Breaking News

မောင်စွမ်းရည် - ခင်သန္တာရေးတဲ့ဝတ္ထု - နှောင်ကြိုးမဲ့တွယ်ငြိခြင်း




မောင်စွမ်းရည် - ခင်သန္တာရေးတဲ့ဝတ္ထု - နှောင်ကြိုးမဲ့တွယ်ငြိခြင်း

(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၀

စာအုပ်ဝေဖန်ချက်

ရေးသူ - ခင်သန္တာ

စာအုပ်အမည် - နှောင်ကြိုးမဲ့ တွယ်ငြိခြင်း

ထုတ်ဝေသူ - ငါတို့စာပေ၊ ရန်ကုန်။

ထုတ်ဝေသည့်နှစ် - ၂၀၁၉၊ ဖေဖော်ဝါရီ၊ ပထမအကြိမ်

စာမျက်နှာ - ၁၅၄။

တန်ဖိုး - ၂၅၀၀ ကျပ်။


ရှစ်လေးလုံးကာလရဲ့နောက်ပိုင်းမှာ ကျွန်တော် ပြည်ပကို ရောက်နေလို့ မြန်မာစာအုပ်တွေ ဖတ်ရတာလည်း ကျဲသွားပြီး စာအုပ် ဝေဖန်စာရေးရတာလည်း ကျဲသွားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိက ရောက်နေသူ အတော်အတန် များတာကြောင့် ဗမာလူမျိုး လူကြုံတွေကတော့ သိပ်မနည်းပါ။ ဘာသာရေး၊ လူမှုရေး စီးပွားရေး၊ ပညာရေး စသဖြင့် အရေးကိစ္စမျိုးစုံနဲ့ ရောက်လာတတ်သူတွေ သိပ်မပြတ်လှပါဘူး။ ဗမာပြည်ကို လွမ်းသူတွေက ဗမာအစားအစာ၊ ဗမာအသုံးအဆောင်တွေ မှာယူကြရာမှာ စာနယ်ဇင်းများလည်း ပါလာတတ်ပါတယ်။ ဒါပေမဲ့ လူနေဖို့ တောင် ကျဉ်းကျဉ်းကျုတ်ကျုတ် နေကြရတာဆိုတော့ စာအုပ်ထားစရာ နေရာက ခက်ပါတယ်။ တချို့က ဖတ်ပြီး အမှိုက်ပုံထဲကို ရက်ရက်စက်စက် လွှင့်ပစ်လိုက်ကြပါတယ်။ တချို့က ဘုန်းကြီးကျောင်းကို လှူကြပါတယ်။ တချို့က ပထမတော့ ဘုန်းကြီးကျောင်းရဲ့ ဝတ္ထုတိုစာအုပ်တွေ လှူရမှာ လက်တွန့်တတ်ကြပါတယ်။ ဘုန်းကြီး မဖတ်လည်း လူတွေ ဖတ်ကြရတာပေါ့ ဆိုတော့မှ လှူလိုက်ကြတာ။ ဘုန်းကြီးကျောင်းမှာတောင် ထားစရာ မရှိလောက်ပါပဲ။ ကျောင်းသုံး သင်္ချာစာအုပ်တွေပါ လှူကြတာ။

ဒါနဲ့ မြို့နယ်စာကြည့်တိုက်ကြီးမှာ မြန်မာစာအုပ်စင် ထားပေးဖို့ မေတ္တာရပ်ခံတော့ ထားခွင့်ပြုပေးပေမယ့် စာအုပ်အသစ်မှ လက်ခံမယ်။ အသစ်မှာလည်း ကက်တလောက် ရေးပြီးသား ပါရှိမှတဲ့။ ကက်တလောက် ပါပြန်တော့လည်း အမေရိကန်က ကွန်ဂရက်စာကြည့်တိုက် နံပါတ်စဉ် ပါရှိမှတဲ့။ ဒါနဲ့ အရပ်သားတွေ လှူခွင့်မရတော့ဘဲ စာကြည့်တိုက်က သူ့ဖောက်သည်နဲ့သူ (ကော်မရှင်နှုန်းထားနဲ့ ဆိုလား) လက်ခံနေပါတယ်။

စာကြည့်တိုက် စတင်ခဲ့တဲ့ ကျွန်တော်တို့ စာအုပ်လှူရေးကိစ္စမှာ အနားကပ်ခွင့်မရတော့ပါ။ ကိုယ့် ဘုန်းကြီးကျောင်းနဲ့ပဲ ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်နေရပါတယ်။ ကျွန်တော် ဗမာပြည်ကို အလည်အပတ် ပြန်တော့ ပေးလိုက်ကြတဲ့ စာအုပ်တွေကို ဗမာပြည်မှာပဲ ဖတ်ပြီး ကျွန်တော်တို့ ကျေးရွာစာကြည့်တိုက်ကို လှူတန် လှူရပါတယ်။ တချို့ကို အမေရိကကို သယ်ယူခဲ့ရာမှာ လေယာဉ်ပေါ်မှာပဲ အပြီးဖတ်ဖြစ်တာလည်း ရှိရဲ့။ အိမ်ရောက်မှ ဖတ်ဖြစ်တာလည်း ရှိရဲ့. ခုတခေါက် ဗမာပြည်ကို သွားတော့ ရန်ကုန် စာအုပ်ဈေး၊ သံဈေးအပေါ်ထပ် Book Plaza ဆိုတာကို ဗိုလ်ချုပ်ကျော်ဇော ရာပြည့်ပွဲနွှဲရင်း ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ဦးဝင်းငြိမ်း(ကျားဘငြိမ်း သား)ရဲ့ ရွှေအမြုတေစာပေဆုပေးပွဲနဲ့လည်း တိုက်ဆိုင်လို့ နွှဲခဲ့ရပါတယ်။ ဆုပေးပွဲမှာ စာရေးဆရာအသစ် အဟောင်းတွေ အများကြီးနဲ့ ဆုံခွင့်ရလို့ ဝမ်းသာရပါတယ်။

စာပေဆုရှင်တဦးက အမျိုးသမီးငယ်တဦးပါ။ သူက ရွှေအမြုတေစာပေဆုကို ဆောင်းပါးနဲ့ ရရှိခဲ့ဖူးသူတဦးတဲ့။ ဆောင်းပါးရော၊ ဝတ္ထုရော ရေးရတာ တစ်မျိုးစီ ခက်ကြပေမယ့် ဆောင်းပါးက ဗဟုသုတ၊ အချက်အလက် တွေနဲ့ ရေးရတာဆိုတော့ ပိုပြီးခက်မယ် ထင်ပါတယ်။ ဝတ္ထုတွေ၊ ကဗျာတွေ ရေးနေသူက ကာယအလှမယ် တဦး ဖြစ်တဲ့အပြင် ‘မစ္စမြန်မာဂျင်းမ်’ အမည်နဲ့ အမျိုးသမီး အားကစားသင်တန်းတခုလည်း ဖွင့်ထားသူ ဖြစ်ပါသတဲ့။ သူက ကျွန်တော် ထိုင်နေတဲ့ ငါတို့စာပေ ဧည့်ခန်းထဲကို ဝင်လာပြီး ငါတို့စာပေ အမှတ်တံဆိပ်ပါတဲ့ စာအုပ်တအုပ်ကို လက်ဆောင်ပေးလာပါတယ်။ ရှေ့ဖုံး နောက်ဖုံးမှာ ဆင်းရဲသား အိမ်ငယ်လေးတလုံးရဲ့ ပန်းချီပုံ ပါရှိပါတယ်။

‘နှောင်ကြိုးမဲ့ တွယ်ငြိချင်း’- ခင်သန္တာ တဲ့။

ကျွန်တော်လည်း သူများပေးတဲ့ စာအုပ်လက်ဆောင်တွေနဲ့ ရောနှောယူခဲ့ပါတယ်။ အမေရိကကို ပြန်တော့ လေးလံတဲ့ စာအုပ်တချို့ကို ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး စာအုပ်ကလေးတချို့ပဲ ယူခဲ့ရာမှာ ခင်သန္တာရဲ့ စာအုပ်လည်း ပါလာပေမယ့် လေယာဉ်ပေါ်မှာ မဖတ်ဖြစ်ခဲ့ပါ။

မဖတ်ဖြစ်ခဲ့ရတဲ့ အကြောင်းက အမျိုးသမီးတယောက် ရေးတဲ့ အချစ်ဝတ္ထုတခု အောက်မေ့လို့ပါပဲ။ အိမ်ပြန် ရောက်လို့ အေးအေးဆေးဆေး ရှိတော့မှ ဖတ်ဖြစ်တာကလည်း အဖုံးက ဆင်းရဲသား အိမ်ပုံကလေးကြောင့် ပါပဲ။ ဆင်းရဲသားအကြောင်း ရေးမှ ဖတ်ချင်တာရယ်လို့ မဟုတ်ပါ။ အချစ်ဝတ္ထုလို့ ထင်မိတဲ့ စာအုပ်က ဆင်းရဲသား အိမ်လေးနဲ့ ဖြစ်နေလို့ပါ။ အမှာစာကလည်း မောင်စိန်ဝင်း(ပုတီးကုန်း)။ သူကလည်း ‘နှောင်ကြိုးမဲ့ တွယ်ငြိခြင်း’ ရဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါတယ်။

‘လိုချင်တပ်မက်မှု မပါသော သံယောဇဉ်ကိုး’တဲ့။

‘စက္ကူစွန်လေး အမြင့်မှာ ဝဲနေနိုင်အောင် ပို့ဆောင်ပေးတဲ့ ရစ်ဘီးကြိုး’တဲ့။

‘တောင်တက်သမားရဲ့ အသက်ကို ကယ်ဖို့ ခါးမှာ ချည်ထားတဲ့ ကြိုး’တဲ့။

မောင်စိန်ဝင်း မိတ်ဆက်ပေးတော့ ‘နှောင်ကြိုးဖြစ်ပြီး မငြိတွယ်၊ ငြိတွယ်ပြီး နှောင်ကြိုးမဲ့’ ဆိုတာကို တွေးကြည့်မိလာပါတယ်။ ဒါကြောင့် ဆက်ဖတ်ဖြစ်ပါတယ်။ ဇာတ်လမ်းအစလည်း မိန်းမပျိုရေး၊ ယောက်ျားပျိုရေးတွေနဲ့ စတင်တာ မဟုတ်ပါ။ မင်္ဂလာဆောင်ခန်းမမှာ သမီးနှစ်ယောက်ကြား အလှပြင်နေတဲ့ အမေအကြောင်းက စတင်ဖွင့်ထားလေရဲ့။

နောက်တစ်ခန်းကျပြန်တော့လည်း မုဆိုးမ မိခင်နှစ်ယောက်ရဲ့ သားနဲ့သမီးက စဖွင့်ပါတယ်။ ခပ်ပေပေ ကောင်လေးက ချိန်းခိုင်းလို့ သူ့ရည်းစား သူ့သူငယ်ချင်းမကို ချိန်းပေးတာ၊ သူငယ်ချင်းမက ချိန်းထားတဲ့ အချိန် လွန်နေလို့တဲ့။ ကောင်လေးက အောင်သွယ်ကောင်မလေးကိုပဲ ခိုးသွားတော့သတဲ့။ ဝတ္ထုရှည် ဆိုပေမယ့် စာမျက်နှာ ၂၀၀ မကျော်ဘူး။ ၁၅၀ ကျော်ရုံပဲ ရှိပါတယ်။ ဒါပေမဲ့ ဇာတ်ဆောင်တွေက လူကြီးလူငယ်တွေ အများကြီးပါ။

အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ဒေါ်အမာ၊ ယောက္ခမ၊ အစ်မ၊ ညီမ။ ညီအစ်ကို မောင်နှမ၊ တူ၊ တူမတွေက များလှတဲ့အပြင် ဟိန္ဒူကုလား၊ ဂေါ်ရင်ဂျီကုလား၊ ပုဏ္ဏား ဆိုတာတွေကလည်း ပါလိုက်ပါသေးတယ်။ စက်ရုံ မျိုးစုံနဲ့ စက်ရုံလုပ်သားမျိုးစုံ ပါလိုက်ပါသေးတယ်။ တပ်မတော် အထည်ချုပ်စက်ရုံက စက်ချုပ်သမ၊ စီးကရက်စက်ရုံက အလုပ်သမ၊ မှော်ဘီ ဘောလုံးစက်ရုံက အလုပ်သမ၊ ရော်ဘာစက်ရုံက အောက်ခြေဝန်ထမ်း။ သကြားလုံးစက်ရုံပိုင်ရှင်၊ သာကေတ အချိုရည်စက်ရုံ မန်နေဂျာ၊ ဆင်းရဲသားတွေ လုပ်ကိုင်ကြတဲ့ စက်ရုံတွေပါ။ သူတို့ သွားကြရတဲ့ ဆေးရုံ၊ ကျောင်း၊ အိမ်သာ၊ ရေချိုးခန်း၊ ရေပိုက်၊ ပျံကျဈေးတန်း၊ အိမ်နောက်ဖေးအဆွယ်၊ ဘုရားစင်အောက်က အိပ်ရာခင်း၊ စပါးစိုက်ခင်း၊ ရေရောင်းသူ၊ ဘော်တယ်ပုလင်းခွံ အိတ်ခွံရောင်းသူ၊ ကုလားမ ချက်တဲ့ သီးစုံပဲဟင်း၊ ဆင်းရဲသား မေးတဲ့ ဗေဒင်ဆရာမ။ အဲဒါတွေက ရန်ကုန် ဆင်းရဲသား အလုပ်သမားတွေရဲ့ ပတ်ဝန်းကျင်ပါ။ ကျူရှင်ဆရာ၊ ငါး စပါးစိုက်ပျိုး မွေးမြူသူ ဆိုတာတွေ ပါသလို နိုင်ငံခြားသွား အလုပ်သမား လုပ်ကြသူတွေ၊ လောင်းကစားလုပ်ကြသူတွေ၊ စိတ်ဓာတ်ကျပြီး ဘုန်းကြီးဝတ်သူတွေ၊ စိတ်ဓာတ်မကျဘဲ ဆွေမတော် မျိုးမတော် ကုလား ဗမာ မရွေးဘဲ နှောင်ကြိုးမဲ့ တွယ်ငြိကြသူတွေ။ လူတွေက များလွန်းပြီး နာမည်တွေက များ၊ အလုပ်တွေက စုံနေပေမယ့် မှတ်ထားစရာ မလိုပါ။ ဒီလိုပဲ တိုးဝှေ့နေကြ၊ ပြွတ်သိပ်နေကြတဲ့ ဆင်းရဲသား လောကပါ။

အဲဒီလိုနဲ့ လူတွေ၊ နေရာတွေ၊ နာမည်တွေ အများကြီးပေမယ့် အရေးကြီးသူက တယောက်တည်းပါပဲ။ မယောင်မလည်နဲ့ အိမ်ထောင်ကျ။ မယောင်မလည်နဲ့ ကလေးတွေ ရလာခဲ့ပေမယ့် သူ့ မယောင်မလည်နဲ့ ရလာခဲ့တဲ့ သူ့ခင်ပွန်းက ကလေး ၄ ယောက် ဆက်တိုက်မွေးစေခဲ့ပြီး တလျှောက်လုံး သူ့နားမှာ မရှိခဲ့ပါဘူး။ ဒီအမျိုးသမီးကြီးက အလုပ်မျိုးစုံ လုပ်တယ်။ ဆင်းရဲသား အလုပ်တွေပေါ့။ ဒီအမျိုးသမီးကြီးက ပင်ပန်းတယ်၊ ချို့တဲ့တယ်၊ ရောဂါတွေ ရလာတယ်။ ဆင်းရဲတဲ့ မိန်းမကြီးရဲ့ ဆင်းရဲသား အလုပ်တွေ၊ ဆင်းရဲသား အစားအသောက်တွေ၊ ဆင်းရဲသားရောဂါတွေ ဖြစ်ပုံအဆင့်ဆင့်နဲ့ သူ စားရတဲ့ ဆေးဝါးတွေကို စာရေးဆရာ မခင်သန္တာက အနုစိတ် ဖော်ကျူးနိုင်ပါတယ်။ ရောဂါအမည်၊ ရောဂါလက္ခဏာ၊ ရောဂါအဆင့်ဆင့်အတွက် ဆေးဝါးတွေ တင်ပြရေးသားသွားနိုင်ခဲ့ပါတယ်။ လူတွေ၊ နေရာတွေ၊ အလုပ်ကြမ်းတွေ ရောဂါအမျိုးမျိုးနဲ့ ဆေးဝါးတွေ။ ဒါတွေကို သဘာတကျကျနဲ့ ဆက်စပ်ရေးပြီး သရုပ်ဖော်သွားနိုင်တာ တွေ့ရပါတယ်။ ဇာတ်ဆောင်တွေ အများကြီး ပါဝင်ပေမယ့် သူ့အခန်းနဲ့သူ အကြမ်း အနု၊ အဝေး အနီး သရုပ်ဖော်သွားနိုင်တာ တွေ့ရပါတယ်။

တကယ်တော့ ခင်သန္တာရဲ့ ဝတ္ထုဟာ ဘဝသရုပ်ဖော်ဝတ္ထုမျိုးပါပဲ။ သားသမီး လေးယောက် ဆက်တိုက်မွေးပြီး ဖခင်က နိုင်ငံခြားကနေ ကောင်းကောင်းပြန်လှည့်မကြည့်ဘဲ ဒီသားသမီးလေးယောက်ကို ပြုစုပျိုးထောင်ရ တာပါ။ သားသမီးတွေက သူတို့ဘာသာ စာတော်ကြလို့ ဆယ်တန်းအောင်ကြပေမယ့် တက္ကသိုလ် မသွားနိုင်ကြလို့ ဖြစ်သလို စခန်းသွားရတယ်။ အိမ်နီးချင်းတွေက ဘာအကျိုးမှ မမျှော်လင့်ဘဲ ဆင်းရဲသားတို့ဘာဝ ဆင်းရဲသားတို့ ကူညီနည်းများနဲ့ပဲ ကူညီသွားခဲ့ကြပါတယ်။ နှောင်ကြိုးမဲ့ ငြိတွယ်ကြပြီး နှောင်ကြိုးမဲ့ ကူညီဖေးမသွားကြတာဟာ ဘဝတလျှောက်လုံးပါပဲ။

ဝတ္ထုမှာပါတဲ့ ကမာရွတ်မြို့နယ်ဟာ တက္ကသိုလ်နားနီးပေမယ့် ဆင်းရဲသားရပ်ကွက်လို့ ဆိုရမှာပါ။ အိမ်သာတို့၊ ရေပေးတဲ့စနစ်တို့ ပူးကပ်နေတဲ့ အိမ်ငယ်လေးတွေတို့၊ အိမ်သာလှည်းတို့၊ ပျံကျဈေးတို့ ဆိုတာ ကမာရွတ် ဆင်းရဲသားရပ်ကွက်ရဲ့ နောက်ခံကားအစစ် ဖြစ်ပါတယ်။

ကျွန်တော် တလျှောက်လုံး နေထိုင်ခဲ့တဲ့ ရပ်ကွက်ပါ။ တခြား စာဖတ်သူတွေထက် ကမာရွတ်ထဲမှာ နေထိုင်ခဲ့တဲ့ စာဖတ်သူတဦးအတွက် နှောင်ကြိုးမဲ့ တွယ်ငြိတဲ့ မြို့နေဆင်းရဲသား လူလတ်တန်း အောက်လွှာရဲ့ ဘဝကို မြင်သာ ထင်သာ ခံစားရပါတယ်။ စာမျက်နာနည်း၊ လူအမည်တွေများ၊ အလုပ်အကိုင်ဘဝ အထွေထွေ များပေမယ့် ကျွန်တော်တော့ ခံစားနားလည်နိုင်လိုက်ပါတယ်။

ခင်သန္တာ ဘဝသရုပ်ဇော် ဝတ္ထုတွေ ဆက်လက်ရေးသားနိုင်ပါစေ။

မောင်စွမ်းရည်

၂၀၂၀ မတ် ၂

နယူးယောက်