Breaking News

မောင်နောင်မွန် - မှိုင်းပျပျစိတ်ရနံ့

 

မှိုင်းပျပျစိတ်ရနံ့

မောင်နောင်မွန် 

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၀

ကျနော်တို့တွေရူးရူးမိုက်မိုက်ကွဲခဲ့ပြဲခဲ့တဲ့အခြေအနေတွေ၊ အချိန်ကာလကိုအလျားလိုက်ဆွဲဆန့်ရင် ကူးခတ် တက်ခဲ့တဲ့နေ့ရက်တွေနဲ့ နေရီရီဟာ လင်းမှိန်ကျနေပြီ။ မော၊ ပန်း ၊နွမ်း၊ နယ်နေတဲ့စက္ကန့်အမှတ်တရတွေ၊ အရာရာကိုပစ်ချခဲ့ရမဲ့စိတ်ပင်ပန်းမှုနဲ့ စိတ်အဆာပြေမှုတွေ၊ ဒိုင်ယာရီဟာခပ်ဟဟအပြုံးနဲ့ လှောင်ရီနေမှုတွေ။ ဆေးလိပ်ငွေ့တွေဟာမှိုင်းကြပ်ခိုးတွေစွဲတဲ့ထိ တလိပ်ပြီး တလိပ်၊ စိတ်ထဲကသိမ်ငယ်စိတ်တွေနဲ့မနာလိုစိတ်တွေဟာ ဟိုးအတွင်းထဲကနေ ရုန်းထလာတယ်။ မသိစိတ်ထဲကအမှောင်တွေဟာ သေငင်ဇောမြောနေတဲ့လူရဲ့စိတ်ဝိညာဉ်ထဲဝင်လာတဲ့ ပယောဂတခုလို။ အချိန်မှန်မှန်ယင်းထလာမှုက ထိန်းထားတဲ့ကြားက ကြောက်ဖို့ကောင်းလာတယ်။

၁၉၇၅ ဇူလိုင် ၂၉

ဖော်ဝေးရဲ့ဒိုင်ယာရီထဲ အဲနေ့စွဲနဲ့စာမျက်နှာကိုထပ်ထပ်ခါခါဖတ်နေမိတယ်။ မိုးလယ်ရဲ့နေအပူဟာ ပူလောင်အိုက်စပ်နေတာပဲ။ ရူးသွပ်မှုတွေကပေါ်ပေါက်လာတဲ့ ပြောင်မြောက်တဲ့အနုပညာလက်ရာတွေ။ ကျနော်ဟာ အလိုမကျမှုအတော်များခဲ့တဲ့ကောင်ပဲ။ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်တဲ့အခါ လုပ်နိုင်တဲ့သူတွေကို မနာလိုလာတယ်။ မုဒိတာမပွားနိုင်ဘူး။ ရိုးသားတာလား၊ ဒါဟာစိတ်အာရုံထဲမှာ ဟန်ဆောင်မှုနဲ့ဖုံးလိုက်တယ်။ ကျနော်ရဲ့အလိုမကျမှုတွေဟာ ကျနော်ရဲ့ဘဝကိုအပြစ်တွေဖုံးလိုက်တယ်။ လစ်လိုက်တော့ကွာ လို့ တောက်ခေါက်ပြီး ကျနော်ခေါက်ထားလိုက်တဲ့ အပိုင်းအစတွေ။

"ဘဝမှာ အနိမ့်ဆုံးက ကဗျာဆရာဖြစ်ချင်တယ်။ အမြင့်ဆုံးကလဲကဗျာဆရာဖြစ်ချင်တယ်။... ပထမတန်းစားကဗျာဆရာမဖြစ်ရရင် ဒုတိယတန်းစားကဗျာဆရာမဖြစ်ချင်ဘူး။ ဘာမှမဖြစ်ရတာကမှ ကောင်းဦးမယ်''

ဒါဟာ ဖော်ဝေးရဲ့ ဒိုင်ယာရီထဲက စာသားတွေဟာ ခုန်ပေါက်ဝင်လာတယ်။ ဘာမှမဖြစ်မြောက်တဲ့အခါ ကျနော်ဟာ သေးမှိန်သွားတဲ့ပိုးစုန်းကြူးလား၊ ကြယ်တွေတော့ငေးနေရတယ်။ ဘာတွေလားကွာလို့အတွေးထဲခပ်ညစ်ညစ်နဲ့ စီးကရက်တွေတလိပ်ပြီးတလိပ်ဖွာရှိုက်နေမိတယ်။ ဒါတွေဟာ စိတ်ထွက်ပေါက်လား။

စိတ်ထွက်ပေါက်မဲ့နေတဲ့ခေတ်ပျက်ကြီးမှာ ကပ်ကြီးကြားထဲလူးလိမ့်နေရတာပဲ။ ကိုယ့်အကြောင်းကိုယ်တွေးရင် စိတ်ဟာခေတ်ကိုချဉ်လာတယ်။ ကိုယ့်ကိုယ်ကိုချဉ်လာတယ်။ ဘာမှအသုံးမကျတဲ့ဘွဲ့တခုရနိုင်တဲ့တက္ကသိုလ်တက်နိုင်ဖို့အရေး မြို့နယ်ထွေအုပ်ရုံးမှာ မျက်နှာငယ်နဲ့ထောက်ပံ့ကြေးလျှောက်ဖူးခဲ့တယ်။ အိမ်နောက်ကမြေကွက်နဲ့လဲခဲ့ရတဲ့ဘွဲ့လက်မှတ်ဟာ ဘာအသုံးကျလဲတွေးမိတယ်။ ကျောင်းတက်နေတုန်း ထောက်ပံ့ကြေးတွေလေးခုလောက်ယူပြီး ကိုယ်ပိုင်ကားနဲ့ကျောင်းတက်နေတဲ့သူတွေတွေ့ဖူးတယ်။ ဘာလဲ၊ စိတ်ဟာ ပေါက်ကရတွေတွေးရင်လေလာတယ်။ ကျနော်ရဲ့အတ္တဘောရုပ်ကြီးနဲ့ကျေနာ်ရဲ့အတွင်းစိတ်အဇ္စျတ္တဟာ လိုက်ဖက်ညီချင်မှညီမယ်။ ဒါဟာလည်း အက်တမ်တခုရဲ့ပရိုတွန်နဲ့အီလက်ထရွန်တို့ကြောင့်လဲ။ ဘာမှမဖြစ်တော့တဲ့အခါ ဘာကိုမှလဲ ထွေထွေထူးထူးကြိုးစားမနေချင်တော့ဘူး။ တွေးတယ်။ ငေးတယ်။ ဆွေးတယ်။ ပြီးတော့ နေရာပြောင်းတယ်။ အကြောင်းအရာပြောင်းတယ်။ တွေးတယ်။ ငေးတယ်။ ဆွေးတယ်။ ထပ်ခါတလဲလဲလုပ်နေမိတယ်။ ဒါကိုပဲကျွမ်းကျင်အဆင့်ရောက်သွားတဲ့အခါ ကျနော်ဟာ တဦးတည်းနဲ့ထိုင်ငေးနေတတ်တဲ့လူပျင်းတယောက်ဖြစ်လာတယ်။ တယောက်တည်းစစ်တိုက်နေတတ်တယ်။ တော်ပြီလေ။ ဒါဟာလွတ်လပ်နေတဲ့စိတ်ခံစားချက်ပဲ။ 

ဒါနဲ့ပဲကျနော်ဟာ ကဗျာဆရာဖြစ်ချင်ခဲ့တဲ့လူငယ်တယောက်။ ကဗျာဆီအရောက်သွားဖို့ ကျနော်မှာကဗျာဓာတ်ခံအားနည်းတာလား။ အနုပညာဓာတ်ခံမရှိတာလား။ ဒါနဲ့လွတ်ချလိုက်တဲ့ဖြစ်တည်မှုတွေ။ စိတ်ထဲမှာတော့ ကဗျာဆိုတာကြီးကိုခံစားချင်နေတုန်း။ ဖော်ဝေးရဲ့ဒိုင်ယာရီ စာအုပ်ကိုပိတ်ချလိုက်တယ်။ စိတ်ထဲမှာ မွန်းကြပ်ကြပ်နဲ့။ ကျနော်ဟာ ပင်လယ်ပြင်ကလှိုင်းတွေလိုပြန်သွားလိုက် ပြန်လာလိုက်နဲ့။ အတွေးသံသရာထဲတဝဲ လည်လည်နေတယ်။ မိုးသားကောင်းကင်ဟာမှိုင်းရီပြာဝေနေခဲ့။ 

စိတ်အစဉ်ဟာ ဖြာကျနေတဲ့မိုးသားတွေလို၊ ဝေးဝေးကိုမျှော်ရီလွမ်း၊ ဦးတည်ရာမရှိ။ တယောက်တည်းယှဉ်ပြိုင်တိုက်ခိုက်ရတာများလာတဲ့အခါကျတော့ နေ့နဲ့ညတွေပိုထူးလာတာလဲမရှိဘူး။ လွတ်လပ်တာလား၊ ချုပ်နှောင်ထားတာလားဆိုတာ အထီးကျန်နေသူတယောက်ရဲ့စိတ်ထဲမှာ အတူတူပါပဲ။

မောင်နောင်မွန်