Breaking News

အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုက အလုပ်ဖြစ်မလား


မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၊ ၂၀၂၃ 


အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုက အလုပ်ဖြစ်မလား 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုးစဥ်းစားရာမှာ တခုကတော့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုက ဒီမိုကရေစီ အပြောင်းအလဲတွေ အတွေ့အကြုံရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတယောက်ကို စေလွှတ်ပြီး နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ လမ်းစရှာမယ့် သဘောမျိုးတွေ့ရပါတယ်။ 

ဘယ်တော့ စေလွှတ်မယ်ဆိုတာတော့ အသေးစိတ် ထုတ်ဖော်မပြောဆိုသေးပေမယ့် မကြာခင် သီတင်းပတ်တွေမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာခင် ရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဆွေးနွေးပွဲတွေမှာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံဟာ မြန်မာ့အရေး ဖြေရှင်းဖို့ တခုတည်းအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့ မဟုတ်ကြောင်း မှတ်ချက်စကား၊ မြန်မာ့အရေး ဖြေရှင်းရာမှာ ကြေညာချက်တွေ ထုတ်နေရုံမျှနဲ့ ပြဿနာပြေလည်သွားမှာ မဟုတ်တဲ့အကြောင်း စတဲ့ မှတ်ချက်စကားတွေ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ 

ပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးအပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီတွေ  ခွင့်ပြုမယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုတွေ စနိုင်တဲ့ အဓိကသော့ချက် ဖြစ်လာမယ်လို့လည်း ပြောဆိုပါတယ်။ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုမျိုး လိုအပ်တယ်လို့လည်း အာဆီယံ အစည်းအဝေးမှာ ဆွေးနွေးကြပါတယ်။ သက်ဆိုင်သူ အားလုံး ဆိုတဲ့အတွက် စစ်ကောင်စီလည်း ပါသလို NUG, PDF စတဲ့အင်အားစုတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ 

အကြမ်းဖက်မှုတွေ ရပ်တန့်ရေးလို့ဆိုရာမှာ အကြမ်းဖက်မှု အများစုကို ကျူးလွန်တဲ့ နိုင်ငံကို အုပ်ချုပ်နေတယ်ဆိုတဲ့ State actor စစ်ကောင်စီကိုပဲ အဓိက ဆိုလိုသလား၊ ဒါတင်မက လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ရည်ညွှန်းသလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ သံတမန်စကားအရ ဘယ်သူဘယ်ဝါပါ တိုက်ရိုက် မရည်ညွှန်းတဲ့ သဘောမျိုးလား မသိနိုင်ပေမယ့် ဖမ်းဆီးမှု ဥပဒေမဲ့ သတ်ဖြတ်မှု၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အသက်ဆုံးရှုံးရမှု၊ တဖက်ကို ထောက်ခံမှု သတင်းပေးမှုနဲ့ စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်မှုတွေအထိပါ ရည်ညွှန်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

မြန်မာ့အရေးကိစ္စမှာ အကြမ်းဖက်မှု ဆိုတဲ့စကားလုံးက ယေဘုယျဆန်ဆန် သုံးစွဲကြတဲ့ စကားလုံးဖြစ်ပြီး အင်္ဂလိပ်ဘာသာအရ violence နဲ့ terrorism ဆိုတဲ့ အသုံးအနှုန်း ၂ ခုစလုံးကို  မြန်မာဘာသာ ပြန်ဆိုကြရာမှာ အကြမ်းဖက်မှုလို့သာ ရောပြီးပြန်ဆိုကြတာလည်း တွေ့ရပါတယ်။ အကြမ်းဖက်လုပ်ရပ်၊ အကြမ်းဖက်ဝါဒ လို့ဆိုရင်တော့ terrorist act, terrorism လို့ ဆိုလိုတဲ့သဘောဖြစ်ပြီး violence ဆိုတာကတော့ အကြမ်းဖက်မှုဆိုတာထက် အင်အားနဲ့ အနိုင်ယူ၊ ဖြိုခွဲ၊ တိုက်ခိုက်တဲ့ သဘော ပိုဆောင်တာလည်း ဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံထံမှ အလှည့်ကျတာဝန်လွှဲယူခါစတုန်းက မှတ်ချက်ပေး ပြောဆိုမှုတွေနဲ့ တလကျော်အကြာမှာ ပြောဆိုတဲ့ မှတ်ချက်စကားတွေက လက်တွေ့ အဖြေရဖို့ စဥ်းစားမှုကို အခြေပြုပြီး အနည်းငယ် ပြောင်းလဲလာတဲ့ သဘောတွေ့ရတာ ဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ သမ္မတဖြစ်သူ ဂျိုကိုဝီဒိုက စစ်ဗိုလ်ချုပ်ကြီး တယောက်ကို သံတမန်သဖွယ် စေလွှတ်မယ့် အစီအစဥ်က တခြားသောအာဆီယံ အလှည့်ကျ တာဝန်ယူတဲ့နိုင်ငံတွေ မကြိုးစားဖူးသေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့တော့ ထိုင်းစစ်တပ် ခေါင်းဆောင်တွေအနေနဲ့ အာဆီယံအနေနဲ့ မဟုတ်ဘဲ စစ်ကောင်စီနဲ့ ပုံမှန် ဆက်ဆံရေးရှိနေတာ ဖြစ်ပါတယ်။ မကြာသေးမီကတင် ထိုင်းစစ်ဦးစီးချုပ်နဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တို့ ရခိုင်ပြည်နယ် ငပလီကမ်းခြေ ဟိုတယ်မှာ တွေ့ဆုံ အစည်းအဝေးလုပ်ခဲ့ကြသေးတာ ဖြစ်ပါတယ်။ အခု အင်ဒိုနီးရှားနိုင်ငံက ကြိုးစားကြည့်မယ့် နည်းလမ်းတခုဖြစ်တဲ့ စစ်ဗိုလ်ချုပ်အချင်းချင်း ဆွေးနွေးဖျောင်းဖျမယ့် ကြိုးပမ်းမှုက ဘာရလဒ် ထွက်လာနိုင်မလဲ။ 

အနောက်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ မပြတ်တဲ့ အင်ဒိုနီးရှားနိုင်ငံ စစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ရှုမြင်ပုံ စဥ်းစားပုံ အမြော်အမြင် မတူကြတဲ့ အချက်ကလည်း မေ့ထားလို့မရတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေက စစ်အာဏာရှင်စနစ် အမြစ်တွယ်တဲ့ နိုင်ငံဖြစ်ပြီး ကွန်မြူနစ်နိုင်ငံက စစ်ဗိုလ်ချုပ်တွေလို စစ်အာဏာရှင် လက္ခဏာအပြည့်အဝရှိတဲ့နိုင်ငံက စစ်ဗိုလ်ချုပ်တွေနဲ့ သဘောသဘာဝချင်း တူပြီး တဖက်နဲ့တဖက် ရင်ဆိုင်ကြရာမှာ နောက်ဆုံး အသက်သေသည်အထိ အလျှော့မပေးဘူးဆိုတဲ့ ရပ်တည်ချက်မျိုး ရှိကြသူတွေ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဆယ်စုနှစ် တခုအတွင်းမှာလည်း နိုင်ငံရေးသမားတွေကို ပခုံးချင်း ယှဥ်ဖို့ ကြိုးစားခဲ့ကြကာ အဲဒီနောက် စစ်အာဏာသိမ်းမှု ၃ ကြိမ်နဲ့ ဆယ်စုနှစ် ၅ ခုကျော် ၆ ခုလောက် နိုင်ငံရေးအာဏာရယူထားခဲ့ကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်ကြီးက နားလည်အောင် ရှင်းပြစည်းရုံးနိုင်မလား ဆိုတာတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar