Breaking News

ဆန်ဖရန်ဘေးဧရိယာ ကောင်းကင်တခွင် ရဲရဲနီ






 

ဆန်ဖရန်ဘေးဧရိယာ ကောင်းကင်တခွင် ရဲရဲနီ

(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၀

လွန်ခဲ့တဲ့ ရက်သတ္တပတ် ၃ ပတ် ကတည်းက တောက်လောင်ခဲ့တဲ့ တောမီးများကြောင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာတခွင် ကောင်းကင်ပြင်မှာ မီးခိုးများ ပြန့်နှံနေခဲ့ပါတယ်။ တစစများပြားလာတဲ့ မီးခိုးများဟာ နေရောင်ကို ပိတ်ဆို့နေတာ ကောင်းကင်တခုလုံး လိမ္မော်ရောင်ဖြစ်နေပြီး မှောင်မိုက်နေပါတယ်။ မီးခိုးများက အမြင့်ပေ ထောင်ချီတဲ့ အမြင့်ကနေ ပြန့်ကျဲမသွားပဲ ပိတ်ခဲနေတာကြောင့် ကောင်းကင်မှာ အနီ၊ လိမ္မော်၊ အဝါရောင် အသီးသီးနဲ့ ဒေသအနှံ့မှာ မှိုင်းနေတယ်လို့ သိရပါတယ်။


အခုချိန်မှာ မြောက်ပိုင်းကနေ တိုက်ခတ်လာတဲ့ သဘာ၀လေဟာ မီးခိုးတွေကို ပင်လယ်ပြင်ဆီကို ပြန့်နှံသွားစေမှာ ဖြစ်ပေမယ့် လက်ရှိ ၁ ရက် ၂ ရက်အတွင်းမှာ လေအရှိန်လျော့သွားတာကြောင့် မီးခိုးမှိုင်းတွေဟာ လက်ရှိဘေးဧရိယာကောင်းကင်ပြင်မှာ ပိတ်ဆို့ပြီး ကျန်ရစ်တယ်လို့ မိုးလေဝသသမားတွေက မှတ်ချက်ပေးပါတယ်။ နေရောင်က ထိုးဖောက်မနိုင်တာကြောင့် မှိုင်းသော အရောင်ဖြင့် ကောင်းကင်ဟာ ကျန်ရစ်တယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယားအထက်က ဩရီဂွန်ပြည်နယ်အောက်ပိုင်း ကယ်လီဖိုးနီးယားအစပ်မှာလည်း တောမီးများ တောက်လောင်နေပါတယ်။ တောမီးတွေကလည်း နေရာအသစ်တွေမှာ ထပ်လောင်နေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၉ ရက် တနေ့လုံး နေ့အလင်းမဲ့တဲ့ ညမှောင်ကျနေသလိုမျိုး ဖြစ်နေပါတယ်။ ကယ်လီဖိုးနီးယားမှာ နေလာတာ အနစ် ၆၀ ရှိပြီ ဒါမျိုး မကြုံဖူးဘူးလို့ ဘေးဧရိယာက လူကြီးအချို့က သတင်းမေးမြန်းခန်းတွေမှာ မှတ်ချက်ပေးကြပါတယ်။

(ဓာတ်ပုံ - နိုင်(ဟေးဝဒ်))