Breaking News

ဇင်လင်း - ရွေးကောက်ပွဲမတိုင်မီ တစ်ပြည်လုံး လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေး ကြေညာသင့်သည်



ဇင်လင်း - ရွေးကောက်ပွဲမတိုင်မီ တစ်ပြည်လုံး လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေး ကြေညာသင့်သည်

(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၀


မြန်မာနိုင်ငံသည် ပစ်ရင်းခတ်ရင်း ဆွေးနွေးရင်းဖြင့် နိုင်ငံရေး လမ်းဆုံလမ်းခွ တစ်ခုသို့ ရောက်လာပြန်ပြီ။ ယခု ရောက်ရှိနေ သည့် လမ်းဆုံသည် လမ်းဟောင်းနှင့် လမ်းသစ်တစ်ကျော့ ပြန်ဆုံရာအရပ်၌ ရှိနေသည်။ အဟောင်းလား၊ အသစ်လား၊ မည်သည့်လမ်းကို ရွေးချယ်လျှောက်လှမ်းမည် နည်းဟူသော မေးခွန်းနှင့် ကြုံနေရခြင်းဖြစ်သည်။ ယင်းမေးခွန်းကို ဖြေဆိုရ မည့်တာဝန်မှာ ယနေ့မဲဆန္ဒရှင် ပြည်သူလူထုဖြစ်နေသည်။ နည်းလမ်းမှာ ဒီမိုကရေစီ ရွေးကောက်ပွဲနည်းအရ ဖြေဆိုကြရ မည်ဖြစ်သည်။ လမ်းအဟောင်းအတိုင်း ပြန်လျှောက်မည်လား (သို့မဟုတ်) ဖေါက်လက်စ လမ်းအသစ်ကို ဆက်ဖေါက်ရင်း ဖက်ဒရယ်ပန်းတိုင်ဆီ ဆက်လျှောက်ကြမည်လားဆိုသည်ကို လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း ဖြေဆိုကြရပေလိမ့်မည်။ ရွေးကောက်ပွဲတွင် မဲပေးရန် ပျက်ကွက်သည့် နိုင်ငံသားတစ်ဦးအနေဖြင့် နောင် ပေါ်ပေါက်လာမည့် အစိုးရ၏ ကောင်းခြင်းဆိုးခြင်းကိစ္စများအပေါ် ဝေဖန်ပြောဆိုခွင့် ဆုံးရှုံးပေလိမ့်မည်။ ထိုသို့ မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးချင်လျှင် ၂၀၂၀ ရွေးကောက်ပွဲတွင် မပျက်မကွက် ဆန္ဒမဲပေးရန် တာဝန်ရှိပေသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလတွင် လူထုကိုယ်တိုင် အုပ်ချုပ်သည့် လူထုကိုယ်စားပြု အုပ်ချုပ်ရေး စနစ်မျိုး တည်ဆောက်မည်ဆိုပါက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မဖြစ်မနေ ဖြတ်သန်းရမည့် ဖြစ်စဉ် ဖြစ်သည်။ ဆန္ဒမဲပေးခွင့်ရှိသော ပြည်သူများ၏ ကိုယ်စားပြုမှုအာဏာ (Mandate)ကို ရွေးကောက်ပွဲမှတဆင့်တောင်းခံ ရယူ၍ အသုံးချရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အာဏာ (သို့မဟုတ်) ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို အသုံးချရန် လိုအပ်ပေသည်။ ပြည်သူလူထု အများစု၏ ကိုယ်စားပြုမှုအာဏာ (Mandate)ကို ရွေးကောက်ပွဲတွင် ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူကို အလုပ်အကျွေးပြုမည့် အစိုးရတစ်ရပ် ဖေါ်ဆောင်ပေးရလေသည်။ ကိုယ်တိုင် ဆန္ဒမဲပေး ရွေးချယ်လိုက်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အစိုးရမျိုးကို လိုချင်လျှင် ကိုယ်တိုင်မဲပေးရပေမည်။ ထိုသို့မဲမပေးခဲ့ပါက ပြည်သူမကြိုက်သည့် ပြည်သူကို ဖိနှပ်မည့် အစိုးရမျိုး ပေါ်ပေါက်လာလျှင် ကိုယ်ကိုယ်တိုင်လည်း တာဝန်မကင်းဟု ဆိုရမည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိလက်ထဲ၌ ရှိသည့် Mandate အခွင့်အာဏာကို မှန်ကန်စွာအသုံးချရန် လိုအပ်သည်။ လတ်တလောကာလတွင် လာမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲ မပေးရေးလှုပ်ရှားမှု (No Vote Campaign) ကို လူပုဂ္ဂိုလ် အဖွဲ့ အစည်းအချို့က ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ တစ်နည်းအားဖြင့် နိုင်ငံသားတို့၏ ဆန္ဒမဲပေးပိုင်ခွင့် ကို အလဟဿဖြစ်စေရန်နှင့် ဒီမိုကရေစီအနှစ်သာရကို တန်ဖိုးမဲ့စေရန် ကြံစည်နေကြခြင်းဖြစ်သည်။ အစိုးရတစ်ရပ်၏ အာဏာ ကို ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက်စေရန် သမိုင်းအဆက်ဆက် ပြည်သူတို့၏ အသက်သွေးချွေးများစွာဖြင့် တည် ဆောက်ခဲ့ရခြင်းဖြစ်သည်။ ဆန္ဒမဲ မပေးရေးလှုပ်ရှားမှုဖြင့် ပြည်သူတို့အား လမ်းလွဲစေရန် မှိုင်းတိုက်နေသူများသည် အာဏာရှင်လူတစ်စု၏ လက်ကိုင်တုတ်များဖြစ်သည်။ တိုင်းပြည်ကို အာဏာရှင်အုပ်စု၏ လက်သို့ ပြန်လည် ရောက်ရှိစေ ရန်အတွက် No Vote Campaign လုပ်ကြသည်ကို သာမန်ပြည်သူအများ သတိထားမိကြပေသည်။

No Vote Campaign လုပ်ကြမည့်သူများအနေဖြင့် အထူးသတိပြုရမည့် အချက်မှာ ယနေ့ရရှိထားသော ပြည်သူလူထု၏ ဆန္ဒမဲပေးပိုင်ခွင့်ဆိုသည့် အခွင့်အရေး (The Right to Vote) သည် ပျော်စေပျက်စေသဘောအရ ရရှိထားခြင်းမဟုတ်။ သမိုင်းစဉ်ဆက် ပြည်သူများစွာ၏ သွေးချွေးများနှင့် အရင်းအနှီးပြု ရရှိထားသည့် အခွင့်အရေးဖြစ်သည်။ မိမိလက်ဝယ် ရရှိထားသော တန်ဖိုးမဖြတ်နိုင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ကို အကျိုးရှိစွာ အသုံးမပြုတတ်ပါက သမိုင်းတန်ဖိုးကို မသိသူ လူ့အန္ဓအဖြစ် သတ်မှတ်ခံရနိုင်သည်ကို သတိပြုစေချင်သည်။

ယင်းသို့ အများပြည်သူ ဆန္ဒမဲ မပေးရေးလှုပ်ရှားမှုအပေါ် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ဝေဖန်ခဲ့ကြသည်ကို တွေ့ နိုင်သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေချိန်ဖြစ်၍ ရွေးကောက်ပွဲတွင် ပြည်သူများ တက်ကြွစွာ မဲပေး သင့်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များက တိုက်တွန်းလျှက်ရှိသည်။ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်းကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေး ကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဃ) တွင် ပြဋ္ဌာန်း ထားကြောင်း သိရသည်။

ပြည်သူများကို မဲမပေးရေး စည်းရုံးသည့် လှုပ်ရှားမှုသည် အာဏာရှင်ကျားသေကောင်ကို ပြန်လည်အသက်သွင်းလိုသည့် လူပုဂ္ဂိုလ်(သို့မဟုတ်) အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲ၌ မဲပေးခြင်းသည် နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဖြစ်၍ မဲမပေးဘဲ ဝေဖန်မှု ပြုလုပ်မည်ဆိုပါက တာဝန်မဲ့ရာရောက်သည်ဟု ပြောကြားထားသည်။

အစိုးရပိုင်းမှ တာဝန်ရှိသူတို့ကလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြေညာရာ၌ မဲစာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်တွင် အမှန်တကယ် ကြုံတွေ့ရသည့် အခက်အခဲများကို သိရှိအောင် လုပ်နေကြကြောင်း သိရသည်။ အစိုးရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကလည်း သက်ဆိုင်ရာဌာနများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ် ၍ ကွင်းဆင်းစစ်ဆေး ကြည့်ရှုလျှက်ရှိကြောင်း သတင်းများက ဆိုသည်။ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးနိုင်ရေး နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာ၌ ကြုံတွေ့ရ သော အချက်အလက် မပြည့်စုံမှုများနှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းလျက်ရှိသည်ဟု သိရသည်။ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကြေညာရာ၌ ပိုမိုပြည့်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ ကြိုးပမ်းနေသည်ဟု ဆိုသောကြောင့် အပြီးသတ် မဲဆန္ဒရှင် စာရင်းများ ထွက်ရှိလာချိန်တွင် အမှားအယွင်းနည်းပါးသွားလိမ့် မည်ဟု မျှော်လင့်ရပေသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား သြဂုတ်လ ၁၁ ရက်နေ့၌ နေပြည် တော်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မဲပေးပိုင်ခွင့်သည် နိုင်ငံသူ နိုင်ငံသား တစ်ယောက် အတွက် အကြီးမားဆုံး အခွင့်အရေးတစ်ခုဖြစ်၍ အလွန်တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် အရေးကြီးသည့် တာဝန်တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တာဝန်ကို ထမ်းဆောင်နိုင်ရန်နှင့် မဲဆန္ဒပေးပိုင်ခွင့် အခွင့်အရေးကို ရရှိစေရန် ကူညီပေးရမည်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းအားလုံးသည် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသူ နိုင်ငံသား တစ်ဦးတစ်ယောက်မကျန် မဲပေးပိုင်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးရမည်မှာ ပထမ တာဝန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိရင်ဆိုင်နေရသည့် အကြီးဆုံးစိန်ခေါ်မှုမှာလည်း နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရရှိပြီး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် မဲပေးနိုင်ရန် အခြေအနေများကို ဖန်တီးပေးရမည့် ကိစ္စဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

လုံလုံခြုံခြုံဟု ဆိုရာ၌ ကျန်းမာရေးကို အဓိကထား ပြောခြင်းဖြစ်သည်ဟု ဆိုသည်။ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် မဲပေး နိုင်ရန် အခြေအနေများကို ဖန်တီးပေးရမည့်တာဝန်သည် နိုင်ငံတော်၏ တာဝန်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်လည်း ဖြစ် သည်။ ယင်းသို့ တာဝန်ယူဆောင်ရွက်ပေးခြင်းမှာ ဒီမိုကရေစီ ပြည်ထောင်စု၏ အခြေခံအုတ်မြစ်ချနိုင်ပြီဟု ပြသသည့် သဘော ဖြစ်သည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် မိမိတို့ ၏ ရပိုင်ခွင့်များကို ရရှိခြင်း၊ မိမိတို့၏တာဝန်ကို ကျေပွန်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အကောင်းဆုံးပုံရိပ်ကို ဖော်ညွှန်းခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသကြီးများ၏ တာဝန်ရှိသူများအနေဖြင့် ယခု အခွင့်အရေးကို ပြည်သူများ ရရှိစေရန် နှင့် ပြည်သူများ တာဝန်ကျေနိုင်အောင် ကြိုးစားပေးကြရန် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် စုပေါင်းအင်အားနှင့် ဆောင်ရွက်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သောကြောင့် လက်ရှိ အစိုးရ၏ မူဝါဒများထဲ တွင် အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်းထည့်သွင်း ပြောကြားပြီး၊ အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ မတူကွဲပြား သော အမြင်များ၊ အယူအဆများနှင့် တန်ဖိုးများကို သဟဇာတ ဖြစ်အောင် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်းများ၌ ဖေါ်ပြခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ ဇွန်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်၌ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်းနှင့် မိုင်းမောမြို့နယ်များ) တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ဆိုသည်။ အထူးသဖြင့် စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်လည်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ရခိုင်ပြည်နယ် မဲဆန္ဒနယ်များအပါအဝင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၃၃၀ တွင်လည်းကောင်း၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် (၁၆၈) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၆၄၄) နယ် တွင်လည်းကောင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ဇွန်လ ၂၉ ရက် ထုတ်ပြန်ချက်၌ ပါရှိသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအပါအဝင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးတွင် ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် ပြောသည်။ တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိသော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လွတ်လပ်မှု လုံခြုံမှု ရှိ/မရှိ၊ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ ရှိ/မရှိ ဆိုသည်ကို ဆန်းစစ်နိုင်ရန် အစိုးရအဖွဲ့က သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို အတတ်နိုင်ဆုံး ကြိုးပမ်း၍ စီစဉ် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ဇူလိုင် ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ကျင်းပရန် ‘အစိုးရ’ သို့မဟုတ် ‘ရွေးကောက်ပွဲကော်မရှင်’ အနေဖြင့် ရက္ခိုင့် တပ်တော် AA နှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည်ဟု AA အဖွဲ့က BBC သို့ပြောခဲ့ဖူးသည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နယ်မျှ မကျန်ရစ်စေဘဲ ဆန္ဒမဲပေးနိုင်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး အမြော်အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်သင့်သည်။ ပြည်သူအားလုံးပါ၀င် ဆန္ဒမဲပေးခွင့်ရရှိစေမည့် ရွေးကောက်ပွဲများ ကျင်းပ နိုင်ရေးအတွက်သက်ဆိုင်သူ(Stakeholder) အားလုံး၏ စိတ်ရှည်ရန်လိုသည်။ ထိုမျှမက အမြင်ကျယ်မှု၊ ဖြေလျှော့မှု၊ အပြန် အလှန် လိုက်လျောမှု နှင့် ဒီမိုကရေစီမူအရ တန်းတူသဘောထားမှု စသဖြင့် လိုအပ်သည်။ မတူကွဲပြားသည့် အမြင်များကို ဆွေးနွေးညှိနှိုင်း အဖြေရှာရေး (Dialogue)နည်းလမ်းများ ဖြင့် လက်တွဲဆောင်ရွက်နိုင်ဖို့လိုသည်။ သို့မှသာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး အလားအလာ ကောင်းမည်။ နိုဝင်ဘာ(၈) အထွေထွေ ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ်အားလုံးတွင် မဲဆန္ဒရှင်များ စိုးရိမ်ထိတ်လန့်မှု မရှိဘဲ ဆန္ဒမဲပေးနိုင်ကြရေးအတွက် အစိုးရနှင့် တပ်မတော်တို့က တစ်နိုင်ငံလုံး ယာယီ မျှဖြစ်စေ အပစ်အခတ်ရပ်စဲရေး ကြေညာပေးမှ ဖြစ်မည်။ လက်ရှိ ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားရာ နေရာများကို ချန်လှပ်၍ အပစ်ရပ်ကြေညာခြင်းမျိုးသည် အလုပ်ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရေရှည်အမြင်ဖြင့် တစ်ပြည်လုံး လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲများကို ကြိုဆိုအားပေးသင့်သည်ဟု သုံးသပ်မိပါသည်။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၂၉၊ ၁၀- ၉- ၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။