

ကိုဗစ်ရဲ့ကိုယ်စားလှယ်ရွေးပွဲဖြစ်သွားမလား

ပြည်သူပြည်သားအရေး

ဆွေးရင်း တွေးရင်း စိုးရိမ်တယ်

မြန်မာပြည် တနံတလျား

မြိတ်ကနေ ထိပ်အထိ စိုးရိမ်တယ်

စိုးရိမ်စိတ်က ပိုးလမ်းမကြီးပေါ်မှာ။


စစ်​ကသယ်​လာတဲ့ 'ကပ်​'

ကမ်းမြောင်အရပ်မှာလည်း မီးစွဲလောင်နေပြန်တယ်

'ကပ်' ကဖြစ်နေတာ စစ်လို

ကိုဗစ်ဆိုတာ ထိုးစစ်

တို့တစ်ဦးချင်းရဲ့ စစ်မျက်နှာမှာ

ခံစစ်မကျိုးပေါက်ဖို့လည်းလိုတယ်

စိုးရိမ်စိတ်က ပိုးလမ်းမကြီးပေါ်မှာ။


ဘယ်ခေတ်မဆို

ဘယ်​စနစ်​မဆို

စစ်ရဲ့နောက်ဆက်တွဲမှာ 'ကပ် 'ပါလာတယ်

'ကပ် 'လာတဲ့လမ်းမှာ စစ်လမ်းလို

'ကပ်'နဲ့ကပ်ပါလာတာ စစ်

လူးသားအားလုံး ရဲ့စစ်

'ကပ်' ဟာ ကပ်ကပ်လာတယ် 

တို့အနားကို တိုး ကပ်ကပ်လာတယ်

ငါတို့အားလုံးဟာ ပိုးလမ်းမကြီးပေါ်မှာ။


ကပ်နဲ့စစ် တစ်ထပ်တည်းဖြစ်တဲ့ခါ

တို့ပြည်သူရဲ့ဗျူဟာ

ဘယ်စစ်မဆိုရှောင်ရမယ့်နည်းနာနဲ့

ညီညာကြရမှာ မဟုတ်​လား

ပြည်သာဖို့ ညီညာစို့

တို့ဘဝတွေဟာ ပိုးလမ်းမကြီးပေါ်မှာ။


ဝမ်းရေးလည်း မခက်စေဖို့

လွမ်းရေးလည်းမပျက်စေဖို့

ကပ်မကျော်ခင် စစ်တွင်းမှာ

ငါတို့ကိုယ်တိုင် ပစ်ကွင်းထဲမဆင်းမိဖို့ လိုမယ်

ငါတို့ရဲ့ရှင်သန်ခြင်းဟာ ပိုးလမ်းမကြီးပေါ်မှာ။


အချစ်ကလည်း အချစ်ပေါ့

ကပ်ဘေးလည်း စစ်ရေးပဲမို့

ဘယ်အရေးမဆို ပစ်ကွင်းထဲပြေးမဆင်းနဲ့ဦး

ရောက်နေတဲ့အရပ်က ပိုးလမ်းမကြီးပေါ်

'ကပ်' ကို ကပ်မခေါ်မိစေနဲ့

'ကပ်' ကိုကျော်ဖို့ ခံစစ်ကြောင်းကိုတောင့်ထားစို့

ငါတို့ရဲ့ရင်ခုန်သံဟာ ပိုးလမ်းမကြီးပေါ်မှာ။


အချစ်မလွန်စေနဲ့

စစ်မကျွံစေနဲ့

'ကပ'် နွံထဲမနစ်စေနဲ့

တပ်နွံလည်းမနစ်စေနဲ့

စစ်လွန်ရင် ပြည်သူ့ခေတ်ပါပဲ

မနက်ဖြန်သစ်မယ့် အချစ်ဆိုတာ

အသွေးအရောင်စစ်ရင်

အ​မြေးအ​တောင်​သစ်​လာမှာပါ

ငါတို့နှလုံးသားအစစ်နဲ့

မျော်လင့်ခြင်းဆိုတာလည်း ပိုးလမ်းမကြီးပေါ်မှာ။


22 Sep 2020

6:30PM

THU