Breaking News

လှကျော်ဇော - တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှုများ




လှကျော်ဇော - တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှုများ

(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၀
(အရေးတော်ပုံဂျာနယ်တွင် ဖော်ပြပြီး)

အခုတလော တောင်တရုတ်ပင်လယ်အတွင်း အပြိုင်အဆိုင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေကြတဲ့ အမေရိကန်နဲ့ တရုတ်တို့ အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ ကမ္ဘာ့ပရိသတ်ကတော့ ရင်တထိတ်ထိတ်ပဲ။ နှစ်ဖက်ရင်ဆိုင်စစ်ပွဲကြီးများ မဖြစ်တောင်၊ မတော်တဆ ထိမိ ရှမိတာ၊ တွက်ချက်မှု မှားတာတွေကနေ အကန့်အသတ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့ နှစ်ဖက်စလုံးက ပြောနေကြတာ။

တကယ်တော့- တရုတ်ရော အမေရိကန်ရော ပြည်တွင်း လိုအပ်ချက်များအရ (domestic demand) လုပ်နေရတာတွေ ပါပါတယ်။

၁။ အမေရိကန်က နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရည်ရွယ်ရာမှာ သူတို့ ပြည်တွင်း ကိုဗစ်ရောဂါ ကိုင်တွယ်ရာမှာ ကသောင်းကနင်းဖြစ်မှုအတွက် တရားခံရှာရာမှာရော၊ အမေရိကန်ရဲ့ အဆင့် (၁) နေရာကို ခြိမ်းခြောက်လာနေတဲ့ တရုတ်တိုးတက်မှုကို ထိန်းချုပ်ရေးအတွက်ပါ ပါတယ်။

အဓိကကတော့ ထိုင်ဝမ်ဖဲချပ်ကို အသုံးပြုပြီး တရုတ်အချင်းချင်း စစ်တိုက်အောင် ဆွပေးနေတာ။

သူနဲ့ တိုက်ရိုက်ရင်ဆိုင်ဖို့ မရည်ရွယ်ဘူး။ ပစိဖိတ်စစ်ဒေသ တပ်မှူးချုပ် (အမေရိကန်)နဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ တရုတ်ရေတပ် တပ်မှူးတို့ တိုက်ရိုက် (hot-line) ဖုန်းလိုင်း အဆက်အသွယ်ရှိပြီးသား။ ဘာမှ အတွက်အချက် မှားစရာ မရှိပါဘူး။ ဒါ့အပြင် အမေရိကန်မှာ တခြား ထည့်စဉ်းစားရမယ့် အချက်များလည်း ရှိနေပါတယ်။

တရုတ်က အခု ထုတ်ပြနေတဲ့ D F21 ဆိုတာက ဒေါ်လာ ၃-၅ သန်းလောက်ပဲ တန်ပြီး အဲဒီဒုံးပျံ-၂-၃ စင်းလောက်နဲ့ ဒေါ်လာဘီလီယံချီတန်တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောတွေကို မြှုပ်ပစ်နိုင်ပါတယ်။ ဒါကြောင့် အမေရိကန်က တောင်တရုတ်ပင်လယ်တွင်း လေယဉ်တင်သင်္ဘောတွေ များများဝင်လာလေ ကြိုက်လေပဲဖြစ်မှာပေါ့လို့ အမေရိကန် ပါမောက္ခတယောက်က ပြောသွားပါတယ်။

(၁၉၅၃-၅၄ ကိုးရီးယား စစ်ပွဲပြီးကတည်းက အမေရိကန်က တရုတ်အကြောင်း ကောင်းကောင်း သိထားပြီးပါပြီ။ အမေရိကန်တပ်များရဲ့ အခြေအနေကိုလည်း အခုဆက်တိုက်နေတဲ့ အာဖဂန်-အီရတ် စတဲ့ပွဲများမှာ ဘာတွေဖြစ်နေလဲ တွေ့နေရတာပဲ။ ပြီးတော့ ဒီလို ရွေးကောက်ပွဲနှစ်ကြီးမှာ ဘယ်အမေရိကန် သမ္မတမှ နောက်စစ်ပွဲတပွဲ မနွှဲပါဘူး။)

ဒါ့အပြင် တရုတ်ရော အမေရိကန်ရော အဏုမြူဗုံး ပိုင်ဆိုင်ထားသူများပါ။ ဒါကြောင့် အမေရိကန်က တရုတ်နဲ့ တိုက်ရိုက်ရင်ဆိုင်ဖို့ မရည်ရွယ်ပါဘူး။

၂။ တရုတ်ဘက်ကလည်း အမေရိကန်ရဲ့ အနိုင်ကျင့်မှုကို ငုံ့ခံမနေပါဘူးဆိုတာကို ပြည်တွင်းမှာ ပြဖို့လိုပါတယ်။ သင့်တော်တဲ့ တုံ့ပြန်မှုတွေလုပ်ပြဖို့ စဉ်းစားရတာ ရှိပါလိမ့်မယ်။

ဒါပေမဲ့ အဓိကပစ်မှတ်ထားတာက ထိုင်ဝမ်က လွတ်လပ်ရေးလိုလားသူများကိုပါ။ တရုတ်တွေ အမြင်မှာ-ထိုင်ဝမ် လွတ်လပ်ရေးသမားများကြားမှာ နှစ်မျိုးနှစ်စား ရှိတယ်တဲ့။

(၁) ခေါင်းမာဂိုဏ်း၊ အခု ထိုင်ဝမ်က (သမ္မတ) စိုက်ရင်ဝန်တို့အုပ်။ အမေရိကန် မြှောက်ပေးနေတာ အဟုတ်မှတ်ပြီး မိုက်မိုက်ကန်းကန်း လွတ်လပ်ရေးကြေညာလိုက်မှာ ကြောက်ရတယ်လို့ဆိုပါတယ်။

(၂) စားကောင်းသောက်ကောင်းအောင် လုပ်နေတဲ့ (အမေရိကန် လော်ဘီဂိုဏ်း)-ဒီလူတွေက သိတယ်။ အမေရိကန်က အပြတ် ထိုင်ဝမ် လွတ်လပ်ရေးရသွားမှာကို မကြိုက်ဘူး။ ကူမှာလည်းမဟုတ်ဘူး။ အခုလို တရုတ်ပြည်မကြီးကို တံတွေးဆွတ်ရုံလေးလောက်ပဲ ကြိုက်တာ။

ဒီလိုပြည်မကြီးနဲ့ထိုင်ဝမ်ကြား တကျက်ကျက်ဖြစ်နေမှုက တရုတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ထားရေးဆိုတဲ့ အမေရိကန်ရဲ့ပေါ်လစီကို အထောက်အကူပြုတာကိုး။

ဒါဖြင့် တရုတ်ပြည်မကြီးရဲ့ သဘောထားကရော၊ ထိုင်ဝမ်က လွတ်လပ်ရေးကြေညာရင် အပြတ်ဝင်သိမ်းရမှာ။ ဒီအဖြစ်ကို အရောက်မခံချင်ဘူး။ ဒါမျိုးက တရုတ်အတွက် ပြောင်းပြန်အကျိုးသက်ရောက်မှု (backfire) ဖြစ်မှာ။

ထိုင်ဝမ်နဲ့ နှစ်ဦးနှစ်ဖက် အကျေအလည်ဆွေးနွေးပြီးမှ ပူးပေါင်းရေးကို ပိုလိုလားတယ်။ ဒါမှ ရေရှည်ခံမှာတဲ့။

ဒါကြောင့် တရုတ်က ထိုင်ဝမ်ရှိ လွတ်လပ်ရေးသမားတွေကို သတိပေးတဲ့အနေနဲ့ ဒီစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ပြနေတာ ဖြစ်တယ်။ အရင်လက တရုတ်ပြည်လုပ် (amphibian) ကုန်းတက် ရေငုပ်သင်္ဘောများနဲ့ ကျွန်းသိမ်း လေ့ကျင့်ခန်းတွေ လုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ် ဇွန်လ ၂၃ ရက်နေ့က တရုတ်ရဲ့ကြေညာချက်။ Game Changer က Bei-dou satellite navigationsystem.(ပေတိုးက တည်နေရာပြစနစ်) အာကာသတွင်း သွားလာရေးစနစ်ကို မိမိဂြိုဟ်တုများကတဆင့် အချက်အလက်များ ရယူနိုင်တဲ့ ကိုယ်ပိုင်စနစ်ကို လုပ်ဆောင်လိုက်နိုင်တာ။ ဒါက

၁။ အမေရိကန်ရဲ့-G.P.S.

၂။ ရုရှားရဲ့Glonass.

၃။ အီးယူရဲ့Galileo.တို့နဲ့အပြိုင် တရုတ်က လုပ်ဆောင်လိုက်နိုင်တာပါ။

ဒါ့အပြင် တရုတ်စနစ်ဟာ တခြားစနစ်များထက်၊ ပိုအသေးစိတ်ကျပြီး ပိုမြန်တယ်တဲ့။

ဒီတော့ ထိုင်ဝမ်က လွတ်လပ်ရေး ကြေညာတာနဲ့တပြိုင်နက် ထိုင်ဝမ်ကျွန်းတကျွန်းလုံး ဆက်သွယ်ရေးစနစ် အားလုံး သောင်တင်သွားအောင် (grounded) (ပင်လယ်ကွေ့စစ်ပွဲအတွင်းက အီရတ်စစ်တပ်ကြီး တတပ်လုံးကို အမေရိကန်တွေက သူတို့ရဲ့(G.P.S) စနစ်နဲ့ လုပ်သလိုမျိုး) လုပ်နိုင်သွားပါပြီ။

ဒါတွေအားလုံးကို တရုတ်က စစ်ကို တားဆီးဟန့်တားတဲ့ ပေါ်လစီများ (deterrent policy) လို့ ခေါ်ပါတယ်။

သဘောကတော့ ထိုင်ဝမ်ကိစ္စကို အကြမ်းဖက် ဖြေရှင်းစရာမလိုဘဲ စေ့စပ်ဆွေးနွေးပွဲ စားပွဲပေါ် ရောက်လာရေးအတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။

ဒါတွေကြောင့် တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်ခန်းတွေ အပြိုင်အဆိုင်လုပ်ပြီး စစ်ရေးတွေ ပြနေကြတာပါ။

တကယ်တော့ တရုတ်ရော၊ အမေရိကန်ရော နှစ်ဖက် ရင်ဆိုင်စစ်ခင်းဖို့အထိ ရည်ရွယ်ကြတာ မဟုတ်ပေမယ့် ကမ္ဘာ့စင်မြင့်ပေါ်မှာ သေနင်္ဂဗျူဟာအခင်းအကျင်းအရ ကျန်နိုင်ငံ အများအပြား (မိမိတို့ကို လိုလားသူများကိုရော၊ မိမိတို့ကို မလိုလားသူများကိုပါ)ကို မိမိတို့ရဲ့ အဆင့်မြင့် စစ်အင်အား စစ်ယန္တရားတွေ၊ စစ်သည်စွမ်းရည်တွေကို ဖော်ထုတ်ပြသပြီး စစ်တိုက်စရာမလိုဘဲ မိမိတို့ လိုချင်တဲ့ ရည်မှန်းချက်တွေရရေး ကြိုးပမ်းမှုတွေ လုပ်တာသာ ဖြစ်ဖို့များတယ်လို့ တချို့စစ်ရေးအကဲခတ်များက ပြောဆိုနေကြပါတယ်။

ဒီအတိုင်း မှန်ပါစေလို့ပဲ ဆုတောင်းရမှာပါ။ အမေရိကန် စူပါ ပါဝါက လုံးတူရပ်တူ ဖြစ်လာတဲ့ တရုတ်ကို စစ်ရေးအရ ထိပ်တိုက်တွေ့ဦးမှာ မဟုတ်ဘူးလို့ စဉ်းစားရင်တောင် အမေရိကန်အနေနဲ့ အင်အားနည်းတဲ့ နိုင်ငံလေးတွေအပေါ် ပြဿနာရှာ ဗိုလ်ကျ အနိုင်ကျင့်တတ်တာ (အာဖဂန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား စသည်) သတိရှိဖို့ လိုပါတယ်။

အမေရိကန် နယ်ချဲ့စနစ်ရဲ့ ရန်စမှု စစ်လှုံ့ဆော်မှုတွေကြောင့် ဒေသန္တရနဲ့ ကမ္ဘာစစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကမ္ဘာ့ပြည်သူများရဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့်သာ တားဆီးနိုင်မှာ ဖြစ်ပါတယ်။

လှကျော်ဇော
၁၆-၉-၂၀၂၀။